backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးများနှင့် သင့်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 25/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးများနှင့် သင့်ကျန်းမာရေး

ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးများနှင့် သင့်ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ သင့်အနေနဲ့ နေ့စဉ်လှုပ်ရှားသွားလာရာမှာ ချွေးထွက်လာပြီး ချွေးနံ့နံလာပြီဆိုရင် သင့်အတွက်ရော သင့်ပတ်ဝန်းကျင်ကိုပါ ကသိကအောင့် ဖြစ်ရစေပါတယ်။ အဲဒီပြဿနာကိုဖြေရှင်းဖို့ လူအများဟာ ချွေးနံ့ပျောက်ဆေး (deodorant) နဲ့ ချွေးတိတ်ဆေး (antiperspirant) ကို သုံးစွဲလေ့ရှိကြပါတယ်။

သူတို့ရဲ့ အလုပ်လုပ်ပုံကတော့ အနည်းငယ်ကွာခြားပါတယ်။ ချွေးနံ့ပျောက်ဆေးဟာ ချွေးထွက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ချွေးနံ့ကို သက်သာစေပါတယ်။ တချို့ပစ္စည်းများဟာ အယ်လ်ကိုဟောကိုအခြေခံပြီး အရေပြားပေါ်မှာ အက်ဆစ်ဓာတ်ကို ပိုမိုမြင့်တက်စေပါတယ်။ ဘက်တီးရီးယားပေါက်ပွားမှုကို လျော့နည်းစေပါတယ်။

ချွေးတိတ်ဆေးတွေကတော့ အလူမီနီယံဓာတ်ပစ္စည်းကို အခြေခံပြီး ချွေးပေါက်ကလေးတွေကို ယာယီကျဉ်းမြောင်းစေခြင်းအားဖြင့် ချွေးထွက်ခြင်းကိုပါ လျော့နည်းစေပါတယ်။

ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးများနှင့် သင့်ကျန်းမာရေး

ဒီဆောင်းပါးမှာဖော်ပြမယ့် အကြောင်းအရာကတော့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးများရဲ့ အကျိုးကျေးဇူးများနဲ့ သတိပြုထားသင့်တဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

၁။ ချွေးဂလင်းများကို တားဆီးပြီး ချွေးထွက်များခြင်းမှ ကာကွယ်ပေးပါတယ်။

ချွေးတိတ်ဆေးတွေမှာပါတဲ့ အလူမီနီယံဆားဟာ ချွေးဂလင်းတွေအပေါ် သက်ရောက်မှုရှိပါတယ်။ ချွေးပေါက်များကိုလည်း ယာယီကျဉ်းမြောင်းသွားစေပါတယ်။ ချွေးထွက်နည်းသွားလို့ ချွေးနံ့သက်သာတယ်ဆိုပေမယ့် သဘာဝအရ ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိဖို့ ချွေးထွက်လာရတယ်ဆိုတာကို သတိချပ်သင့်ပါတယ်။

၂။ ပိုးမွှားများကို သေစေပါတယ်။

ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးတွေ မှာပါတဲ့ အဏုဇီဝပိုးမွှားတွေကို သေစေတဲ့ဂုဏ်သတ္တိဟာ သင့်ရဲ့တကိုယ်ရေကျန်းမာရေးကို အထောက်အကူပြုပါတယ်။ လေ့လာချက်တချို့အရ ချွေးနံ့ပျောက်ဆေးအများစုဟာ လိမ်းထားရင်၊ ဖြန်းထားရင် သုံးရက်လောက်အထိ ဘက်တီးရီးယားပိုးတွေပေါက်ပွားခြင်းကနေ ကာကွယ်ပေးတယ်လို့ သိရပါတယ်။ အထူးသဖြင့် ချိုင်းကြားထဲပေါက်ပွားတတ်တဲ့ ပိုးမွှားတွေကို တားဆီးပေးတယ်လို့ သိရပါတယ်။

၃။ တောင်တက်ခရီးမှာ အရည်ကြည်ဖုတွေဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။

ဒီကိစ္စဟာ လူသိပ်မသိသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ အမေရိကန် အရေပြားသိပ္ပံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ချွေးနံ့ပျောက်ဆေးကို ခြေထောက်မှာ သုတ်လိမ်းပြီး တောင်တက်ခရီး သွားကြသူတွေမှာ အရည်ကြည်ဖုဖြစ်ပေါ်ခြင်းကို လျော့နည်းစေတယ်လို့ သိရပါတယ်။

၄။ ချွေးတိတ်ဆေးများမှာပါဝင်တဲ့ methenamine ဟာ ခြေလက်ဖြတ်တောက်ထားသူတွေကို နာကျင်မှုက သက်သာစေပါတယ်။

ဒါကတော့ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုရဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။ အဆိုပါသုတေသနအရ ချွေးတိတ်ဆေးများဟာ ခြေလက်ဖြတ်တောက်ထားသူ ၁၆ယောက်ရဲ့ နာကျင်ကိုက်ခဲမှု၊ မအီမသာဖြစ်မှု၊ ယားယံမှုတွေကို သက်သာစေတယ်လို့ သိရပါတယ်။

၅။ သတ္တုပုံဆောင်ခဲသုံး ချွေးနံ့ပျောက်ဆေးများဟာ ချွေးတိတ်ဆေးထက် ပိုပြီး ဘေးကင်းပါတယ်။

သဘာဝသတ္တုပုံဆောင်ခဲသုံး ချွေးနံ့ပျောက်ဆေးတွေကို ရည်ရွယ်ပါတယ်။ သူတို့မှာ ရောဂါပိုးတွေကို သေစေတဲ့သတ္တိ ရှိပါတယ်။ ကိုယ်ခန္ဓာကထွက်တဲ့ အဆိပ်အတောက်ဓာတ်တွေကိုလည်း ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။

၆။ သဘာဝချွေးတိတ်ဆေးများဟာ အလူမီနီယံပါတဲ့ ချွေးတိတ်ဆေးတွေထက် ပိုကောင်းပါတယ်။

သင်သုံးနေကြ ချွေးနံ့ပျောက်ဆေးတွေရဲ့ အညွှန်းစာကိုဖတ်ကြည့်ရင် အလူမီနီယံကလိုရုဒ်နဲ့ အလူမီနီယံဇာကိုနီယံ စတဲ့ပစ္စည်းတွေပါဝင်တာကို တွေ့နိုင်ပါတယ်။ အလူမီနီယံအခြေခံတဲ့ ပစ္စည်းတွေဟာ ချွေးနံ့ကိုသက်သာစေပြီး ချွေးနံ့ပျောက်ဆေးအများစုမှာ ထည့်သွင်းသုံးစွဲကြပါတယ်။ ဒါပေမယ့် အဲဒီပစ္စည်းတွေဟာ ကျန်းမာရေးပြဿနာအချို့ ဖြစ်ပွားစေနိုင်တယ်လို့ ဆိုကြပါတယ်။

အကယ်၍ အလူမီနီယံဓာတ်ကို စိတ်မချရင်လည်း သဘာဝကို အခြေခံတဲ့ ချွေးနံ့ပျောက်ဆေးတွေ သုံးစွဲနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ပန်းသီးရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါ၊ အုန်းဆီ၊ အာတာလွတ်ဥအမှုန့် စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝချွေးနံ့ပျောက်ဆေးများဟာ ချွေးနံ့သက်သာစေအောင်ပဲ တတ်နိုင်ပြီး ချွေးထွက်ခြင်းကိုတော့ လျော့နည်းစေမှာ မဟုတ်ပါဘူး။

သတိပြုသင့်သည့် ဘေးထွက်ဆိုးကျိုးများ

ဘယ်အရာမဆို ကောင်းကျိုးရှိသလိုပဲ ဘေးထွက်ဆိုးကျိုးလည်းရှိမှာ ဖြစ်ပါတယ်။

ချွေးနံ့ပျောက်ဆေးတချို့ဟာ ဓာတ်မတည့်မှုကိုဖြစ်စေပြီး အဖုအပိန့်များထွက်စေခြင်း၊ ယားယံခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးအသစ်တမျိုးမျိုးကို သုံးစွဲမယ်ဆိုရင် အနည်းငယ်လောက် စမ်းသပ်သုံးစွဲပြီး စိတ်ချရမှ ဆက်လက်သုံးစွဲသင့်ပါတယ်။

လူတချို့ကတော့ အနံ့ပြင်းတဲ့ဆေးတချို့နဲ့ မတည့်ကြပါဘူး။ ဒါကြောင့် အနံ့မပါတဲ့၊ အနံ့သိပ်မရှိတဲ့ ချွေးနံ့ပျောက်ဆေးကို သုံးစွဲသင့်ပါတယ်။

ချွေးနံ့ပျောက်ဆေးတချို့မှာပါဝင်တဲ့ ပိုးမွှားတွေသေစေနိုင်တဲ့ ဂုဏ်သတ္တိဟာ တခါတရံမှာ အရေပြားပေါ်မှာ အဏုဇီဝပိုးများဟန်ချက်ညီခြင်းကို ပျက်ယွင်းစေပါတယ်။ အဲ့ဒီအခါမျိုးမှာ အနံ့ဆိုးတွေ ပိုမိုထွက်ပေါ်လာတတ်ပါတယ်။

တခါတရံမှာ ချွေးတိတ်ဆေးအမျိုးအစားအသစ်ကို ပြောင်းလဲသုံးစွဲချိန်မှာ ချွေးပိုထွက်လာတာကို ကြုံလာရတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာက လိုက်လံချိန်ညှိပြီးမှာတော့ ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။

ကိုယ်ခန္ဓာအရေပြားပေါ်မှာ ခြစ်ရာရှရာ၊ ဓားရှရာတွေရှိနေရင် ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေး မသုံးသင့်ပါဘူး။ နီရဲယားယံခြင်း၊ ရောင်ရမ်းခြင်း ဖြစ်စေတတ်ပါတယ်။

…………..

နိဂုံးချုပ်တင်ပြလိုတဲ့အချက်ကတော့ FDA ကနေ အသိအမှတ်ပြုထားတဲ့ စိတ်ချရတဲ့ ချွေးတိတ်ဆေး၊ ချွေးနံ့ပျောက်ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။ သဘာဝချွေးနံ့ပျောက်ဆေးတွေနဲ့လည်း တခါတရံ အစားထိုးနိုင်ပါတယ်။ ဘယ်နေရာမှာမဆို ကောင်းကျိုးဆိုးကျိုးရှိတာကို သတိချပ်သင့်ပါတယ်။ သဘာဝတရားအရထွက်တဲ့ ချွေးကို အလွန်အကျွံထိန်းချုပ်ရင်တော့ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 25/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement