backup og meta

မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

    ဝမ်းနည်းတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဝမ်းသာတဲ့အခါမှာပဲ ဖြစ်ဖြစ် မျက်ရည် ဝဲတတ်ကြ၊ ငိုကြွေးတတ်ကြတာဟာ လူ့သဘာဝပါပဲ။

    ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ အကြောင်းမရှိဘဲ ငိုကြွေးဖြစ်နေတာမျိုးတွေလည်း ဖြစ်နိုင်သလို အလိုလိုမျက်ရည်ကျလာတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဥပမာ စိတ်ဓာတ်ကျတာမျိုး၊ စိတ်ဖိစီးမှုများတာမျိုးလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါ့။

    တစ်ခုရှိတာက အထက်ပါပြဿနာတွေမရှိဘဲ တခြားသောကျန်းမာရေးပြဿနာတွေကြောင့်လည်း မျက်ရည်တွေ တသွင်သွင်စီးကျတာမျိုး ဖြစ်နိုင်တယ်ဆိုတာပါပဲ။ မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ က ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ရုတ်တရက်အကြောင်းအရင်း မသိနိုင်ဘဲ မျက်ရည်တွေ စီးကျလာနိုင်တဲ့ အကြောင်းအရင်းတွေ အများအပြားရှိထားပါတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေပါ။ ဘာတွေလဲဆိုတာ သိထားဖို့တော့ လိုအပ်ပါတယ်။ တချို့ပြဿနာတွေဟာ ပေါ့ဆလို့မဖြစ်တဲ့ ပြဿနာတွေဖြစ်နေတာကြောင့်ပါပဲ။

    မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

    လူတစ်ယောက် ငိုကြွေးစေရတဲ့ အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်။ ပျော်ပြီး မျက်ရည်ကျတာမျိုးဖြစ်နိုင်သလို စိတ်ခံစားချက်လွန်ကဲတာကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများတာ၊ ဝမ်းနည်းတာနဲ့ ပတ်ဝန်းကျင်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် မျက်ရည်ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    အမျိုးသားတစ်ယောက်ဟာ တစ်လမှာ ၁.၃ ကြိမ်နဲ့အထက် အမျိုးသမီးတစ်ယောက်ဟာ တစ်လမှာ ၅.၃ ကြိမ်နဲ့အထက် ငိုကြွေးနေမိပြီဆိုရင် ဒါဟာ သဘာဝနဲ့ ဆန့်ကျင်ပြီး အလွန်အမင်း ငိုကြွေးမိနေတဲ့ လက္ခဏာဖြစ်ပါတယ်။ နောက်ပြီး ငိုကြွေးချိန်ကလည်း ၈ မိနစ်ဝန်းကျင်ကြာမြင့်နေမယ်ဆိုရင်ပေါ့။

    ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်နေပြီဆိုတဲ့သဘောပါ။ ဒါဟာ စိတ်ဖိစီးမှုနဲ့ တခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနတွေ ကြုံဆုံနေရတဲ့ သဘောဖြစ်ပါတယ်။

    အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံဆုံနေရမယ်ဆိုရင် အဆက်မပြတ် မျက်ရည်ကျနေတာမျိုး၊ ဆက်တိုက် ဒါမှမဟုတ် မကြာခဏ ငိုကြွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

  • အိပ်ရေးမဝခြင်း

  • လူတစ်ယောက်က တစ်နေ့ကို ၇-၉ နာရီကြား မဖြစ်မနေ အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ချိန်မလုံလောက်ရင် မျက်ရည်တွေ ကျနေတာမျိုး မကြာခဏဖြစ်နေပါလိမ့်မယ်။ ပိုဆိုးတာကတော့ အိပ်ရေးမဝခြင်းဟာ စိတ်ခံစားချက်အပေါ်ကိုပါ သက်ရောက်နိုင်တာပါပဲ။

    • စိတ်ဖိစီးမှုနဲ့ ကိုယ်စိတ်နှလုံး ချုံးချုံးကျခြင်း

    စိတ်ဖိစီးမှုများတဲ့ လူနေမှုပုံစံက သင့်ကို ပင်ပန်းနွမ်းနယ်စေပါလိမ့်မယ်။ ကိုယ်စိတ်နှစ်ပါးလုံး ချုံးချုံးကျလောက်အောင်ကို ပင်ပန်းနွမ်းနယ်နေပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြတဲ့အနေနဲ့ မျက်ရည်တွေ ထုတ်လွှတ်ပါလိမ့်မယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ မောပန်းတာ၊ နာကျင်တာတွေလည်းဖြစ်နိုင်ပါတယ်။

    ဒီပြဿနာကတော့ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ရာသီမလာခင်မှာ စိတ်ခံစားချက် တည်ငြိမ်မှုမရှိဖြစ်ပြီး ငိုကြွေးတတ်တာပါပဲ။ ရာသီမလာခင် တစ်ပတ်ကနေ ၂ ရက်အကြားမှာ စတင်ဖြစ်ပေါ်နိုင်ပါတယ်။

    • သွေးဆုံးခါနီး ဒါမှမဟုတ် သွေးဆုံးချိန်

    အမျိုးသမီးတွေဟာ သွေးဆုံးခါနီးကာလတွေနဲ့ သွေးဆုံးစအချိန်တွေမှာ အလွယ်တကူငိုကြွေးဖြစ်တတ်ကြပါတယ်။ ဒါဟာ သွေးဆုံးကာနီးမှာဖြစ်တတ်တဲ့ နိမိတ်လက္ခဏာလို့လည်း ဆိုလို့ရပါတယ်။

    • Postcoital Dysphoria

    ထူးဆန်းတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့အခါတိုင်း မျက်ရည်ကျတာ၊ ငိုကြွေးတာမျိုး ဖြစ်နေတတ်တာပါပဲ။ Postcoital Dysphoria လို့ ခေါ်ဆိုကြပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သောကများတာ၊ စိတ်ဖိစီးတာနဲ့ ဝမ်းနည်းတာမျိုးတွေ ခံစားရတတ်တာပါပဲ။ ဒါမျိုးက ခဏခဏဖြစ်တတ်တာမျိုးမဟုတ်ပေမယ့် အမျိုးသမီး ၄၆% ဟာ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ ဒီပြဿနာမျိုး ကြုံဆုံရတတ်ပါတယ်တဲ့။

    Pseudobulbar Affect ဆိုတာက ဦးနှောက် ထိခိုက်တာ၊ ဒါမှမဟုတ် လုပ်ဆောင်ချက်တွေ ဖောက်လွဲဖောက်ပြန်ဖြစ်တာကြောင့် ငိုကြွေးတာနဲ့ ရယ်မောတာကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေတဲ့ ဝေဒနာဖြစ်ပါတယ်။ ဒီပြဿနာကို ဦးနှောက်ထိခိုက်တာ၊ သတိမေ့ရောဂါရတာ၊ လေဖြတ်တာ၊ Lou Gehrig’s disease (ALS) တာတွေကြောင့်လည်း ကြုံရနိုင်ပါတယ်။

    • ဗီတာမင် ဘီ 12 ချို့တဲ့ခြင်း

    ဗီတာမင်ချို့တဲ့မှုကြောင့်လည်း မျက်ရည်မကြာခဏကျတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဗီတာမင် ဘီ 12ချို့တဲ့တာကြောင့်ပါ။ ဗီတာမင် ဘီ 12 ဟာ DNA၊ သွေးနဲ့ နာ့ဗ်ကြောတွေကို ကျန်းမာသန်စွမ်းနေစေဖို့ ထိန်းသိမ်းပေးတဲ့ ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် ဘီ 12 ချို့တဲ့ချိန်တွေမှာ မျက်ရည်ထိန်းမရတာ၊ ကိုယ်အလေးချိန် လျှော့ကျတာ၊ အစားအသောက်ပျက်တာ၊ အာရုံကြောချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။

    • သွေးတွင်းသကြားဓာတ်နည်းတာ

    သွေးထဲမှာ သကြားဓာတ်ချို့တဲ့နေရင်လည်း မျက်ရည်အလိုလိုကျတာမျိုးဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေ ကြုံရနိုင်ပါတယ်။ ဆီးချိုဆေးတွေ အလွန်အကျွံသောက်မိတာမျိုးတွေကြောင့် ခုလိုဖြစ်တာပါ။

    • သိုင်းရွိုက်ပြဿနာများ

    သိုင်းရွိုက်ဂလင်း (Thyroid gland) နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာရှိနေသူတွေဟာလည်း ကိုယ်ခံအားစနစ် ချို့ယွင်းပြီး မျက်ရည်ကျတာမျိုး၊ ငိုကြွေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ ကိုယ်ခံအားစနစ် ဖောက်ပြန်ပြီး သိုင်းရွိုက်ဂလင်းတွေကို မှားယွင်းတိုက်ခိုက်မိတာကြောင့်ပါ။

    • စိတ်ဓာတ်ကျတာ

    စိတ်ဓာတ်ကျနေတဲ့လူတွေဟာ အလိုအလျောက်ကို ရှိုက်ကြီးတငင် ငိုကြွေးတတ်ကြပြီးတော့ စိတ်ပျက်ဝမ်းနည်းစရာတွေ တွေးမိတာကြောင့် ငိုကြွေးတာဖြစ်နိုင်သလို၊ ဒီအတိုင်း မရည်ရွယ်ပဲ မျက်ရည်တွေ စီးကျကာ အလိုလို ဝမ်းနည်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျဆင်းနေသူအမျိုးသမီးတွေရဲ့ ၈၀% လောက်ဟာ မကြာခဏ ငိုကြွေးတတ်ကြပါတယ်။

    မျက်ရည်တို့ရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ ကို သိလောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement