backup og meta

ဝမ်းလျှောတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 08/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းလျှောတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား

    ဝမ်းပျက်ဝမ်းလျှောတာဟာ မိုးရာသီကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးပါ။ Diarrhea လို့ခေါ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏ (သို့) ဆက်တိုက်သွားခြင်းကို ခေါ်ဆိုတာပါ။ များသောအားဖြင့် ကြာချိန်အပေါ်မူတည်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို (၃) မျိုး ခွဲခြားလို့ရပါတယ်။

  • ရက်အနည်းငယ်ကနေ တစ်ပတ်ဝန်းကျင်ဆိုရင် ရေတို ဝမ်းလျှောတာ
  • ၃ ပတ်ဝန်းကျင်လောက်ကြာတာမျိုးကို အချိန်အတော်ကြာ ဝမ်းလျှောတာ
  • ၄ ပတ်ထက် ပိုကြာရင် နာတာရှည် ဝမ်းလျှောတာဆိုပြီး ခွဲခြားနိုင်ပါတယ်။
  • ဒီရောဂါက ကျား၊ မ မရွေးဖြစ်နိုင်သလို အရွယ်ရောက်ပြီးသူတိုင်း တစ်နှစ်ကို ၄ ကြိမ်လောက် ဝမ်းလျှောတတ်ကြပါတယ်။ များသောအားဖြင့် သာမန်ဝမ်းလျှောတာမျိုးသာ အဖြစ်များပေမယ့် အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါမျိုးမို့ ပေါ့ဆလို့ မဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။

    ဝမ်းပျက်ခြင်းနဲ့ ပိုးသတ်ဆေး

    ဝမ်းပျက်တဲ့အခါ Antibiotics လို့ခေါ်တဲ့ ပိုးသတ်ဆေးလို့လည်း လူသိများကြတဲ့ ပဋိဇီဝဆေးတွေကိုသောက်သုံးပြီး ကုသကြတာများပါတယ်။ သာမန်ဝမ်းလျှောဝေဒနာခံစားရတဲ့အခါမျိုးတွေမှာ အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ ဆေးအများစုကို ဝယ်ယူသောက်သုံးလိုက်ကြတာက ထုံးစံပါပဲ။

    ဒီလိုသုံးတာက အကျိုးသက်ရောက်မှုရှိသလို တစ်ခါတရံမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အသုံးများသွားတာ၊ စနစ်တကျ မသုံးတာမျိုးတွေနဲ့ မတည့်တာတွေကြောင့် ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

  • မူးဝေတာ
  • အိပ်ချင်တာ၊
  • ပင်ပန်းနွမ်းနယ်တာ
  • ဝမ်းချုပ်တာ၊
  • ဗိုက်အောင့်တာ၊
  • ယားယံတာ၊
  • အရေပြားတွေ နီမြန်းတာမျိုးတွေဖြစ်နိုင်ပါတယ်။
  • အလွန်အမင်းပြင်းထန်လွန်းရင် အပြင်းအထန် ဝမ်းချုပ်တာ၊ အော်ဂလီဆန်တာ၊ မူးဝေအော့အန်တာ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။

    နောက်ပြီးသိထားသင့်တာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောဝေဒနာတွေနဲ့ အစာမှားတာကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာတွေကို Antibiotics တွေက သက်သာအောင် မလုပ်ပေးနိုင်ဘူးဆိုတာပါပဲ။ ဘက်တီးရီးယားတွေ၊ ပါရာဆိုက်တွေကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာကိုသာ Antibiotics(ပဋိဇီဝဆေး) တွေနဲ့ ကုသနိုင်တာပါ။

    ဒါကြောင့် ကိုယ့်ရဲ့ဝေဒနာက ဘာကြောင့်ဆိုတာကို သေချာသိအောင် အရင်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဝမ်းပျက်နေချိန်မှာ Antibiotics(ပဋိဇီဝဆေး) တွေကို ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်သုံးရပါမယ်။

    မလိုအပ်ဘဲ ပိုးသတ်ဆေး သုံးမိရင် နောက်ဆက်တွဲအနေနဲ့

    • အနာတခြား ဆေးတခြား ဖြစ်ပြီး မသက်သာတာ
    • ဆေးယဉ်ပါးတာ
    • ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာ စတာတွေ ဖြစ်တတ်ပါတယ်။

    မလိုဘဲသုံးတော့ မသက်သာတဲ့အပြင် ဆိုးကျိုးတောင် ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသောက်ဘဲ ဆရာဝန်ပြဖို့လိုတာဖြစ်ပါတယ်။

    တခြားနည်းလမ်းတွေ

    တခြားတစ်ဖက်မှာလည်း ဝမ်းလျှောတာက သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာတင် သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

    အောက်ပါနည်းလမ်းတွေဟာ ဝမ်းလျှောတာကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

    • ရေဓာတ်နဲ့ ဆားဓာတ်ဆုံးရှုံးမှု နည်းပါးအောင် မပြတ်ဖြည့်ဆည်းပေးပါ။ အောက်က ဆုံးရှုံးသမျှ အပေါ်က ပြန်ဖြည့်ပါ။
    • အပြင်စာ ရှောင်ပြီး အိမ်မှ သန့်သန့်ရှင်းရှင်း ချက်ပြုတ်စားသောက်ပါ။
    • အပူအစပ်တွေပါဝင်နေတဲ့ အစားအစာတွေကို ရှောင်ပါ။
    • အမှည့်လွန် အသီးအနှံတွေ မစားပါနဲ့။
    • ဝမ်းလျှောနေချိန်မှာ နို့၊ ကော်ဖီ၊ အရက် သောက်သုံးတာမျိုး မလုပ်ပါနဲ့။
    • အူလမ်းကြောင်းအကျိုးပြုပိုးကောင်လေးတွေပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ ဆေးတွေသောက်ပါ။

      ဖြည့်စွက်စာအနေနဲ့ ဒိန်ချဉ်သောက်နိုင်ပါတယ်။ ဆေးဆိုရင်လည်း သောက်ရလွယ်တဲ့ ဆေးတောင့်တွေ၊ အမှုန့်တွေ ရှိနေပါပြီ။ ဒီအကျိုးပြု Gut flora လေးတွေဟာ ဝမ်းပျက်ရောဂါကို သက်သာစေနိုင်ခြေ ၅၅% အထိရှိပါတယ်။

    • လတ်တလောမှာ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့ အစားအစာတွေစားပါ။
    • လက်မကြာခဏ ဆေးပါ

    ဒီနည်းလမ်းတွေဟာ ဝမ်းပျက်ဝေဒနာခံစားနေရသူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 08/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement