စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်

လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။

လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘောမဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာတော့တာပေါ့။

နှလုံးရောဂါ – ကာလရှည်ကြာစိတ်ဖိစီးတာကြောင့် သွေးပေါင်ချိန်မြင့်ရာကနေ နောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နှလုံးခုန်နှုန်း နဲ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပြီး သွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ပန်းနာရင်ကျပ် -လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

အဝလွန် – စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီး ဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့် နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။

ဆီးချို – အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်ခြေ မြင့်စေသလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီး သွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။

ခေါင်းကိုက် – စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာက ခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာက ခေါင်းကိုက်စေတဲ့အပြင် ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါ ခံစားရစေနိုင်ပါတယ်။

စိတ်ဓာတ်ကျ – ကာလရှည်ကြာစိတ်ဖိစီးမှုက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်တယ်ဆိုတာက အဆန်းကြီးတော့မဟုတ်ပါဘူး။ နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေ စိတ်ဖိစီးမှုကို ခံစားနေရသူတွေက အခြားသူတွေထက် စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ခြေ ၈၀ ရာခိုင်နှုန်းပိုများနေနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းပြဿနာ -အစာမကြေတာ၊ ရင်ပူတာတွေက စားလိုက်တဲ့ အစားအစာတွေကြောင့်ဖြစ်နိုင်သလို ကာလရှည်ကြာ ပိုက်ထားခဲ့ရတဲ့ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် စားလိုက်တိုင်း အာဟာရဖြစ်ပြီး အစာခြေစနစ် ကျန်းမာနေစေဖို့ စိတ်ဖိစီးမှုကိုမြန်မြန်အဝေးလွှင့်ပစ်ပါနော်။

အယ်လ်ဇိုင်းမားရောဂါ  -လေ့လာမှုအရ စိတ်ဖိစီးမှုကြောင့် အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေပိုများစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကရောဂါရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချနိုင်လေလေရောဂါခံစားရနိုင်ခြေနည်းလေလေပါ။