backup og meta

အဆိပ်အတောက်အဖြစ် သတ်မှတ်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ


Ye Myo Myat မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆိပ်အတောက်အဖြစ် သတ်မှတ်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ

    လူမှုဆက်ဆံရေးမှာ Toxic လို့ ခေါ်တဲ့ အဆိပ်အတောက်လို ဆက်ဆံရေးတွေ အများအပြား တွေ့ရပါတယ်။ မိဘ နဲ့ သားသမီးကြား၊ ဆွေမျိုးကြား၊ ချစ်သူ နှစ်ဦးကြား၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ သူစိမ်းတွေနဲ့ အစရှိသဖြင့် ကြားထဲက ဆက်ဆံရေးကို ကြည့်လိုက်တဲ့အခါ အေးချမ်းခြင်း မရှိဘူး။ အချိန်ပြည့် ပူလောင် ဝမ်းနည်းနေရတယ်။ တစ်ယောက်ယောက်က အမြဲနာကျင်သလို ခံရခက်တဲ့ အနေအထားမှာ ရောက်နေတတ်တယ်။ နားလည်ပေးမှု၊ ကိုယ်ချင်းစာမှုတွေ မရှိဘူး။ အဲ့လိုမျိုး ကိုယ်နဲ့ ဆက်ဆံနေတဲ့ သူနဲ့ အဆိပ်အတောက်လို ဝေဒနာတွေ ခံစားနေရတယ်၊ ပေးနေတယ်လို့ ခံစားမိရင် သေချာ ပြန်စဉ်းစားဖို့ အချိန်တန်ပါပြီ။

    အဆိပ်အတောက် ဖြစ်စေတဲ့ အပြုအမူပေါင်းများစွာ

    ကိုယ်တိုင် သိလျက်နဲ့ ဖြစ်စေ၊ ကိုယ်တိုင် မသိဘဲ လုပ်မိတာတွေ ဖြစ်စေ၊ ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆိုတိုင်းဟာ တစ်ဖက်လူရဲ့ စိတ်ကို ကသိကအောင့် ဖြစ်စေသလို သူနဲ့ ကိုယ့်ကြား ဆက်ဆံရေးကိုလည်း အဆိပ်တွေ ဖုံးလွှမ်းစေနိုင်ပါတယ်။ အတွေ့များတဲ့ အဆိပ်အတောက် အပြုအမူတွေကတော့

    ၁။ စိတ်ပိုင်းဆိုင်ရာ အရ ပံ့ပိုးပေးခြင်း၊ ဖေးမကူညီခြင်း မရှိခြင်း

    ၂။ စကားကို ဘုကလန့် လုပ်ပြီး အမြဲပြောခြင်း

    ၃။ ကျိုးကြောင်းဆီလျော်မှု မရှိဘဲ အမြဲ တစ်ဖက်သားကို အပြစ်မြင်နေတတ်တာ

    ၄။ ဘာပဲ လုပ်လုပ် သံသယဝင်တာ၊ ယုံကြည်မှု လုံးဝ မရှိတာ၊ သဝန်တိုတာ

    ၅။ လူတစ်ဖက်သားကို ထိန်းချုပ်ဖို့ ကြိုးစားတာ

    ၆။ ငါ့တုန်းက ဒီလိုလုပ်ခဲ့တာပဲ ဆိုပြီး စိတ်ထဲမှာ တေးမှတ်ထားတာ၊ အငြိုးအတေး ကြီးတာ

    ၇။ ကိုယ် ဘယ်သူနဲ့ ရှိနေတယ်၊ ဘယ်သွားနေတယ်၊ အစရှိသဖြင့် ကိုယ့်ဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှကို ဖုံးကွယ်ထားတတ်ခြင်း၊ ရိုးသားမှု မရှိခြင်း

    ၈။ ကိုယ့်ချစ်သူ သို့မဟုတ် လူတစ်ဖက်သားကို လုံးဝ မလေးစားတတ်ခြင်း

    ၉။ ကိုယ်နဲ့ မတိုင်ပင်ဘဲ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ခြင်း (ဥပမာ – နိုင်ငံခြား ပညာတော်သင် သွားတာ၊ နယ်ဆင်းပြီး အလုပ်လုပ်တာ၊ တိုက်၊ အိမ်တွေကို ဝယ်တဲ့နေရာမှာ မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ ကိုယ် ဝယ်လိုက်တာမျိုး)

    ၁၀။ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတဲ့ အချိန်တိုင်းမှာ ချစ်ခြင်းမေတ္တာဆိုတဲ့ အေးမြမှု လုံးဝ မရဘဲ ပူလောင်နေတဲ့ ခံစားမှုကိုသာ ခံစားမိခြင်း

    ၁၁။ ကိုယ်ပြောတဲ့ စကားတွေကို လျစ်လျူရှုခြင်း၊ အလေးမထားခြင်း

    ၁၂။ မိမိဘဝကို ဂရုစိုက်ခြင်း မရှိဘဲ ကိုယ်ချစ်တဲ့သူကိုသာ အချိန်ပြည့် တွေးတော သတိရနေခြင်း

    ၁၃။ ပြဿနာကို မျိုသိပ်ထားပြီး များလာတော့မှ ထပြီး ပေါက်ကွဲခြင်း

    ၁၄။ တခြားသူကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲဖို့၊ အုပ်စိုးဖို့ ကြိုးစားခြင်း အစရှိတဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။

    ဒါမျိုး အမူအကျင့်တွေ ဘာကြောင့် ဖြစ်လာရတာလဲ။

    အကြောင်းရင်းမှန်ကတော့ အတိအကျ သိနိုင်ဖို့ ခက်ပါတယ်။ များသောအားဖြင့် ကြီးပြင်းလာတဲ့ မိသားစု၊ အသိုင်းအဝိုင်း၊ အချိန်အကြာကြီး ကိုယ့်မျက်စိရှေ့မှာ မြင်ခဲ့တဲ့ အပြုအမူတွေ၊ ကလေးဘဝက စိတ်ဒဏ်ရာမျိုး၊ လူတွေကို မယုံကြည်တတ်ရာကနေ အကြိမ်ကြိမ် သစ္စာဖောက်ခံရခြင်း၊ အချစ်ရေး မတည်မြဲခြင်း၊ စိတ်ကျန်းမာရေးမှာ ချို့ယွင်းချက်ရှိခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်လာတယ်လို့ ကောက်ချက် ချနိုင်ပါတယ်။

    ဘယ်လို ပြန်ပြီး ပြင်ဆင်လို့ ရမလဲ။

    ဘယ်အရာမဆို ကိုယ့်ဘက်က မှားနေတယ်ဆိုရင် ပြင်ဖို့အတွက် နောက်မကျပါဘူး။ ချစ်သူရည်းစားတွေ ဆိုရင်လည်း အဲ့ဒီအတိုင်းပါပဲ။ သူ့ကို ကိုယ်တကယ် ချစ်မြတ်နိုးတယ်၊ သူနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးကလည်း အမြဲ ပူလောင်နေတယ်ဆိုရင် ၂ ယောက် အတူတိုင်ပင်ပြီး သူ့အမှား၊ ကိုယ့်အမှား၊ သူ့အမြင်၊ ကိုယ့်အမြင် ၂ ဖက်လုံးကို နားထောင်ပြီးတော့ ပြင်လို့ ရတာ ပြင်မယ်၊ ညှိနှိုင်းလို့ ရရင် ညှိနှိုင်းရမှာပါ။ အမြဲတမ်း ကိုယ့်ဘက်ကပဲ မှန်တယ်လို့တော့ တရားသေ တွက်လို့ မရပါဘူး။ တချို့နေရာတွေမှာ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်တတ်ဖို့လည်း လိုပါတယ်။ ဘယ်လို ဆက်ဆံရေးမှာမဆို အနည်းဆုံး ၂ဦး ရှိပါတယ်။ ဒီအတွက် ကိုယ်ကတော့ အပြုအမူတစ်ခုကို သဘောရိုး တစ်ခုနဲ့ လုပ်ခဲ့ရင်တောင် တစ်ဖက်လူရဲ့ အမြင်မှာ ဒီလိုသဘောလို့ ထင်ချင်မှ ထင်နိုင်မှာပါ။

    အချုပ်အားဖြင့် ပြောရမယ်ဆိုရင် စွဲလမ်းစိတ် များတဲ့ ချစ်ခြင်းမေတ္တာဟာ အေးချမ်းခြင်း မရှိသလို တည်မြဲခြင်းလည်း မရှိပါဘူး။ တည်မြဲခဲ့တယ် ဆိုရင်တောင် ၂ ဖက်လုံးက ဒဏ်ရာတွေ၊ မေ့မရနိုင်တဲ့ အငြိုးအတေးတွေနဲ့ ပြည့်နေပြီး အမြဲတမ်း တကျက်ကျက်နဲ့ ရန်များနေရမှာပါ။ ဒီအတွက် အခုကတည်းက အမှားကို သိအောင် မြင်ပြီး ရအောင် ပြင်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement