brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ!

ပူနွေးစိုစွတ်တဲ့ ရာသီဥတု ဆိုတာကို အခုမှ ပထမဆုံး ကြားဖူးတာ မဟုတ်လောက်ဘူး ထင်ပါတယ်နော်။ ကျောင်းစာတွေထဲမှာ ဒီစကားကို ရင်းနှီးပြီးသား ဖြစ်နိုင်သလို မိုးလေဝသ သတင်းတွေကနေလည်း ကြားဖူးနေပြီးသား ဖြစ်မှာပါ။ ဒီလို ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ရန်ကုန်လိုမျိုးနေရာက သိပ်မရင်းနှီးနိုင်ပေမယ့် တနင်္သာရီတိုင်းလိုမျိုး ပင်လယ်ကမ်းရိုးတန်းဒေသတွေကတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီတစ်ခေါက်ပြောပြပေးချင်တာက ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ! ဆိုတာပါ။

ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ!

ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ!

ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဘာတွေ ဖြစ်စေနိုင်လဲ ဆိုတော့ ပူစပ်ပူလောင်ကြီး ခံစားရစေပြီး ချွေးတွေကို ပုံမှန်ထက် အငွေ့ပျံချိန် ပိုကြာစေပြီး ကိုယ်တွင်းမှာ အပူချိန် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပဲ လေထုထဲမှာ စိုထိုင်းဆ များနေတဲ့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ ပူလောင်အိုက်စပ်မှုကို ခံစားကြရတာပါ။

# စိုထိုင်းဆဆိုတာ

စိုထိုင်းဆ ဆိုတာက လေထုထဲက အစိုဓာတ်ပါ။ လေထုထဲမှာ စိုထိုင်းဆ များတာက ခန္ဓာကိုယ် အပူချိန်ကိုတင် မြင့်တက်စေတာ မဟုတ်ဘဲ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ပူနွေးစိုစွတ်တဲ့ ရာသီဥတုက နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတော့ –

  • လေထုထဲကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်တယ်

လေထုထဲမှာ စိုထိုင်းဆ များလာတဲ့အခါ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ နဲ့ မှိုပိုးတွေက အခြားကာလတွေထက် အချိန်ကြာကြာ ရှင်သန်နိုင်ပြီး အအေးမိတာ၊ ပန်းနာရင်ကျပ် စတာတွေကို ဖြစ်စေနိုင်ပါတယ်။ လေထုထဲမှာ စိုထိုင်းဆ များလေလေ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကလည်း များလာလေလေပါ။

  • ရေဓာတ်ခမ်းခြောက်တာမျိုး ဖြစ်စေနိုင်တယ်

နေပူမှ ကိုယ်တွင်းက ရေဓာတ်ခမ်းခြောက်တာ မဟုတ်ပါဘူး။ ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာလည်း ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ အကြောင်းကတော့ ပတ်ဝန်းကျင်က အေးသယောင်ယောင် ဖြစ်နေတာကြောင့် ရေကို လုံလောက်အောင် သောက်မိနိုင်ခြေ နည်းတာကြောင့်ပါ။

ရေဓာတ်ခမ်းခြောက်တာက အရမ်းမပြင်းထန်တဲ့ အခြေအနေမျိုးမှာ ဝမ်းချုပ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ခေါင်းကိုက်တာတွေကို ဖြစ်စေနိုင်ပြီး အရမ်းပြင်းထန်ရင်တော့ အပူလျှပ်တာလိုမျိုး ကျန်းမာရေး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။

  • သတိလစ်စေနိုင်တယ်

ပူအိုက်တဲ့ ပတ်ဝန်းကျင်အခြေအနေက သွေးပေါင်ချိန်ကို ကျဆင်းစေပြီး ရုတ်တရက် သတိလစ်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ သွေးတိုးရောဂါ ရှိသူတွေနဲ့ သွေးပေါင်ကျတတ်သူတွေ အနေနဲ့ သွေးပေါင်ချိန်ကို ပုံမှန်လေး ချိန်ဖို့ လိုပါမယ်။

  • အပူလျှပ်စေနိုင်တယ်

အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်က အပူချိန်ကို ထိန်းညှိပေးတဲ့ စနစ် ပျက်ယွင်းသွားတာကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်လာတဲ့ အခြေအနေပါ။ အပူလျှပ်တဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်ထိ တက်နေနိုင်ပါတယ်။ ဒီအခြေအနေက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်ပါတယ်။

  • အပူကြောင့် ခြေကုန်လက်ပမ်းကျစေနိုင်တယ်

လေထုထဲမှာ စိုထိုင်းဆ များနေတာက ကိုယ်တွင်းအပူချိန်ကို မြင့်တက်ပြီ ချွေးစေးတွေ ထွက်စေနိုင်သလို ကိုယ်ထဲမှာ အားမရှိသလို ခြေကုန်လက်ပမ်းကျတာကို ခံစားရစေနိုင်ပါတယ်။ ဒါက သေချာ ဂရုမစိုက်မိရင် အပူလျှပ်တာမျိုးအထိ ဖြစ်သွားနိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

  • အပူ​ကြောင့် အရေပြား ထိခိုက်တာ

အပူဒဏ်ကြောင့် ချွေးထွက်များလာတဲ့အခါ အရေပြားမှာ အနီရောင် အဖုအပိမ့်တွေ ထွက်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အခြေအနေကို သက်သာစေဖို့ဆိုရင် ရေအေးဝတ် ကပ်ပေးလို့ ရပါတယ်။

  • ကြွက်တက်တာ 

ကိုယ်တွင်းမှာ ရေဓာတ်နည်းလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ကြွက်တက်တာမျိုးတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ အရမ်းပူလာချိန်မှာ ခန္ဓာကိုယ်က ချွေးထွက်စေပြီး ကိုယ်အပူချိန်ကို ထိန်းညှိပါတယ်။ ဒီထိန်းညှိမှုဖြစ်စဉ်အတွင်း ချွေးထွက်တာနဲ့အတူ ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးသွားစေပြီး ကြွက်တက်တာကို ဖြစ်စေပါတယ်။ ဒီအနေအထားကို သက်သာစေဖို့ဆိုရင် ဓာတ်ဆားဖြည့် အချိုရည် သောက်ပြီး ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့ လိုပါမယ်။

# သတိထားရမယ့် အချက်လေးတွေ

  • တစ်နေ့ကို ရေ ၂ လီတာ သောက်ပါ။ ချွေးထွက်များလွန်းမယ်ဆိုရင်တော့ ဓာတ်ဆားဖြည့် အချိုရည်သောက်တာ၊ အုန်းစိမ်းရည် သောက်တာ၊ သဘာဝ သစ်သီးဖျော်ရည်တွေ သောက်ပေးနိုင်ပါတယ်။
  • လေဝင်လေထွက် ကောင်းတဲ့နေရာမှာ သက်သောင့်သက်သာလေး နားပါ။
  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာမျိုးတွေကို ရှောင်ပါ။
  • ရောဂါ အခံရှိမယ်ဆိုရင်တော့ ဆေးကို မှန်မှန် သောက်တာ၊ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ခံယူတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။