backup og meta

အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသပြီးနောက် အစားဘယ်လိုပြန်စားကြမလဲ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသပြီးနောက် အစားဘယ်လိုပြန်စားကြမလဲ။

    အစာအိမ်ကင်ဆာကိုခွဲစိတ်ပြီး ကုသမယ်ဆိုရင် ကင်ဆာအလုံးကိုဖယ်ဖို့အတွက် အစာအိမ်တစ်စိတ်တစ်ပိုင်းကိုဖြတ်ပြီး ကျန်တဲ့အပိုင်းတွေဆက်လိုက်တာဖြစ်ဖြစ်၊ အစာအိမ်တစ်ခုလုံးကို ထုတ်လိုက်တာမျိုးဖြစ်ဖြစ် ကိုယ့်ရောဂါ အခြေအနေပေးမူတည်ပြီး ခွဲစိတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဆေးပညာအရဒီလိုမျိုး အစာအိမ်ဖြတ်ပြီး ပြန်ဆက်တဲ့ ကုသမှုကို gastrectomy လို့ခေါ်ပါတယ်။

    ဒီလို gastrectomy ကုသမှု ခံယူထားတဲ့ လူနာတစ်ယောက်ဟာ အခြား သာမာန်ခွဲစိတ်မှုလုပ်ထားတဲ့ လူတွေနဲ့ မတူတော့ပါဘူး။ အစာအိမ်ကို ဖြတ်တောက်ပြီး ပြန်ဆက်ထားရတာဖြစ်တဲ့အတွက် စားသောက်မှုအပိုင်းမှာ ပိုဂရုစိုက်ရတော့မှာပဲဖြစ်ပါတယ်။ ဘာတွေစားမလဲဆိုတာရော ဘယ်လိုအချိန်တွေမှာ စားရမလဲဆိုတာတွေရော အသေးစိတ်အကုန်လုံးပေါ့။ ။

    ခွဲစိတ်ပြီးနောက်ပိုင်း အစားဘယ်အချိန် ပြန်စားရမလဲ။

    ကင်ဆာကိုယ်တိုင် ဝိတ်ကျစေတာရော ကင်ဆာဆေးတွေသွင်းနေရတော့ အစားအသောက်ပျက်ပြီး မစားနိုင်တာတွေရော ပေါင်းပြီးအဲဒီအချိန် ကိုယ်အလေးချိန်ကျနေမှာတော့ အသေအချာပါ။ အစာအိမ်ကိုအသားကျအောင် အနားပေးရမှာ ဖြစ်တာကြောင့် ခွဲစိတ်ပြီးပြီးချင်း ပါးစပ်က အစားတွေပြန်စားလို့မရသေးချိန် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရတွေကို IV လိုင်းတွေက နေတစ်ဆင့် ( ဒါမှမဟုတ်) ဗိုက်မှာအပေါက်ဖောက်ပြီး အာဟာရတွေ ထည့်ပေးတာမျိုးတွေ လုပ်ပေးရပါတယ်။

    ခွဲစိတ်ပြီး ရက်ပိုင်းလောက်ကြာရင် အရည်စသောက်လို့၇မှာဖြစ်ပြီး ၂ ပတ်လောက်ကြာရင်တော့ အစားပျော့ပျော့လေးစစားပြီး နောက်ပိုင်းကျမှ တဖြည်းဖြည့်းပြန်ကျင့်သွားရမှာ ဖြစ်ပါတယ်။

    အစာခြေမှု အပိုင်းမှာလည်း ပြောင်းလဲမှုလေးတွေ ရှိပါတယ်။

    အစာအိမ်တစ်စိတ်တစ်ပိုင်း၊ ဒါမှမဟုတ် တစ်ခုလုံးကို ဖြတ်ထားတာဖြစ်တဲ့အတွက် အစာစားရင် ခဏလေးနဲ့ ဗိုက်ပြည့်သွားတတ်သလို ပုံမှန်လိုမျိုး အာဟာရစုပ်ယူမှု အပိုင်းတွေမရှိတော့ဘဲ လျော့သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး စားလိုက်တဲအစာတွေကို အစာခြေတဲ့အပိုင်းမှာလည်း အရင်လိုမျိုးနဲ့မတူတော့ဘ ဲကွာခြားချက်တွေရှိနေပါလိမ့်မယ်။

    ဥပမာ အစာအိမ်ခွဲစိတ်ပြီးနောက်ပိုင်း သကြားအစားများသွားတဲ့အခါမျိုးမှာ dumping syndrome, လို့ခေါ်တဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ dumping syndrome ဆိုတာ စားလိုက်တဲ့သကြားတွေက ရေတွေ အများကြီးကိုပါ ဆွဲယူလာသလိုဖြစ်သွားပြီး အစာဖြတ်ချိန်ကို မြန်စေကာ ဝမ်းလျှောတာမျိုးကိုဖြစ်စေတာကို ပြောတာပါ။ အစားစားပြီးပြီးချင် မိနစ် ၂၀ လောက်ဆို ဒီ dumping syndrome, ပြဿနာဖြစ်တတ်ပါတယ်။ ဒါဟာ lactose intolerant လို့ခေါ်တဲ့ နို့သကြားဓာတ်မစုပ်နိုင်တဲ့ ရောဂါနဲ့ အလားသဏ္ဍန်တူပါတယ်။ သကြားတင်မဟုတ်ပါဘူး အဆီကိုခြေဖျက်တဲ့အပိုင်းမှာလည်း အားလျော့သွားတာလေးတွေ ရှိပါတယ်။ ဒီတော့ ဒီလို အသေးစိတ်က အစ ဂရုစိုက်ဖို့လိုတာကြောင့် အစာအိမ်ခွဲစိတ်ပြီးတဲ့သူတိုင်း ဘာတွေကိုတော့ လုပ်သင့်တယ် ဘယ်ဟာမျိုးကိုတော့ရှောင်သင့်တယ်ဆိုတာလေးတွေ သိထားဖို့လိုလာတာပေါ့။

    အစာအိမ်ခွဲစိတ်ဖြတ်ထုတ်ပြီးနောက်ပိုင်း ကိုယ့်ရဲ့ စားသောက်မှုပုံစံအပိုင်းကို ဘယ်လိုဂရုစိုက်ကြမလဲ ။ ။

    • အရင်တုန်းကလိုမျိုး တစ်နေ့ သုံးကြိမ် အပြည့်အသိပ် စားလို့မ၇တော့ပါဘူး။ တစ်နေ့ ၃ ကြိမ်စားမယ့်အစား နည်းနည်းနဲ့ အကြိမ်ရေများများစားပေးဖို့လိုပါတယ်။

    • အစာကို မြန်မြန်မစားဘဲ ဖြည်းဖြည်းချင်းနဲ့ ကြေညက်အောင်ဝါးပါ။

    • ရေကတော့ ပုံမှန်လိုပဲ တစ်နေ့ကို ၈ ဖန်ခွက်လောက်သောက်ပေးပါ။ ဒါပေမယ့် အစားစားနေချိန် ရေအများကြီးသောက်တာကိုတော့ရှောင်ရပါလိမ့်မယ်။ ကာဘွန်ပါတဲ့အချိုရည်တွေနဲ့ ဆိုဒါပါတဲ့ အချိုရည်တွေကိုတော့ ရှောင်ရပါလိမ့်မယ်။

    • နောက်ပိုင်း အစာအိမ်က နည်းနည်းအသားကျသွားပြီဆိုမှ အပေါ်မှာပြောခဲ့တဲ့ သကြားနဲ့ အဆီတွေကို ဖြည်းဖြည်းချင်းပြန်ကျင့်စားပေးရမှာပါ။

    အမျှင်ဓာတ်များများပါတာလည်း စားလို့မရပါဘူး။ ဗိုက်ကိုကယ်စေပြီး အစာအကြေဖြစ်စေတာကြောင့်ပါ။

    • နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။

    ကယ်လိုရီများ၊ အာဟာရလည်းပြည့်ပြီး သကြားပါဝင်မှုနည်းတဲ့ အစားအသောက်တွေကို ပိုရွေးချယ်စားပေးပါ။

    • ကိုယ်အလေးချိန်ကလည်း ကျနေတယ် အစားလည်းရွေးစားရတယ်ဆိုတော့ အာဟာရသိပ်မရမှာစိုးရင် ဗီတာမင် သတ္တုဓာတ် ဖြည့်စွက်စာတွေသောက်ပေးလို့ရပါတယ်။

    • အထူးသဖြင့် အစာအိမ်တစ်ခုလုံး ဖြတ်ထုတ်ထားရတဲ့သူတွေဆို ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်ဖို့လိုအပ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်ဗီတာမင် B12 ဆေးသွင်းပေးဖို့လည်းလိုပါတယ်။

    • အစာအိမ်တစ်ပိုင်းလောက်ပဲ ဖြတ်ထားတယ်ဆိုရင်တော့ သံဓာတ်၊ ကယ်လ်ဆီယမ် ၊ ဗီတာမင် စီ နဲ့ ဗီတာမင် စီ ဓာတ်တွေ များတဲ့ အစားအစာတွေကို အဓိက ထားပြီး စားပေးရပါမယ်။

    • နောက်ပြီး သွေးစစ်မှုတွေကိုလည်း ပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ဆီမှာ ဘယ်လိုဓာတ်တွေ ချို့တဲ့မှုရှိလဲဆိုတာကို ဆရာဝန်တွေက အဖြေရှာပေးပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement