backup og meta

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

    တကယ်မရှိတဲ့ အသံ တွေ၊ သူများမကြားတဲ့ အသံတွေကို ကြားနေရတာ ကိုယ်တစ်ယောက်တည်းဆိုရင် ဒါဟာ ကိုယ့်မှာ ပြဿနာ တစ်ခုခု ရှိနေတာပါ၊ ဒါကို ဆေးပညာအရ Auditory hallucination လို့ ခေါ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အတော်များများက ကြားရတယ်။ ကြားတဲ့သူတွေကလည်း စိတ်ကျန်းမာရေးချို့တဲ့မှု မရှိတဲ့ လူကောင်းတွေပဲ ဆိုရင်တော့ ဒါဟာ ရောဂါလို့ ပြောဖို့ ခက်နေပါပြီ။ ဘာကြောင့်များ လူတွေက အသံတွေကို စွဲလမ်းပြီး ကြားနေရတာလဲ။

    တကယ်မရှိတဲ့ အသံ တွေကို ကြားနေရတာက

    ဒါကို Earwormsလို့ ခေါ်ပါတယ်။ အသံတစ်ခုခုကို စွဲပြီး ထပ်ကာထပ်ကာ ကြားနေရတဲ့ အခြေအနေပါ။ အများစုက သီချင်းတွေကို ပြန်ကြားတာ များပါတယ်။ တခြားအသံတွေကိုလည်း ကြားတာမျိုးလည်း ရှိပါတယ်။ ဒီလို ထပ်ကာထပ်ကာ ကြားနေရပေမယ့် အများစုက စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် မခံစားရပါဘူး။ သုံးပုံတစ်ပုံလောက်ကပဲ စိတ်ထဲမှာ စွဲနေတဲ့အတွက် စိတ်ညစ်ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သူတို့မကြိုက်တဲ့ အသံတွေ၊ သီချင်းတွေ ဖြစ်နေရင် ပိုဆိုးပါတယ်။

    Earworms  အသံ တွေကို ကြားစေတဲ့ အကြောင်းအရင်းတွေက

    အသံတစ်ခုခုကို စွဲပြီး ကြားနေဖို့အတွက်ဆိုရင် ဦးနှောက်မှာရှိတဲ့ စိတ်ခံစားချက်ကို လက်ခံတဲ့နေရာ၊ မှတ်ဉာဏ်၊ အတွေး စတာတွေ ပါဝင်ရပါတယ်။ သင်စိတ်ထဲမှာ ပျော်နေတဲ့အချိန်မှာလည်း ပြန်ပေါ်လာနိုင်သလို (တချို့တွေ ပျော်တဲ့အချိန်မှာ သီချင်းညည်းတဲ့အခါ ကိုယ်ကြားနေကျ သီချင်းကို ညည်းသလိုမျိုး) စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘဲ တွေးချင်ရာ တွေးနေတဲ့အချိန်မှာလည်း ဒီအသံတွေက အာရုံထဲမှာ ပြန်ပေါ်လာတတ်ပါတယ်။

    ခေါင်းထဲမျာ ဒီအသံနဲ့ ပတ်သက်ပြီး သိပ်တွေးလွန်းရင်လည်း ဦးနှောက်က သူမှတ်ထားတဲ့ထဲကနေ အသံတွေ ပြန်ထုတ်ပေးတတ်ပါသေးတယ်။ ဒါ့ပြင် သင်က အသံတွေ၊ သီချင်းတွေကို ကြိုက်တဲ့သူ၊ ရင်းနှီးတဲ့သူဆိုရင်လည်း သူများထက် ပိုဖြစ်နိုင်ချေများပါတယ်။

    တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

    Earwormsက စိတ်ရောဂါတစ်ခုလား။

    Earwormsက တချို့သော စိတ်ရောဂါတွေ (ဥပမာ OCD လိုမျိုး စိတ်စွဲလမ်းလွန်ရောဂါ)၊ စိတ်ခံစားချက် နုနယ်သူတွေမှာ တွေ့ရတတ်တယ်ဆိုပေမယ့် ဒီလိုဖြစ်တိုင်း စိတ်ရောဂါရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။

    သာမန်လူကောင်းတွေမှာလည်း ဒီလိုမျိုး အသံတွေကို စွဲလမ်းပြီး ကြားရတယ်ဆိုတာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် စိတ်ဖိစီးနေတဲ့အချိန်၊ အိပ်ရေးမဝတဲ့အချိန်မျိုးမှာ ဦးနှောက်က ပင်ပန်းပြီး သတင်းအချက်အလက်တွေကို မှားထုတ်တဲ့အတွက် ဒီလိုမျိုး အသံတွေကို ပြန်ကြားနေရတတ်ပါတယ်။

    Earworms သက်သာအောင် ဘာတွေ လုပ်နိုင်မလဲ။

    ပြောခဲ့သလိုပဲ။ အများစုအတွက်  ဒီအသံတွေက သိသိသာသာ ကြားနေရတာ မဟုတ်သလို စိတ်အနှောင့်အယှက်လည်း မဖြစ်ကြပါဘူး။ ရက်ပိုင်းလောက်နေရင် အလိုလို ပျောက်သွားကြပါတယ်။ ဒီလိုမဟုတ်ဘဲ ဘာလုပ်လုပ် အသံတွေကို စွဲစွဲလမ်းလမ်းကြားနေရမယ်၊ စိတ်အနှောင့်အယှက်လည်း ဖြစ်နေရတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။

    လေ့လာချက်တွေအရ ပီကေဝါးတဲ့သူတွေက မဝါးတဲ့သူတွေထက် အသံတွေကြားရတာကို ခံစားရတာ ပိုသက်သာပါတယ်တဲ့။ ဒီလို စကားပြောနိုင်တဲ့ လျှာတို့၊ ခံတွင်းတို့ကို အလုပ်ပေးထားတာကို subvocalizations လုပ်တယ်လို့ ခေါ်ပါတယ်။ ဒီလို လုပ်ထားတာက ဦးနှောက်ကို အလုပ်ပေးထားတာ ဖြစ်တဲ့အတွက် အသံတွေကို မထုတ်နိုင်အောင် တားပေးထားပါတယ်။

    အသံကို အသံနဲ့ပဲ အာရုံလွှဲကြည့်ပါ။ တခြားသီချင်းနားထောင်တာ၊ စာသားမပါတဲ့ သံစဉ်တွေ နားထောင်တာ၊ ကဗျာရွတ်တာ၊ တူရိယာတီးတတ်ရင် တစ်ခုခုတီးတာ စသဖြင့် လုပ်ကြည့်လို့ရပါတယ်။ ဦးနှောက်ထဲမှာ ရှိပြီးသား အသံတွေကို တခြားအသံတွေနဲ့ လဲလိုက်တဲ့အခါ ကြားနေကျ အသံတွေ ပျောက်သွားနိုင်ပါတယ်။

    တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

    တစ်ခုခုကို အာရုံစိုက်ပြီး လုပ်နေလိုက်ပါ။ ဥပမာ နောက်အပတ်လုပ်စရာရှိတာတွေကို စဉ်းစားပြီး ချရေးနေတာမျိုး၊ ပေါင်းနှုတ်မြှောက်စား လုပ်နေတာမျိုးက ဦးနှောက်ကို အသံဘက်ကို မလှည့်နိုင်အောင် လမ်းလွှဲလိုက်တာပါပဲ။

    • Earwormsကို ရင်ဆိုင်လိုက်ပါ။

    ကိုယ်မေ့ထားချင်တဲ့ ကိစ္စတွေကို ဦးနှောက်က ပြန်ပြန်ဖော်ပေးတာ သဘာဝပါပဲ။ Earwormsလည်း ဒီလိုပါပဲ။ မကြားချင်လို့ ရှောင်လေလေ၊ ကြားရလေလေ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ လူက ပိုစိတ်ညစ်လာရော။ ဒါကြောင့် တည့်တည့်သာ ရင်ဆိုင်လိုက်ပါ။ ကြားနေရတဲ့ သီချင်းတွေ၊ အသံတွေကို ခဏခဏ နားထောင်လိုက်ပါ။ အစအဆုံး သေချာနားထောင်လိုက်ပါ။ Zeigarnik effect အရ တစ်ပိုင်းတစ်စမှတ်ဉာဏ်တွေကို အပြည့်အဝမှတ်ဉာဏ်တွေထက် ပိုမှတ်မိတာကြောင့် မကြားချင်တဲ့ သီချင်းကို သေချာနားထောင်ပြီး မှတ်သာ ထားလိုက်ပါ။ အပြည့်အဝမှတ်ထားလိုက်တဲ့အခါ ဦးနှောက်က မကြာခင်မှာပဲ မေ့ပစ်ခိုင်းပါလိမ့်မယ်။

    အသံတွေ ခဏခဏ ပြန်ကြားနေရတာ၊ သူများမကြားဘဲ ကိုယ်ပဲ ကြားနေရတာက စိတ်ရောဂါမဟုတ်ပါဘူး။ ဒီနည်းလမ်းတွေကို သုံးပြီး ဖြေရှင်းကြည့်ပါ။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါလိမ့်မယ်။ စိတ်ဖိစီးတာတွေ၊ ကြောက်လန့်တာတွေ မဖြစ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement