backup og meta

အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

    အစားမလျှော့ချင်ဘူး၊ လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိဘူး ဆိုပြီး မြန်မြန်ပိန်ချင်တဲ့သူတွေက အဆီကျဆေး ဝယ်သောက်ကြတယ်။ ဘယ်နှရက်အတွင်း ဘယ်နှပေါင်ကျတယ် ဆိုတဲ့ ကြော်ငြာလေးတွေ၊ ရီဗျူးလေးတွေကလည်း မက်လောက်စရာကိုး။ ဒါပေမယ့် လနဲ့၊ နှစ်နဲ့ချီပြီး စုလာခဲ့တဲ့ အဆီတွေ၊ ကိုယ်အလေးချိန်တွေက ရက်ပိုင်းလေးနဲ့ ကျသွားဖို့ဆိုတာ လောဘသိပ်ကြီးသလိုတော့ ဖြစ်နေပါတယ်နော်။

    ဆေးစွမ်းတယ်၊ စွမ်းတယ်နဲ့ ဝယ်သောက်ကြတာ ပါဝင်ပစ္စည်းကိုရော ဘေးကင်းမကင်းလေ့လာကြည့်ဖူးရဲ့လား။ တော်ကြာ ဆေးမှာ တားမြစ်ထားတဲ့ပါဝင်ပစ္စည်းတွေပါနေရင် ဘယ်လိုလုပ်ပါ့မလဲ။ ကိုယ့်ရဲ့ ဘေးကင်းမှုအတွက် သေချာလေ့လာသင့်ပါတယ်။ တချို့အဆီကျဆေးတွေမှာ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေလို့ ပြောထားပေမယ့် တစ်ခါတလေသောက်သုံးဖို့ မသင့်တော်တဲ့ တားမြစ်ပါဝင်ပစ္စည်းတွေ ပါနေတတ်ပါတယ်။ တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာ လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

    အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

    အဆီကျဆေးမှာ

    Ephedra

    အာရှအလယ်ပိုင်းနဲ့ မွန်ဂိုလီးယားမှာရှိတဲ့ အမြဲစိမ်းပင်တစ်မျိုးဖြစ်တဲ့ Ephedra မှာ ephedrine ဆိုတဲ့ဒြပ်ပေါင်းပါဝင်ပါတယ်။ သူ့ကို အာရုံကြောနှိုးဆွတဲ့ဆေးဖက်ဝင်အဖြစ် အိန္ဒိယနဲ့ တရုတ်တို့မှာ ဟိုးအရင်ကသုံးခဲ့ကြပြီး အအေးမိ၊ တုပ်ကွေး၊ ဖျားနာ၊ ခေါင်းကိုက် စတာတွေကို ကုသဖို့လည်း သုံးကြပါတယ်။ မကြာသေးခင်ကမှ Ephedra ကို အဆီကျဆေးအဖြစ် သုံးလာခဲ့ကြပါတယ်။ အဲဒီနောက်Ephedra ဟာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း သို့မဟုတ် လေဖြတ်ခြင်းဖြစ်နိုင်ခြေပိုများစေတယ်၊ လူသေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့တွေ့ရှိချက်ကြောင့် အန္တရာယ်ရှိပါဝင်ပစ္စည်းအဖြစ် တားမြစ်ခံခဲ့ရပါတယ်။

    Fenfluramine

    Fenfluramine ပါဝင်တဲ့ Fen-Phen အမည်နဲ့ဆေးဝါးက နှလုံးထိခိုက်ခြင်း၊ အဆုတ်ရောဂါတို့နဲ့ ဆက်နွှယ်နေတယ်လို့တွေ့ရှိပြီးနောက် ၁၉၉၀ ခုနှစ်ပိုင်းအတွင်း ဈေးကွက်ကနေ ပြန်လည်သိမ်းယူခဲ့ရပါတယ်။ Fenfluramineကြောင့် ဆီရိုတိုနင်ထွက်ရှိမှုလွန်ကဲပြီး သွေးတိုးနဲ့ နှလုံးအဆို့ရှင် မူမမှန်ခြင်းတွေဖြစ်စေတယ်လို့ တွေ့ရှိထားတာဖြစ်ပါတယ်။

    Sibutramine

    Sibutramine က နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း သို့မဟုတ် လေဖြတ်နိုင်ခြေပိုများစေနိုင်တယ်လို့ လက်တွေ့စမ်းသပ်လေ့လာမှု ရလဒ်တွေအရ သိရပါတယ်။Sibutramine ကို အစာစားချင်စိတ်လျော့စေတဲ့ ရေရှည်သုံးဆေးဝါးအဖြစ် အစက သုံးခဲ့ကြပေမယ့် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးကို သိရတဲ့အခါ Sibutramine ပါဝင်တဲ့ အဆီကျဆေးကို ထုတ်လုပ်မှုကို ရပ်ခဲ့ရပါတယ်။

    DMAA

    1,3-dimethylamylamine ၊ methylhexanamine လို့သိကြတဲ့ DMAA ဟာ ခွန်အားပြည့်ဖို့နဲ့ အဆီပိုကျဖို့ ကဖင်းနဲ့အတူ တွဲသုံးလေ့ရှိတဲ့ ပါဝင်ပစ္စည်းပါ။ ဒါပေမယ့် DMAA က သွေးတိုးမြင့်တက်ခြင်း၊ နှလုံးသွေးကြောပြဿနာတွေအပြင် နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းတို့လို ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပြီး ၂၀၁၂ မှာ DMAA ပါဝင်တဲ့ဆေးတွေကို တားမြစ်ခံရပါတယ်။

    Rimonabant

    Rimonabant ကို အမေရိကန်မှာ ခွင့်ပြုချက်မပေးထားသလို ကမ္ဘာ့နိုင်ငံတချို့မှာ လူသေဆုံးမှုတွေလည်းရှိခဲ့တဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးက အတက်ရောဂါ၊ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များခြင်း၊ ညအိပ်မပျော်ခြင်း၊ ရန်လိုစိတ်များခြင်း၊ အဆုံးစီရင်လိုစိတ်များခြင်း တို့အပါအဝင် ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာဘေးထွက်ဆိုးကျိုးတွေဖြစ်လာစေနိုင်တယ်လို့တွေ့ရှိခဲ့တာဖြစ်ပါတယ်။

    Phenolphthalein

    Phenolphthalein ကို ဝမ်းနုတ်ဆေးတွေမှာ အသုံးပြုလေ့ရှိခဲ့ပေမယ့် ၁၉၉၀ နှောင်းပိုင်းခုနှစ်တွေမှာ တားမြစ်ခဲ့ပါတယ်။ သူက ကင်ဆာဖြစ်စေနိုင်တဲ့အပြင် ဒီအင်န်အေကိုလည်း အပြောင်းအလဲတွေဖြစ်စေတယ်လို့တွေ့ရှိခဲ့တာကြောင့်ပါ။ ဝမ်းသွားရင်အဆီတွေကိုပါ ဖယ်ရှားပေးတတ်တဲ့ အဆီကျဆေးတွေမှာPhenolphthalein ပါမပါ သတိထားစစ်ဆေးပါ။

    Phenytoin

    Phenytoin ကို တချို့တရားမဝင်ဆေးတွေမှာ တွေ့ရတတ်ပါတယ်။ အမှန်က အတက်ရောဂါဆေးဝါးအဖြစ် ခွင့်ပြုချက်ပေးထားတာဖြစ်လို့ ရောဂါမရှိသူတွေအတွက် အသုံးပြုလို့ မသင့်တော်ပါဘူး။

    ဒါ့ကြောင့် သူများပြောလို့ ရမ်းသောက်တာထက် တရားဝင်ဖြန့်ချိခွင့်ရ၊ သက်ဆိုင်ရာအသိအမှတ်ပြုထောက်ခံချက်ရထားတဲ့ အမှတ်တံဆိပ်တွေကိုပဲရွေးချယ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ကယ်လိုရီတွက်ချက်စားသောက်ပုံ နဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်သွားရင် အချိန်နဲ့အမျှ အဆီကျစေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးကင်းချင်ရင်တော့ ဖြတ်လမ်းမလိုက်တာ ကောင်းပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement