backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Liraglutide ကို သုံးပြီး ဝိတ်ချလို့ရ မရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Liraglutide ကို သုံးပြီး ဝိတ်ချလို့ရ မရ

လတ်တလောမှာ ဝိတ်ချဖို့ ထိုးဆေးရှိပြီဆိုပြီး ခေတ်စားနေတဲ့အတွက် ဒီလိုဆေးမျိုး တကယ်ရှိသလား။ ဒါဆို ဝိတ်ကျဖို့ အစားတွေလျှော့၊ လေ့ကျင့်ခန်းတွေ မလုပ်ဘဲ ချလို့ရတော့မှာလားဆိုပြီး သိချင်လာကြပါတယ်။ ဒီလိုမျိုး ဆေးထိုးပြီး ဝိတ်ချလို့ရတယ်ဆိုပြီး နာမည်ကြီးလာတာကတော့ Liraglutide ဆိုတာပဲ ဖြစ်ပါတယ်။

Liraglutide ဆိုတာ

Liraglutide ဆိုတာက ဆေးနာမည်ဖြစ်ပြီး သူ့မှာ နာမည်ကြီး brand name Saxendaနဲ့ Victozaဆိုပြီး ရှိပါတယ်။ အရေပြားအောက် အဆီပြင်ထဲကို ထိုးရတဲ့ ထိုးဆေးအမျိုးအစား ဖြစ်ပါတယ်။

Victozaကတော့ မြန်မာနိုင်ငံမှာ အမျိုးအစား ၂ဆီးချိုသမားတွေအတွက် ဆရာဝန်တွေက လိုအပ်ရင် ညွှန်လေ့ရှိပါတယ်။ သူ့ကို ဝိတ်ကျစေဖို့သက်သက်တော့ မသုံးကြပါဘူး။

Saxendaကတော့ သူများနိုင်ငံမှာ ဝိတ်ချတဲ့နေရာမှာ သုံးဖို့ FDA ခွင့်ပြုချက်ရထားပါတယ်။ မြန်မာနိုင်ငံမှာတော့ တရားဝင်တင်သွင်းခွင့် ရှိမရှိ၊ FDA ခွင့်ပြုချက် ရမရ မသိပါ။

Liraglutideက ဘာကြောင့် ဝိတ်ကျစေတာလဲ။ 

Liraglutideဆိုတာက glucagon-like peptide-1 (GLP-1) receptor agonist ပဲ ဖြစ်ပါတယ်။ သူက

  • glucagon ဟော်မုန်းထွက်တာကို တားမြစ်ပြီး အင်ဆူလင် ထုတ်လုပ်တာကို အားပေးပါတယ်။
  • အဆာခံစေပါတယ်။
  • နည်းနည်းစား များများဗိုက်ပြည့်သလို ခံစားရပါတယ်။

ဒါကြောင့် ရေရှည်မှာ ဝိတ်ကျတာပါ။

လူတိုင်း သုံးလို့ရလား။

Liraglutideက ဆေးလေးထိုးရုံနဲ့ ဝိတ်ကျတာတော့ မဟုတ်ပါဘူး။ လူတိုင်းလည်း သုံးလို့မရပါဘူး။

  • Prescription only ဖြစ်တဲ့အတွက်  ဆရာဝန်ညွှန်ကြားချက်မပါဘဲ မထိုးသင့်ပါဘူး။ မရောင်းသင့်ပါဘူး။
  • သူ့တစ်မျိုးတည်း သုံးရတာ မဟုတ်ပါဘူး။ နောက်ကနေ  Dietနဲ့ လေ့ကျင့်ခန်း လိုက်ရပါတယ်။
  • အဝလွန်နေတဲ့သူ BMI 30 kg/m2 ဖြစ်ရပါမယ်။
  • ကိုယ်အလေးချိန်များနေတဲ့သူ BMI 27 kg/m2 ဆိုရင် ကိုယ်အလေးချိန်များတာနဲ့ ဆက်စပ်တဲ့ရောဂါတွေ ဖြစ်တဲ့ သွေးတိုးတာ၊ အမျိုးအစား ၂ဆီးချိုရောဂါရှိတာ၊ သွေးတွင်း ကိုလက်စထရောများတာ စတာတွေရှိမှ သုံးသင့်ပါတယ်။
  • ၁၂နှစ်နဲ့ ၁၇နှစ်ကြား ကလေးတွေမှာလည်း ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ် (၁၃၂ပေါင်နဲ့အထက်)၊ အဝလွန်နေတဲ့ ကလေး (BMI 30 kg/m2) ဖြစ်မယ်ဆိုရင် သုံးနိုင်ပါတယ်။

ဒီတော့ ခြုံပြောရရင် ဝတဲ့ သူတိုင်း သုံးရတာမျိုး မဟုတ်ဘဲ အဝလွန်တာကြောင့် နောက်ဆက်တွဲရောဂါဖြစ်နေတဲ့သူတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးသင့်ပါတယ်။ အစားအသောက်ဆင်ခြင်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေပါ တွဲလုပ်ပေးရမှာ ဖြစ်ပါတယ်။

Liraglutide က တကယ်ဝိတ်ကျရဲ့လား။

Liraglutideက တကယ်ပဲ ဝိတ်ကျပါတယ်။ ဆေးစထိုးပြီး ၂ပတ်လောက်ဆို အာနိသင်စပြပါတယ်။

အဝလွန်/ ကိုယ်အလေးများနေတဲ့အပြင် သွေးတွင်းအဆီဓာတ်များနေတာ ဒါမှမဟုတ် ဆီးချိုရှိနေတာ ဒါမှမဟုတ် သွေးတိုးရောဂါရှိနေတဲ့ လူအယောက် ၃,၀၀၀ကို လေ့လာချက်လုပ်ခဲ့ပါတယ်။

လေ့လာချက်မှာ ဒီလူနာတွေကို အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်း လုပ်ခိုင်းတာအပြင် Liraglutideပါ ထိုးပေးလိုက်တဲ့အခါ တစ်နှစ်အကြာမှာ ၈.၉ပေါင်ကနေ ၁၃.၃ပေါင်အထိ ကျတာကို တွေ့ရပါတယ်။ လူနာရဲ့ တစ်ဝက်လောက်က နဂိုရှိပြီးသား ကိုယ်အလေးချိန်ရဲ့ ၅ရာခိုင်နှုန်းလောက် ကျသွားကြပါတယ်။

လေ့လာချက်မှာ ပါဝင်သူရဲ့ ၂၅-၃၃ ရာခိုင်နှုန်းလောက်ကတော့ နဂိုအလေးချိန်ရဲ့ ၁၀ရာခိုင်နှုန်းလောက် ကျသွားကြပါတယ်။ ဒီတိုင်းလေး ဆက်သုံးသွားကြတာ နောက်နှစ်နှစ်လောက်ထိ ဝိတ်ကျတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဆေးရပ်လိုက်တဲ့အခါမှာ ပြန်ပြီး ဝလာနိုင်ပါတယ်လို့ ဆိုပါတယ်။

Liraglutide ကို သုံးပြီး ဝိတ်ချလို့ရမရ

Liraglutideရဲ့ ဘေးထွက်ဆိုးကျိုး

ဝိတ်ကျတယ်ဆိုပေမယ့် Liraglutideက ဘေးထွက်ဆိုးကျိုးတော့ ရှိပါတယ်။ သုံးတဲ့သူ ၁၀ယောက်မှာ ၁ယောက်လောက်က အောက်ပါ လက္ခဏာတွေကြောင့် ရေရှည် မသုံးနိုင်ပါဘူးတဲ့။

  • ပျို့တာ
  • အန်တာ
  • ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ
  • အစာမကြေတာ
  • ခေါင်းကိုက်တာ
  • နုံးတာ
  • ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်ထိုးကျတာတွေ ဖြစ်တတ်ပါတယ်။

ဒီထဲက တချို့သော လက္ခဏာတွေက အချိန်ကြာလာတာနဲ့အမျှ သက်သာသွားတာရှိသလို ဒီလက္ခဏာတွေကြောင့်ပဲ ဆေးရပ်လိုက်ရတာတွေ ရှိပါတယ်။

Liraglutide ကို သတိထားသုံးသင့်တဲ့ သူတွေ

Liraglutideက အပေါ်မှာ ပြောခဲ့သလို သာမန်လက္ခဏာတွေအပြင် တချို့လူတွေမှာ တခြားရောဂါဖြစ်နိုင်ခြေကို များစေပါတယ်။ ဥပမာ

တိရိစ္ဆာန်တွေမှာ စမ်းသပ်ချက်အရ Liraglutideက သိုင်းရွိုုက်ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။ ဒါကြောင့် မိသားစုထဲမှာ ကင်ဆာမျိုးရိုးရှိနေရင် သတိထားသင့်ပါတယ်။

  • ပန်ကရိယရောင်တာ

ရှားပေမယ့် ဖြစ်တတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ထိုးနေရင်း ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာမျိုး ဖြစ်လာခဲ့ရင် ချက်ချင်း ရပ်ပြီး ဆေးရုံသွားသင့်ပါတယ်။

အထူးသဖြင့် ဆီးချိုုရှိတဲ့သူတွေ၊ ဆိးချိုအတွက် တခြားဆေးတွေလည်း သောက်နေရတယ်ဆိုရင် သတိထားသင့်ပါတယ်။

  • ကျောက်ကပ်ထိတတ်ပါတယ်။

နဂိုတည်းက ကျောက်ကပ်မကောင်းတဲ့သူဆိုရင် ကျောက်ကပ်ရောဂါကို ပိုဆိုးစေပါတယ်။ ဆေးထိုးနေရင်း ဆီးနည်းသွားတယ်၊ ဆီးလုံးဝမသွားတော့ဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ပြပါ။

  • သည်းခြေကျောက်တည်တတ်ပါတယ်။

ဝိတ်အမြန်ချမယ်ဆိုရင် ဘာနည်းနဲ့ပဲချချ သည်းခြေကျောက်တည်တတ်ပါတယ်။ ဒါပေမယ့် Liraglutideကတော့ တချို့သုံးစွဲသူတွေမှာ သည်းခြေအိတ်ရောင်တာ၊ သည်းခြေကျောက်တည်တာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

  • စိတ်ကျတတ်ပါတယ်။

လူတိုင်း မဟုတ်ပေမယ့် နဂိုတည်းက စိတ်ကျရောဂါရှိတဲ့သူတွေမှာ ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

Bottom line

Liraglutideက ဝိတ်ကျတယ်ဆိုပေမယ့်

  • ဆရာဝန်ညွှန်ကြားချက် လိုပါတယ်။
  • လေ့ကျင့်ခန်းနဲ့ အစားအသောက်ဆင်ခြင်တာတွေ တွဲလုပ်ရပါတယ်။ ဆေးပဲထိုးပြီး ကျတာမျိုး မဟုတ်ပါ။
  • အဝလွန်တာကြောင့် ရောဂါတစ်ခုခု တွဲဖြစ်နေတဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်။
  • ဆေးရပ်ရင် ပြန်ဝနိုင်ပါတယ်။
  • ဘေးထွက်ဆိုးကျိုးတွေ၊ ဖြစ်လာနိုင်တဲ့ ရောဂါအခြေအနေတွေကို သိထားဖို့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement