backup og meta

ကြောက်စရာကောင်းလာသော ဆေးယဉ်ပါးပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြောက်စရာကောင်းလာသော ဆေးယဉ်ပါးပြဿနာ

    ဒီခေတ်မှာပဋိဇီဝဆေးဆိုတာ နားမစိမ်းတော့ပါဘူး။  ပိုးသတ်ဆေးလို့လဲ အရပ်ထဲမှာအလွယ်ခေါ်ကြပါတယ်။ အရင်ကဆို တစ်ခုခုနာဖျားရင် ဆေးသောက်ရမှာကြောက်ကြပါတယ်။ ခုတော့ဒီလိုမဟုတ်တော့ပါဘူး။ ဆေးတွေကိုအလွယ်တကူဝယ်သောက်နေကြပါပြီ။ ဒီထဲမှာပိုးသတ်ဆေးက ထိပ်ဆုံးကပါပဲ။ နှာစေးလည်း ပိုးသတ်ဆေး၊ ဝမ်းပျက်ရင် နော်ဘက်တင်၊ လည်ပင်းနာ အမောက်စေး စသဖြင့် ပိုးသတ်ဆေးသောက်မှခေတ်မီသလိုလိုဖြစ်လာပါပြီ။ ကြားဖူးနားဝတွေနဲ့ ဝယ်သောက်ကြသလို အချို့ ဆေးဆိုင်တွေကလည်း စပ်ဆေးအနေနဲ့ ရောင်းချတာ၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရောင်းချတာတွေလုပ်ကြတာတွေ့ရပါတယ်။

    ဒါတွေရဲ့ နောက်ဆက်တွဲပြဿနာကတော့

                                       “ဆေးယဉ်ပါး ပြဿနာပါပဲ။”

    • ဆေးယဉ်ပါးတယ်ဆိုတာဘာလဲ။

    ဆေးယဉ်ပါးတယ်ဆိုတာ အလွယ်ပြောရင်ဆေးမတိုးတော့ပါပဲ။ ပဋိဇီဝဆေးဆိုတာ ဘတ်တီးရီးယားလို့ခေါ်တဲ့ ပိုးတွေကို သတ်ပေးတာပါ။ ဒါကြောင့် ဘတ်တီးရီးယားမဟုတ်တဲ့ ရောဂါတွေမှာ အသုံးမဝင်ပါဘူး။ မလိုအပ်ဘဲ ခဏခဏ ပိုးသတ်ဆေးတွေ သောက်တဲ့အခါမှာ ပိုးတွေက ဆေးကို ခံနိုင်ရည်ရှိအောင် အသွင်ပြောင်းလာကြပါတယ်။ အဲ့ဒီမှာဆေးမတိုးတော့တာပါပဲ။

    ဘတ်တီးရီးယားတွေပဲလားဆိုတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဗိုင်းရပ်စ်သတ်ဆေးတွေ၊ ကပ်ပါးပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ အားလုံးပါလာပါပြီ။ ဒီဆေးတွေကို အလွယ်တကူ သောက်နေကြတဲ့အတွက် အတော်များများပိုးတွေက ဆေးယဉ်ပါးလာကြပါပြီ။ Superbugs လို့ ခေါ်တဲ့ စွမ်းအားရှင် ရောဂါပိုးမွှားတွေ ဖြစ်လာကြပါပြီ။

    •  ဒါဆို တခြားဆေးပြောင်းသောက်မှာပေါ့။

    ပြောသလောက်တော့ မလွယ်ပါဘူး။ ဆေးပြောင်းသောက်တယ်ဆိုဦးတော့။ ပိုပြီးအဆင့်မြင့်တဲ့ ဆေးကို ပြောင်းသောက်ရမှာပါ။ ဒါဆို ငွေကုန်ကြေးကျပိုများပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။

    •  ဘာတွေဖြစ်လာနိုင်လဲ။

    -ပုံမှန်သောက်နေကြဆေးနဲ့ မပျောက်တဲ့အခါ ဆေးအမြင့်တွေကို သုံးလာရပါမယ်။

    -ငွေကုန်ကြေးကျတွေပိုများလာပါမယ်။

    -ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေခံစားလာရပါမယ်။

    -ဆေးယဉ်ပါးရောဂါတွေ ပိုများလာပါမယ်။ (ဥပမာ ဆေးယဉ်ပါး တီဘီ)

    -ဆေးယဉ်ပါးပိုးတွေ သူများဆီကို ကူးသွားတဲ့အခါ သူပါ ကုသရခက်သွားပါမယ်။

    -ဒီလိုနဲ့ အဆင့်ဆင့်ကူးပြီး ကုမရတဲ့ရောဂါအခြေအနေဖြစ်သွားပါမယ်။ ဘာနဲ့တူမလဲဆိုရင် ပိုးသတ်ဆေးတွေမပေါ်ခင်ကလိုပဲ ရောဂါဖြစ်ရင်ကုရမယ့်ဆေးမရှိဘဲ ငုတ်တုတ်ထိုင်နေရမယ့်ခေတ်ကို ပြန်ရောက်သွားပါမယ်။

    •  ဒါဆို လုံးဝမသောက်ရတော့ဘူးလား။

    ဒီလိုဆိုလိုတာမဟုတ်ပါဘူး။ ပိုးသတ်ဆေးဆိုတာ အင်မတန်ကောင်းပါတယ်။ ပိုးသတ်ဆေးပေါ်ကတည်းက စပြီး ခုထိ လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးဆိုတာ နောက်အနာဂတ်အချိန်အထိ လိုနေဦးမှာပါပဲ။ ရှိနေရဦးမှာပဲ။

    ဒါကြောင့် ဆေးယဉ်ပါးမဖြစ်အောင် သတိထားရမှာပါ။

    • ကမ္ဘာတစ်ဝန်းလုံးအတွက် အန္တရာယ်ရှိလာတဲ့ ဆေးယဉ်ပါးပြဿနာ

    ခုဆိုရင် ဆေးယဉ်ပါးပြဿနာက တစ်ကမ္ဘာလုံး ခြိမ်းခြောက်နေတဲ့ ပြဿနာ ဖြစ်လာတဲ့အတွက် WHO က World Antimicrobial Awareness Week ဆိုပြီး နှစ်စဉ် နိုဝင်ဘာ ၁၈ရက်ကနေ ၂၄ရက်နေ့ထိ ကျင်းပပေးနေပါတယ်။

    ဘာကြောင့် ကမ္ဘာ့ပြဿနာလို့ ပြောရလဲဆိုတာကတော့

    ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆေးယဉ်ပါးဖြစ်ရတဲ့ အကြောင်းရင်းကတော့ ပိုးသတ်ဆေးတွေကို အလွယ်တကူ ဝယ်ယူလို့ရနေခြင်းပါပဲ။ သမားကိုင်ဆေးဖြစ်ပေမယ့် ဆရာဝန်လက်မှတ်မပါဘဲ ဝယ်လို့ရနေတာဖြစ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ်ရော၊ စပ်ဆေးအနေနဲ့ရော အလွယ်တကူဝယ်သောက်နေကြလို့ပဲ ဖြစ်ပါတယ်။

    ဆရာဝန်က ညွှန်တဲ့အခါမှာလည်း ဆေးပတ်လည်အောင် မသောက်ဘဲ လက္ခဏာသက်သာတာနဲ့ ရပ်လိုက်ကြတာကြောင့်လည်း ပါပါတယ်။ နောက်တစ်ခုက ဆေးတွေ မျှဝေတာပါ။ ကိုယ်ချောင်းဆိုးတုန်းက ဒီဆေးနဲ့ သက်သာလို့ နောက်တစ်ယောက်ချောင်းဆိုးတဲ့အခါလည်း ဒီဆေးကို ပြန်မျှပေးပါတယ်။ ဖြစ်တဲ့ ရောဂါမတူနိုင်တဲ့အတွက် စေတနာကနေ ဝေဒနာပဲ ဖြစ်သွားပါတယ်။

    လူတစ်ယောက်တည်းမှာတောင် ဒီတစ်ခါ ဖျားတာနဲ့ နောက်တစ်ခါ ဖျားတာ ပိုးခြင်းမတူနိုင်ပါဘူး။ ရှေ့တစ်ခေါက်က ဆေးစာကို သိမ်းထားပြီး နောက်တစ်ခါဖျားတော့ ဒီဆေးပဲ ပြန်ဝယ်သောက်တာက ရောဂါကို မသက်သာစေတဲ့အပြင် ပိုပြီး ကုရခက်တဲ့ အနေအထားကို ဖြစ်စေပါတယ်။

    ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်ထားတဲ့အတွက် ဒီလောက်မဆိုးပါဘူး။ ဒါပေမယ့် သူတို့ဆီမှာက တိရစ္ဆာန်မွေးမြူရေးတွေမှာ (ဥပမာ ကြက်၊ဘဲ၊ဝက်၊ငါး အစာ) ပိုးသတ်ဆေးတွေ ထည့်ပြီးကျွေးတဲ့အတွက် ဒီအသားတို့၊ ဥတို့ကို စားရတဲ့ လူတွေလည်း ပိုးသတ်ဆေးကို ထိတွေ့ပြီး ဆေးယဉ်ပါးသွားပါတယ်။

    ဒါတင်မကသေးပါဘူး။ အပင်တွေ စိုက်ပျိုးတဲ့အခါမှာလည်း ဒီလိုဆေးတွေ သုံးတဲ့အတွက် ဒီအသီးအရွက်တွေစားရာကနေ ဆေးယဉ်ပါးလာပါတယ်။ ဆေးယဉ်ပါးရုံတင် မကဘဲ မြေထု၊ လေထု၊ ရေထု ညစ်ညမ်းမှုတွေ ဖြစ်လာပါတော့တယ်။

    •  ဆေးယဉ်ပါးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

    ဆေးယဉ်ပါးဆိုတာ ပိုးသတ်ဆေးကို မဆင်မခြင်သောက်ရာက အဓိကဖြစ်လာတာပါ။ ဒါကြောင့်

    -ပိုးသတ်ဆေးကို မလိုအပ်ဘဲ မသောက်ပါနဲ့။ လိုမလိုသိရအောင် ဆရာဝန်နဲ့ပြသပါ။

    -နေမကောင်းဖြစ်တိုင်း ပိုးသတ်ဆေးမသောက်ပါနဲ့။

    -ဆေးတွေကို သူများကို မျှဝေမပေးပါနဲ့။

    -ဆေးတွေကို သိမ်းထားပြီး နေမကောင်းတဲ့အခါတိုင်း ပြန်ပြန်မသောက်ပါနဲ့။

    -ဆေးဆိုင်က စပ်ဆေးတွေ အလွယ်တကူဝယ်မသောက်ပါနဲ့။

    -ပိုးသတ်ဆေးသောက်မယ်စဉ်းစားတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပါ။

    -ဆရာဝန်က လိုအပ်လို့ သောက်ခိုင်းတဲ့အခါ ဆေးပတ်လည်အောင် သောက်ပါ။ သောက်ရမယ့် ပမာဏ၊ အကြိမ်ရေ၊ ရက် အတိအကျသောက်ပါ။ နေပြန်ကောင်းသွားလို့ ပိုးသတ်ဆေးကို ရက်မပြည့်သေးဘဲ ရပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

    -တိရစ္ဆာန်အစာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးတာကိုလည်း ဥပဒေတစ်ခု ပြဌာန်းပြီး ထိန်းချုပ်ရပါမယ်။

    ဆေးယဉ်ပါးပြဿနာဟာ ကမ္ဘာ့ကျန်းမာရေးပြဿနာ ဖြစ်တဲ့အတွက် လူတိုင်းပါဝင်ရပါမယ်။ ခုဆိုရင် ဒီပြဿနာအတွက် ဆရာဝန်တွေသာမကဘဲ မွေးမြူရေး ပညာရှင်တွေ၊ စိုက်ပျိုးရေး ပညာရှင်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ တခြားတခြားသော ပညာရှင်တွေက ပူးပေါင်းပြီး အဖြေရှာနေကြပါပြီ။

    ဒါတွေက superbugsတွေကြောင့် လူသားမျိုးနွယ် မပျက်သုဉ်းရေး အတွက်ပါပဲ။ ဆေးယဉ်ပါးပြဿနာ လျော့နည်းလာဖို့အတွက် သင့်မှာလည်း တာဝန်ရှိပါတယ်။ စွမ်းနိုင်တဲ့ဘက်က ကူညီပြီး ဆေးယဉ်ပါး ပြဿနာကို လျှော့ချဖို့ တိုက်တွန်းလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement