backup og meta

ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာအိမ်အချဉ်ရည် ဆန်တက်ခြင်း ပြဿနာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာအိမ်အချဉ်ရည် ဆန်တက်ခြင်း ပြဿနာ

    ဆန်တက်ခြင်း ပြဿနာ

    ကလေးအများစုဟာ တခါတရံ အန်လေ့ရှိကြပါတယ်။ တနေ့ထဲမှာ အကြိမ်ရေ အတော်များများတောင် အန်တတ်ကြပါသေးတယ်။ ဒါဟာစိုးရိမ်စရာမရှိပေမယ့် အန်တာကနေ အခြားသော ပြဿနာတွေဆီ ဦးတည်လာတယ် ဒါမှမဟုတ် အခြားရောဂါလက္ခဏာတွေနဲ့ တွဲလာတယ်ဆိုရင်တော့ အစာအိမ်အချဉ်ရည်ဆန်တက်တာကြောင့် ဖြစ်နိုင်ပြီး ဆေးပညာအရ gastroesophageal reflux disease (GERD) လို့ ခေါ်ပါတယ်။

    မွေးကင်းစနဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ GERD ရဲ့ လက္ခဏာတွေက ဘာလဲ။

    GERD ဟာ အကြမ်းဖြင်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာသာ ဖြစ်ပွားတတ်ပေမယ့် မွေးကင်းစနဲ့ ကလေးတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အောက်ဖော်ပြပါ လက္ခဏာတွေ အများဆုံးပြလေ့ရှိပါတယ်။

    · မကြာခဏ အန်ခြင်း။

    · ချောင်းဆိုးတာရှည်ခြင်း။

    · အစားကောင်းကောင်း မစားတော့ခြင်း ဒါမှမဟုတ် အစာစားရခက်ခြင်း (သီးတာ၊နင်တာတွေ ဖြစ်လာပါလိမ့်မယ်)။

    · အစာစားနေစဉ် ဒါမှမဟုတ် စားပြီးတဲ့အချိန်မှာ ငိုခြင်း။

    · ရင်ပူခြင်း၊လေထခြင်း ဒါမှမဟုတ် ဗိုက်နာခြင်း။

    မွေးကင်းစနဲ့ ကလေးတွေမှာ GERD နဲ့ အစာအိမ်အချဉ်ရည်ဆန်တက်တာ ဘာလို့ဖြစ်တာလဲ။

    အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ အစာတွေ အပေါ်ကိုဆန်တက်ပြီး အစာရေမြိုထဲရောက်လာတာကြောင့် အစာအိမ်အချဉ်ရည်ဆန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ တခါတရံ ပါးစပ်ထဲအထိရောက်နိုင်သလို ပါးစပ်ကတဆင့် အပြင်ကိုတောင် ထွက်လာနိုင်ပါသေးတယ်။

    ဒီအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ ကလေးအများစုဟာ ကျန်းကျန်းမာမာပဲ ရှိတတ်ကြပြီး အခုလိုဖြစ်ရခြင်းဟာ သူတို့ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ကောင်းစွာမဖွံ့ဖြိုးသေးတာကြောင့် ဖြစ်ပါတယ်။

    အသက်တစ်နှစ်ကျော်သွားရင်တော့ GERD ပျောက်သွားလေ့ရှိပြီး အသက်ကြီးတဲ့ ကလေးတွေမှာ GERD ဖြစ်ရတဲ့ အကြောင်းရင်းဟာ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်တဲ့ အကြောင်းရင်းနဲ့ ကွာခြားပါတယ်။ အစာအိမ်နဲ့ အစာရေမြိုကြားမှာရှိတဲ့ ကြွက်သားအဆို့လေး လျော့တိလျော့ရဲ ဖြစ်တာကြောင့် ဒါမှမဟုတ် ၎င်းအဆို့ရဲ့ အောက်မှာ ဖိအားတွေများပြီး တင်းလာလို့ ဖြစ်နိုင်ပါတယ်။

    အစာအိမ်အချဉ်ရည်ပြန်ဆန်တက်တာကို ဘယ်လိုရှာဖွေဖော်ထုတ်မလဲ။

    မိဘတွေပြောပြတဲ့ ရောဂါလက္ခဏာတွေ နဲ့ ကလေးရဲ့ ရောဂါရာဇဝင်ပေါ်မူတည်ပြီး ဆရာဝန်တွေအနေနဲ့ ဒီရောဂါကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်(အထူးသဖြင့် ရောဂါလက္ခဏာတွေ တောက်လျှောက်ပြနေတဲ့အတွက် နေမထိထိုင်မသာဖြစ်စေတယ်ဆိုရင်ပေါ့)။ ဓါတ်မှန်သုံးဆိုးဆေးအသုံးပြုပြီး ဓါတ်မှန်ရိုက်တာ၊pH ပမာဏကို စစ်ဆေးတာ၊အူလမ်းကြောင်းအထက်ပိုင်းကို မှန်ပြောင်းကြည့်တာ စတဲ့ စစ်ဆေးမှုတွေကိုတော့ တခါတရံမှသာ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။

    မွေးကင်းစနဲ့ ကလေးငယ်တွေမှာ အစာအိမ်အချဉ်ရည်ပြန်ဆန်တက်တာကို ဘယ်လိုကုသမလဲ။

    စားသောက်နေထိုင်မှုပုံစံလေးတွေကို အနည်းငယ်ပြောင်းလဲပေးရပါမယ်။

    ဥပမာမွေးကင်းစကလေးတွေအတွက်

    · သူတို့လေးတွေရဲ့ ပုခက် ဒါမှမဟုတ် အိပ်ယာခေါင်းပိုင်းကို မြှင့်ထားပါ။

    · သူတို့လေးတွေကို အစာကျွေးပြီး/နို့တိုက်ပြီး နာရီဝက်လောက်အထိ မတ်မတ်ထားပါ။

    · နို့ဗူးတိုက်တဲ့အခါ cereal လေးတွေထည့်ပြီး ပိုပျစ်အောင် ဖျော်ပါ (ကလေးအထူးကုဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ်တောင်းခံရပါမယ်)။

    · အစားအသောက်ကျွေးတဲ့/နို့တိုက်တဲ့ အချိန်နဲ့ပုံစံကို ပြောင်းလဲကြည့်ပါ။

    · (ကလေးအထူးကုဆရာဝန်က ခွင့်ပြုရင်) အရည်အပြင် အဖတ်လေးတွေလည်း ကျွေးကြည့်ပါ။

    နည်းနည်းပိုကြီးတဲ့ ကလေးတွေအတွက်

    · အိပ်ယာခေါင်းရင်းကို မြှင့်ထားပေးပါ။

    · အစာစားပြီး နှစ်နာရီလောက်အကြာထိ မတ်မတ်နေပါစေ (မလှဲပါစေနဲ့)။

    · ထမင်းသုံးနပ်ကို အပီအပြင်တွယ်မယ့်အစား တနေကုန် နည်းနည်းချင်းစီ စားပါစေ။

    · အစာအိမ်အချဉ်ရည်ပြန်ဆန်တက်တာကို ပိုဆိုးစေတဲ့ ဘယ်လိုအစားအသောက်မျိုးကို မဆို မစားမိ၊မသောက်မိပါစေနဲ့။

    · ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ချင်လာအောင် တိုက်တွန်းအားပေးပါ။

    ရောဂါမသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆေးဝါးကုသမှု စတင်ခံယူဖို့ လိုလာပါပြီ။Simethicone နဲ့ Calcium carbonate antacid အစရှိတဲ့ ဆေးတွေဟာ ရောဂါလက္ခဏာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ အစာအိမ်က အက်ဆစ်ထွက်ရှိမှုကို လျော့ကျစေနိုင်မယ့် ဆေးတွေကိုလည်း သင့်ဆရာဝန်ကို ပေးကောင်းပေးပါလိမ့်မယ်။

    ဒါပေမယ့် ဒီဆေးတွေဟာ မွေးကင်းစကလေးတွေမှာ အကျိုးသက်ရောက်မှုရှိမရှိကို သုတေသနပညာရှင်တွေအနေနဲ့ယတိပြတ်မပြောနိုင်သေးပါဘူး။

    ယေဘုယျအားဖြင့် antacids တွေနဲ့ လေနိုင်ဆေးတွေဟာ ဘာပြဿနာဆိုးကျိုးမှ မရှိတတ်ပေမယ့် ဆေးပမာဏများရင်တော့ ဝမ်းလျှောတာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

    ကလေးတွေအနေနဲ့ အထက်ပါဆေးတွေကို ကာလကြာရှည်စွာ ပမာဏခပ်များများ သုံးစွဲမယ်ဆိုရင် အရိုးပါးခြင်း နဲ့ ဗီတာမင် B12 ချို့တဲ့ခြင်း စတဲ့ ပြဿနာတွေကို ရင်ဆိုင်ရစေနိုင်ပါတယ်။

    ခွဲစိတ်မှု ပြုလုပ်ဖို့ရော လိုအပ်ပါသလား။

    အစာအိမ်အချဉ်ရည်ပြန်ဆန်တက်တဲ့ ဝေဒနာကို ခံစားနေရတဲ့ ကလေးအများစုအတွက်တော့ ခွဲစိတ်မှုခံယူဖို့ မလိုအပ်တာ အမှန်ပါ။ ဒါပေမယ့် ဆေးမျိုးစုံပြီး မသက်သာတဲ့ ကလေးတွေ၊GERD ကြောင့် နမိုးနီးယားကဲ့သို့သော် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်လာရတဲ့ ဒါမှမဟုတ် အခြားသော ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားလာရတဲ့ ကလေးတွေမှာတော့ ခွဲစိတ်မှုပြုလုပ်နိုင်ပါတယ်။

    ဘယ်လိုခွဲစိတ်မှုမျိုးမဆို အနည်းနဲ့ အများတော့ အန္တရာယ်ရှိတာချည်းပဲမို့ ခွဲစိတ်မှုမခံယူခင်မှာ ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးပါ။ ဒါမှသာ ခွဲစိတ်ခြင်းဟာ ကလေးအတွက် မှန်ကန်တဲ့ ကုသမှုနည်းလမ်း ဟုတ်မဟုတ်ကို မိဘတွေအနေနဲ့ သိရှိဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement