backup og meta

ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (bacterial gastroenteritis)


Dr. Thant Zin မှ ရေးသားသည်။ · 20/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (bacterial gastroenteritis)

    အူလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးအချို့ဝင်ရောက်တဲ့အခါ အထက်လန်အောက်လျှောရောဂါ ဖြစ်တတ်ပါတယ်။ အစာအိမ်နံရံနဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းပြီး အဆက်မပြတ်အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေကြောင့် အထက်လန်အောက်လျှောလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။

    ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ရခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်များနဲ့ လက်ပွန်းတတီးထိတွေ့ခြင်း၊ ဘက်တီးရီးယားပါသော အစားအစာနှင့်ရေကို စားသောက်မိခြင်း စတာတွေကနေ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဘက်တီးရီးယားကနေ အဆိပ်အတောက်တွေ ထုတ်လွှတ်တဲ့အတွက် ရောဂါဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။

    လက္ခဏာများ

    ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့လက္ခဏာ ကွားခြားမှုရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့

    – အစားပျက်ခြင်း

    ပျို့ခြင်း၊ အန်ခြင်း

    – ဝမ်းပျက်ခြင်း

    – ဗိုက်နာ ဗိုက်အောင့်ခြင်း

    – သွေးဝမ်းသွားခြင်း

    အဖျားတက်ခြင်း စတာတွေ ဖြစ်ပါတယ်။

    အဆိုပါလက္ခဏာတွေကြုံလာရပြီး ရက်အနည်းငယ်နဲ့မှ မသက်သာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကလေးငယ်တွေဆိုရင် အန်ပြီး ဝမ်းသွားပြီဆိုတာနဲ့ ဆရာဝန်ချက်ချင်းပြသင့်ပါတယ်။

    အကြောင်းအရင်းများ

    အထက်လန်အောက်လျှောဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးစုံ ရှိပါတယ်။ အဓိကဖြစ်စေတဲ့ ပိုးမွှားတွေကတော့

    • yersinia (ဝက်သားမှာ အတွေ့များပါတယ်)

    • staphylococcus (အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများနဲ့ ဥအမျိုးမျိုးမှာ တွေ့ရပါတယ်)

    • shigella (ရေထဲမှာ အထူးသဖြင့် ရေကူးကန်တွေကနေ ကူးစက်တတ်ပါတယ်)

    salmonella (အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများနဲ့ ဥအမျိုးမျိုးမှာ တွေ့ရပါတယ်)

    • campylobacter (ကြက်သားဘဲသား စတာတွေမှာ တွေ့ရများပါတယ်)

    E. coli (အမဲသား၊ အသီးအရွက်သုပ်တွေကနေ ကူးနိုင်ပါတယ်)

    ဘက်တီးရီးယားကြောင့် အထန်လန်အောက်လျှောဖြစ်ခြင်းဟာ လူတဦးနဲ့တဦး ထိတွေ့ရာကနေလည်း ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယားပိုးရှိနေတဲ့လက်နဲ့ အစားအစာတွေ၊ အရာဝတ္တုတွေကို ကိုင်တွယ်မိရင်ဖြစ်ဖြစ်၊ လူအချင်းချင်းထိတွေ့မိရင်ဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။

    ရောဂါပိုးနဲ့ထိတွေ့ထားတဲ့လက်နဲ့ မိမိရဲ့ မျက်လုံး၊ ပါးစပ်၊ မျက်နှာ စတာတွေကို ထိတွေ့မိရာကတဆင့် ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။ လူထူထပ်တဲ့နေရာတွေမှာဆိုရင် ကူးစက်နိုင်ခြေ ပိုများပါတယ်။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး မကြာခဏ ဆေးကြောသင့်ပါတယ်။

    နောက်ဆက်တွဲပြဿနာများ

    ဘက်တီးရီးယားကြောင့် အထက်လန်အောက်လျှောဖြစ်ပွားတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေမှာ နောက်ဆက်တွဲပြဿနာကို ပိုမိုကြုံတွေ့ရပါတယ်။ နောက်ဆက်တွဲပြဿနာများအနေနဲ့ အဖျားကြီးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ ရေဓာတ်ခန်းခြောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အူလမ်းကြောင်းသွေးယိုခြင်း စတာတွေ ကြုံနိုင်ပါတယ်။ အထက်လန်အောက်လျှောရောဂါဟာ သေချာစွာ မကူသရင် အသက်အန္တရာယ်ထိ ကြုံနိုင်တာမို့ ဂရုစိုက်သင့်ပါတယ်။

    ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း စတာတွေ မသက်သာဘဲ ဆက်တိုက်ကြုံနေရရင် ဆေးရုံဆေးခန်းပြသပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    အိမ်သာဝင်ပြီးချိန်နဲ့ အစားအသောက်များကို ကိုင်တွယ်ခါနီးအချိန်တွေမှာ လက်ကို သေချာစွာ ဆေးကြောသင့်ပါတယ်။ အစားအစာများကို မချက်ပြုတ်မီ သေချာစွာ ဆေးကြောရပါမယ်။ အသီးအရွက် အသားငါးများကို သက်ဆိုင်ရာအပူချိန်အလိုက် ကျက်အောင် ချက်ပြုတ်ရပါမယ်။

    အသားစိမ်းတွေ၊ ပိုးမသတ်ထားတဲ့နို့တွေ၊ ရက်လွန် အားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အသားငါးများကို လှီးဖြတ်ပြီးချိန်မှာ စဉ့်တီတုံးကို သေချာစွာ ဆေးကြောသင့်ပါတယ်။ တာရှည်ခံအစားအစာများကို သိမ်းဆည်းရာမှာ ရေခဲသေတ္တာထဲမှာ သင့်တော်တဲ့အပူချိန်နဲ့ ချိန်ညှိသိမ်းဆည်းရပါမယ်။ ခရီးသွားလာချိန်မှာ ရေသန့်ဘူးကိုပဲ သောက်သင့်ပါတယ်။ မြစ်ရေကန်ရေတွေကို ကျိုချက်သောက်သုံးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 20/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement