backup og meta

ငိုကြွေးခြင်းရဲ့ ကောင်းကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငိုကြွေးခြင်းရဲ့ ကောင်းကျိုးများ

    “ယောက်ျားလေး ဖြစ်ပြီး မငိုရဘူး” “ငိုရင် ကိုယ်အရှုံးပဲ။ မငိုနဲ့” “ငိုတယ်ဆိုတာ ပျော့ညံ့ခြင်းပဲ”

    မေ့လိုက်ပါ။ ဒီစကားတွေ အကုန်လုံးကို မေ့လိုက်ပါ။ ခံစားချက်တွေကို ဖွင့်ထုတ်ပါ။ ပျော်စရာရှိရင် ရယ်ကြသေးတာပဲ။ ဝမ်းနည်းစရာ ရှိရင် ကျွန်တော်တို့ ဘာလို့ မငိုရမှာလဲ။ တကယ်တော့ ငိုကြွေးခြင်းက ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ်။

    ၁။ မျက်ရည်က ခန္ဓာကိုယ်ကို အဆိပ်အတောက် ကင်းစေပါတယ်။

    မျက်ရည်ကို (၃) မျိုးခွဲလို့ ရပါတယ်။

    • အလိုအလျောက် တုံ့ပြန်တဲ့ မျက်ရည်
    • အလိုလို ရှိနေတဲ့ မျက်ရည် နဲ့
    • ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်တွေပါ။

    အလိုအလျောက် တုံ့ပြန်တဲ့ မျက်ရည်ဟာ ဖုန်တွေ၊ မီးခိုးတွေကြောင့် ကျလာတဲ့ မျက်ရည်တွေဖြစ်ပြီး မျက်လုံးကို ရှင်းစေပါတယ်။ အလိုလို ရှိနေတဲ့ မျက်ရည်တွေကတော့ မျက်လုံးလှုပ်ရှားမှုတွေကို ချောမွေ့စေပြီး ပိုးဝင်ခြင်းကနေ ကာကွယ်ပေးပါတယ်။ သူ့မှာတော့ ရေ ၉၈%ပါဝင်ပါတယ်။

    နောက်ဆုံးတစ်ခုဖြစ်တဲ့ ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်မှာတော့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေနဲ့ အခြားသော အဆိပ်အတောက်တွေ ပါဝင်ပြီး ငိုကြွေးလိုက်ခြင်းက သင့် ခန္ဓာကိုယ်ထဲက ညစ်နွမ်းစေတဲ့ အရာတွေကို ဖယ်ရှားပေးတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒီအတွက်တော့ သုတေသနတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

    ၂။ စိတ်ပိုင်းဆိုင်ရာ အထောက်အကူကို ရရှိစေပါတယ်။

    ငိုကြွေးလိုက်တဲ့အခါ သူများဆီကပဲ ဖြစ်စေ၊ ကိုယ်တိုင်ပဲ ဖြစ်စေ၊ ဖြေသာရာ ရသွားပါတယ်။ ငိုကြွေးခြင်းက parasympathetic nervous system (PNS) လို့ ခေါ်တဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး ဒီစနစ်ဟာ ခန္ဓာကိုယ်ကို အနားရစေပါတယ်။ ငိုလို့ ဝရင် ဗိုက်ဆာတာမျိုး ဖြစ်၁ဖူးကြလား။ အဲဒါလည်း ဒီစနစ်ရဲ့ လက်ချက်ပါပဲ။ နောက်ပြီးတော့ ငိုလိုက်တဲ့အခါမှာ စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေ ပါသွားတာကြောင့် စိတ်ဖိစီးမှုလည်း လျော့နည်းသွားပြီး သွေးဖိအားကိုလည်း မှန်ကန်သွားစေပါတယ်။

    ၃။ အမြင်အာရုံကို ပိုကောင်းစေပါတယ်။

    တစ်ရက်လုံး မအားလို့ ရေမသောက်ဖြစ်တဲ့အခါ ခန္ဓာကိုယ်က ရေကို တောင့်တလာပါတယ်။ မျက်လုံးလည်း ထိုနည်းလည်းကောင်းပါပဲ။ မျက်လုံး ကြည်ကြည်၊ စိုစို ဖြစ်နေဖို့ ရေဓာတ်ကို လိုအပ်ပါတယ်။ ကျွန်တော်တို့ ငိုလိုက်တဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေက မျက်လုံးကို ရေဓာတ်ပြန်လည်ဖြည့်ပေးပြီး ကျွန်တော်တို့ အမြင်အာရုံတွေကို ပိုပြီး ကြည်လင်စေပါတယ်။

    ၄။ နာကျင်မှုတွေကို သက်သာစေပါတယ်။

    တစ်ခုခု ဖြစ်ရင် ငိုသာငိုပါ။ အချိန်အကြာကြီး ငိုကြွေးခြင်းဟာ အောက်ဆီတိုစင်နဲ့ အန်ဒိုဖင်းစ် (Endorphins) တွေ ထုတ်ပေးနိုင်ပြီး ဒါတွေဟာ လူကို သက်သောင့်သက်သာ ဖြစ်စေတယ်၊ နေလို့ကောင်းစေတယ်ဆိုတဲ့ ခံစားချက်ကို ရရှိစေပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို သက်သာစေပါတယ်။

    ၅။ အိပ်လို့ ပိုကောင်းစေပါတယ်။

    ဒါကတော့ လူတိုင်း ဖြစ်ဖူးမှာပါ။ ငိုပြီး မောမောနဲ့ အိပ်ပျော်သွားတာမျိုး။

    ဘာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေတာလဲဆိုတော့ အပေါ်က ပြောခဲ့သလို မုဒ်ကို ပြောင်းသွားစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့သွားစေတယ်၊ နာကျင်မှုတွေ နည်းသွားစေတယ်၊ လူကို နေလို့ကောင်းစေတယ်၊ စတဲ့ အချက်တွေ အားလုံး စုပေါင်းပြီး အိပ်ပျော်ဖို့ အထောက်အကူ ဖြစ်သွားတာပါ။

    ဒီတော့ တစ်ခုခုဆို ငိုသာငိုပါ။ စိတ်ထဲ ကြိတ်ပြီး သိမ်းမထားပါနဲ့။ ငိုကြွေးခြင်းက တကယ်တော့ ကိုယ့်ခံစားချက်ကို အများသိအောင် ဖော်ပြခြင်းပဲမို့ တကယ်သတ္တိရှိသူတွေမှသာ လုပ်နိုင်တဲ့ အလုပ်ပါပဲ။

    စိတ်ဖိစီးမှုတွေ ကင်းဝေးကြပါစေ။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement