backup og meta

CT scan ဆိုတာဘာလဲ။ ။

CT scan ဆိုတာဘာလဲ။  ။

ဆေးရုံး ဆေးခန်းတွေမှာ ရောဂါတစ်ခုခုအဖြေရှာအတွက် သွေးစစ်ဆီးစစ်၊ အာထရာဆောင်း ရင်ဘတ်ဓါတ်မှန်တွေ အပြင် CT scan ရိုက်တယ်ဆိုတဲ့ အသုံးအနှုန်းလေးကိုလည်း ကြားဖူးကြမှာပါ။ ဆရာဝန်က ညွန်ကြားလို့သာ CT scanရိုက်လိုက်ရတယ်။ ဘာ့ကြောင့်ရိုက်ရတာလဲ ဘာတွေသိနိုင်လို့လဲ အခြားအရာတွေထက် ဘာကောင်းလို့လဲဆိုတာကို မသိကြတဲ့သူတွေ အများကြီးအတွက် ခုဆောင်းပါးလေးက ရည်ရွယ်ပါတယ် ။

CT scanဆိုတာဘာလဲ ။ ။

Computed tomography ခေါ်တဲ့ CT scanဟာ ကိုယ်တွင်းက ကလီစာတွေ၊ အရိုးဖွဲ့စည်းပုံတွေနဲ့ တစ်ရှူးတွေကို ဓါတ်ရောင်ခြည်နဲ့ ကွန်ပျူတာနည်းပညာပေါ်ပေါင်းစပ်အခြေခံပြီး ပုံရိပ်ဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ သာမာန် ဓါတ်မှန်ထက် ဒီ ကွန်ပျူတာနည်းပညာပေါင်းစပ်ထားတဲ့ ဓါတ်မှန်တစ်ချပ်က ပိုပြီး တိကျစွာ ကိုယ်တွင်းပြဿနာတွေကို အဖြေရှာပေးနိုင်မှာ ဖြစ်ပါတယ်။ CT scan ကိုယ်ခန္ဓါရဲ့ ကြိုက်တဲ့အပိုင်းမှာ ရိုက်နိုင်သလို ကိုယ်ခန္ဓါ တစ်ကိုယ်လုံး ရိုက်မယ်ဆိုလည်း အဆင်ပြေပြေ အဖြေထုတ်ပေးနိုင်တဲ့နည်းပညာပါ။

CT scan ဘယ်လို အလုပ်လုပ်သလဲ။

CT scanရိုက်ပြီဆို CT scan စက်ကြီးကနေ X-ray beam လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်လေးတွေ ထွက်လာပြီး တစ်ကိုယ်လုံးဆီကို ပြန့်သွားပါတယ်။ ဒီလို ပြန့်သွားတဲ့ ဓါတ်ရောင်ခြည်လေးတွေက ကိုယ်တွင်း ကလီစာတွေကို ရှု့ထောင့်အမျိုးမျိုးကနေ ပုံဖော်မှတ်သားပြီး ရလာတဲ့ အချက်အလက်တွေကို ကွန်ပျူတာကနေ ပုံရိပ်အဖြစ်ပြန်ဖော်ပေးပါတယ်။ မြင်သာအောင် ပြောရမယ်ဆို ပေါင်မုန့်တစ်လုံးကို ဓါးနဲ့ လှီးပြီး တစ်ချပ်ချင်း ထွက်လာသလိုပေါ့။

CT scanကို ဘယ်လိုလုပ်ဆောင်ကြသလဲ။

  • ဆေးရုံဆေးခန်းတွေနဲ့ ဓါတ်ရောင်ခြည် ဌာနတွေမှာ CT scan ရိုက်ခြင်းကို လုပ်ဆောင်ကြပါတယ်။
  • CT မရိုက်ခင် နာရီပိုင်းလောက်အလိုမှာ ဘာမှမစားရပါဘူး။
  • ကိုယ်ပေါ်မှာရှိတဲ့ နာရီ၊ သတ္တုတွေနဲ့ လက်ဝတ်လက်စား အားလုံး ချွတ်ထားရပါမယ်။
  • CT ရိုက်မယ်ဆိုရင် ဆေးရုံကပေးတဲ့ ဝတ်စုံကိုဝတ်ပြီး CT ဖန်ပေါင်းချောင်ကြီးထဲက ခုံပေါ်မှာ လှဲနေရပါတယ်။
  • ဒီခုံကြီးက CT ရိုက်ပြီးဆိုတာနဲ့ ဖန်ပေါင်းချောင်ကြီးထဲ တဖြည်းဖြည်း ဝင်သွားပြီး ကိုယ်အနှံ့ ဓါတ်ရောင်ခြည်တွေကို ထိစေပါတယ်။
  • ဖန်ပေါင်းချောင်ထဲ ဝင်နေတဲ့အချိန် တဝီဝီ အသံတွေကြားရတတ်ပါတယ်။ ဒါက ပုံမှန်ပါ။
  • ကိုယ့်လှုပ်ရှားမှုဟာ CT scanက ပုံရိပ်တွေကို ဝေဝါးသွားစေနိုင်တာကြောင့် ဖန်ပေါင်းချောင်ထဲ ဝင်နေတဲ့တစ်လျှောက် ငြိမ်ငြိမ်သက်သက်နေရပါမယ်။
  • CT ရိုက်တဲ့ကြာချိန်ကတော့ ကိုယ်ခန္ဓါရဲ့ ဘယ်အပိုင်းကို CT scanဖတ်နေတာလဲမူတည်ပြီး ကွဲပြားသွားတတ်ပါတယ်။ ပျှမ်းမျှအာဖြင့် မိနစ်ပိုင်းလောက်ကနေ နာရီဝက်လောက်အထိကြာတတ်ပါတယ်။

CT က ခုနောက်ပိုင်း ဘာ့ကြောင့် အရမ်းအသုံးများလာတာလဲ ။ ။

တိကျပြီး လုပ်ဆောင်ရတာလွယ်ကူတဲ့အပြင် နာကျင်ခြင်းလည်း မရှိတာကြောင့် ခုနောက်ပိုင်း CT scanက ခေတ်စားလာတာဖြစ်ပါတယ်။

  • CT scanဖတ်ပြီး အရိုးအဆစ်တွေမှာဖြစ်နေတဲ့ ကွဲအက်မှုတွေ ကင်ဆာ တွေကို အချိန်ခဏလေးအတွင် းသိနိုငိပါတယ်။
  • ကင်ဆာ၊ နှလုံးရောဂါနဲ့ အဆုတ်ပြဿနာ၊ အသည်းပြဿနာတွေ ရှိတဲ့အခါမျိုးမှာလည်း CT scanက ဘယ်နေရာနားလောက်မှာ ဖြစ်နေတာ အတိအကျနဲ့ ဘယ်အဆင့်လောက်ရောက်နေပြီလဲဆိုတာ တိတိကျကျ ပြောနိုင်ပါတယ်။
  • ကား အက်ဆီးဒင့်တွေကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းသွေးယိုမှု၊ အတွင်းဒဏ်ရာထိခိုက်မှုတွေကို သေချာ ပုံရိပ်ဖော်ပေးနိုင်ပါတယ်။
  • ကင်ဆာ၊ သွေးခဲ၊ အရည်စုတာနဲ့ ပိုးဝင်ခြင်းပြဿနာတွေရှိခဲ့ရင် ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာ CT scanက ကူညီ အဖြေရှာပေးနိုင်ပါတယ်။
  • ကုသထားတဲ့ ဆေးကုသမှုကြောင့် ရောဂါအခြေအနေ တိုးတက်မှု ရှိရဲ့လားဆိုတာကိုလည်း CT scanရိုက်ပြီး အဖြေရှာလို့ရတာကြောင့် ခုနောက်ပိုင်း CT scan ကလူသုံးများလာတာဖြစ်ပါတယ်။

CT Scan with Contrast( CT scanကို ဆေးရည်ထိုးပြီးရိုက်တယ် ဆိုတာဘာလဲ)

