၂။ အရေပြားပြဿနာတွေ
မီးလောင်တာ၊ အပူလောင်ခံရပြီးနောက်မှာ အရေပြားတွင်းမှာ ရှိတဲ့ ချွေးဂလင်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်မိတဲ့အတွက်ကြောင့် ကောင်းစွာ အလုပ်မလုပ်တော့တာမျိုးတွေလည်း ရှိပါတယ်။ တခြားပြဿနာအနေနဲ့ ဓာတ်ရောင်ခြည်သင့်တာ၊ အရေပြားထဲ ရောဂါပိုးဝင်တာ၊ အရေပြားရောင်ရမ်းတာ၊ ဆိုရီယေးစစ်အရေပြားပြဿနာ (Psoriasis) ၊ ကိုယ်ခံအားစနစ်က အရေပြားတစ်သျှူးတွေကို မှားယွင်းပြီး တိုက်ခိုက်တဲ့ရောဂါ (Scleroderma) စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကြောင့်လည်း ချွေးငုပ်နိုင်ပါတယ်။
၃။ သောက်ဆေးတွေကြောင့်
တချို့သော ဆေးဝါးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ချွေးထွက်နည်းသွားတာအပြင် လည်ချောင်းနာတာ၊ ခံတွင်းခြောက်တာတွေ ဖြစ်တတ်ပါတယ်။
၄။ မျိုးရိုးဗီဇ
ချွေးဂလင်းတွေ အလိုအလျောက်ပျက်စီးနေတဲ့ မိဘမျိုးရိုးက မွေးလာတဲ့ ကလေးဆီ ပါလာတာပါ။ မွေးလာကတည်းက ကလေးမှာ ချွေးဂလင်း နည်းနည်းပဲ ပါလာတာ ဒါမှမဟုတ် လုံးဝမပါလာတာမျိုးတွေလည်း ရှိပါတယ်။
ချွေးငုပ်ခြင်းကို သိစေတဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
၁။ တခြားလူတွေ ရာသီဥတုဒဏ်ကြောင့် ချွေးအလွန်အကျွံထွက်နေချိန် ကိုယ်က ချွေးလုံးဝမထွက်တာ
၂။ ခေါင်းက မူးဝေနေတာ
၃။ ကြွက်သားတွေ အားမရှိတာ သို့မဟုတ် ကြွက်တက်တာ
၄။ ကိုယ်တွင်းအပူရှိန်ကြောင့် မျက်နှာက နီရဲနေတာ
၅။ တစ်ကိုယ်လုံး ပူစပ်ပူလောင် ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။
ဒါ့ပြင် ရောဂါအခံတစ်ခုခုကြောင့် ချွေးမထွက်တာဆိုရင် အဲ့ရောဂါရဲ့ လက္ခဏာတွေပါ တွဲပြီး တွေ့ရမှာ ဖြစ်ပါတယ်။
ဆရာဝန်နဲ့ ဘယ်အချိန်မှာ ကုသသင့်ပြီလဲ။
ရာသီဥတုက ဘယ်လောက်ပူပူ ကိုယ်က ချွေးလုံးဝမထွက်ဘူးဆိုတာ သိပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီး ကိုယ့်ရဲ့ ရောဂါအခြေအနေကို စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်ကနေ ပူနေတဲ့အချိန် ချွေးဘယ်လောက်ထွက်သလဲ၊ ကိုယ်ခန္ဓာရဲ့ ဘယ်အစိတ်အပိုင်းက ချွေးထွက်တာလဲ အစရှိသည်တို့ကို စစ်ဆေးခြင်း၊ ပုံမှန်လူတွေမှာ ချွေးထွက်စေလောက်တဲ့ အပူခန်းအတွင်းမှာ ဝင်စေပြီး စမ်းသပ်ခြင်း၊ အရေပြားဆဲလ်တချို့ကို အနုကြည့်မှန်ပြောင်းအောက်မှာ ဓာတ်ခွဲစစ်ဆေးခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ စတင်စစ်ဆေးမှာပါ။
ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုတည်းကသာ ချွေးငုပ်တာဆိုရင်တော့ သိပ်ပြီး ပြဿနာမရှိတဲ့အပြင် အရေးမကြီးဘူးဆိုရင် မကုဘဲနေချင်နေလို့ရပါတယ်။ တခြားရောဂါအခံကြောင့် ချွေးငုပ်တာဆိုရင်တော့ ရောဂါကို အမြစ်ပြတ်အောင် ကုသဖို့၊ ထိန်းချုပ်ကုသဖို့ လိုအပ်ပါတယ်။ သောက်ဆေးတွေကြောင့် ဖြစ်တာဆိုရင်တော့ ဆရာဝန်အနေနဲ့ တခြားဆေးကို ပြောင်းပြီးညွှန်းပေးတာ သို့မဟုတ် ဆေးကို လျှော့သောက်ဖို့ ပြောပါလိမ့်မယ်။
ဒီလက္ခဏာမဖြစ်အောင် ကာကွယ်လို့ ရလား။
ချွေးငုပ်တဲ့ ပြဿနာဆိုတာ ကာကွယ်လို့ ရတဲ့ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ဒီလက္ခဏာရှိတယ်ဆိုတာ သေချာပြီဆိုရင်တော့ ကိုယ်တွင်းအပူမကြီးစေဖို့ လုပ်လို့ရတဲ့ နည်းလမ်းတချို့ရှိပါတယ်။
၁။ ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်တွေကို ဝတ်ဆင်ပေးရပါမယ်။
၂။ အင်္ကျီအရောင်ကို အရောင်တောက်တာ၊ အမည်းရောင်တွေထက် နေရောင်ခြည်ကို ကာထုတ်ပေးနိုင်တဲ့ အရောင်ဖျော့ဖျော့လေးတွေ ဝတ်ပေးတာပိုကောင်းပါတယ်။
၃။ ပူနေတဲ့အချိန်ဆိုရင် အဝတ်အစားတွေ အများကြီး မဝတ်ပါနဲ့။
၄။ တတ်နိုင်ရင် ပူလွန်းတဲ့နေ့တွေမှာ အိမ်ထဲမှာပဲ နေပါ။
၅။ ချွေးမထွက်တာကြောင့် ကိုယ်တွင်းမှာ ငုပ်နေတဲ့အပူတွေကို ကျစေဖို့ အပြင်ကနေ ယပ်တောင်ခပ်ပေးတာ၊ ရေများများသောက်တာ၊ အရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာဖြစ်ဖြစ် လုပ်ပေးလို့ ရပါတယ်။
ချွေးငုပ်တယ်ဆိုတာ မကုသဘဲ ပစ်ထားလိုက်ရင် အချိန်ကြာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့် အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ ကိုယ့်မှာ ရှိတယ်ဆိုတာ သေချာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပေးလိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။