သိပ်သည်းဆများတဲ့ အရိုးလို ကိုယ်တွင်းကလီစာက CT scan ဖတ်လိုက်ရင် ပေါ်ဖို့လွယ်ကူပေမယ့် တစ်ရှူး တွေနဲ့ ဖွဲ့စည်းထားတဲ့ အခြားကိုယ်တွင်းကလီစာတွေက CT scanပေါ်မှာ ပြတ်ပြတ်သားသားမြင်ရဖို့ သိပ်မလွယ်ကူပါဘူး။ ဒါ့ကြောင့် contrast material လို့ခေါ်တဲ့ ဆေးရည်အကူအညီယူပြီး တစ်ရှူးတွေရဲ့ ပုံရိပ်ကို ထင်ထင်ရှားရှားမြင်ရအောင်လုပ်တဲ့ နည်းကို CT Scan with Contrast လို့ခေါ်ပါတယ်။

contrast material ဆေးရည်တွေဟာ iodine ( ဒါမှမဟုတ်) barium sulfate နဲ့လုပ်ထားတာဖြစ်ပြီး သွေးကြောထဲ ထိုးသွင်းတာ၊ ပါးစပ်ကနေသောက်တာနဲ့ စအိုကနေထည့်တာ စတဲ့ နည်းသုံးနည်းနဲ့ ကိုယ်တွင်းထဲဆေးရည်ထည့်လေ့ရှိပါတယ်။ တစ်ခုမှတ်ထားရမှာက ဆေးရည်သုံးပြီး CT ရိုက်ဖြစ်တယ်ဆိုရင် ဒီဆေးရည်တွေကို ဖယ်ဖို့ ရေများများ ပြန်သောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ ကျောက်ကပ်က ဆေးရည်တွေမကျန်ခဲ့အောင် အကုန်စွန့်ပစ်နိုင်မှာလေ။

CT ရိုက်တာမှာ ဘေးထွက်ဆိုးကျိုးတွေရှိလား ။

  • ဓါတ်ရောင်ခြည် တွေကိုသုံးတယ်ဆိုတော့ ဓါတ်ရောင်ခြည်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒါက အင်မတန်ဖြစ်ခဲတဲ့ အရာတစ်ခုပါ။ ဒါပေမယ့်လည်း ရလာမယ့် ကောင်းကျိုးနဲ့ ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကို ချိန်ဆပြီး CT ရိုက်သင့်မရိုက်သင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • CT ရိုက်ခြင်းကို ရှောင်သင့်တဲ့ လူတွေကတော့ ခုမှ ကြီးထားဖို့တာဆူနေတဲ့ကလေးတွေနဲ့ ကိုယ်ဝန်သည် တွေပဲ ဖြစ်ပါတယ်။
  • တစ်ချို့လူတွေကျတော့ CT ကြောင့်မဟုတ်လဲ ထိုးသွင်းလိုက်တဲ့ ဆေးရည်တွေကြော့င့် အင်ပြင်ထတာ၊ ပျို့အန်ချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်မှု ပြင်းထန်လွန်းရင်အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေက CT ရိုက်နေစဉ် စောင့်ကြည့်နေပြီး ရိုက်ပြီးရင်လည်း ချက်ချင်း အိမ်မပြန်ခိုင်းသေးဘဲ စောင့်ကြည့်တတ်ကြပါတယ်။
  • ကိုယ့်ဘက်ကလည်း မတည့်တဲ့ဆေး၊ မတည့်တဲ့အစားအစာရှိရင် CT မရိုက်ခင် ဆရာဝန်ကို ကြိုပြောပြထားဖို့လိုပါတယ်။
  • ဆီးချိုသမားတွေ Metformin သောက်နေကျဖြစ်ခဲ့ရင်လည်း ဆရာဝန်ကို ဆေးသောက်နေတယ်ဆိုတာ ကြိုပြောပြထားပါ။ CT မရိုက်ခင်နဲ့ ရိုက်ပြီး အချိန်တွေမှာ ဆေးကို ခဏလောက်ရပ်ထားဖို့လိုပါတယ်။
  • နောက်ပြီး CT ရိုက်တဲ့ ဆေးရည်တွေက ကျောက်ကပ်ကိုလည်း ထိခိုက်နိုင်တာကြောင့် ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေရင် ဆရာဝန်ကို ကြို အသိပေးဖို့လိုပါတယ်။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/cancer/what-is-a-ct-scan#3

Accessed Date 18.7.2019

https://www.medicalnewstoday.com/articles/153201.php

Accessed Date 18.7.2019

https://www.healthline.com/health/ct-scan

Accessed Date 18.7.2019

ယခုပုံစံ

28/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီ စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ ။

ရင်ဘတ်ဓါတ်မှန် Chest X-ray အကြောင်း သိကောင်းစရာများ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement