ခုခံအားကျ ဘယ်ကစ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျရောဂါကာကွယ်ရေးနေ့ဖြစ်ပါတယ်။ ခုခံအားကျရောဂါကိုတော့ လူတိုင်းကြားဖူးကြမှာပါ၊ ဒီနေ့အချိန်ထိ ပျောက်ကင်းအောင်ကုသဖို့ဆေးရော ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးပါ မပေါ်သေးတဲ့ ကြောက်စရာရောဂါဟာ ဘယ်ကနေ ဘယ်လိုစတင်ပေါ်ပေါက်လာသလဲဆိုတာ Hellosayarwon စာဖတ်ပရိတ်သတ်တို့အတွက် ဗဟုသုတရအောင် နည်းနည်းလောက်ပြောပြချင်ပါတယ်။

ခုခံအားကျရောဂါကိုတော့ အင်္ဂလိပ်လို AIDS၊ အရှည်ကောက်ဆို Acquired Immune Deficiency Syndrome လို့ခေါ်ဆိုပါတယ်။ ရောဂါဖြစ်ရတာကတော့ HIV (Human Immunodeficiency Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒါကြောင့် ရှင်းရှင်းပြောရရင် HIV ဆိုတာ AIDS ရောဂါဖြစ်စေတဲ့ပိုးဖြစ်ပြီး AIDS ဆိုတာက ရောဂါနာမည်ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ လူသားသန်းပေါင်း ၅၀ နီးပါးကို သေဆုံးစေခဲ့တဲ့ ဒီ HIV ရောဂါပိုးကို စတင်တွေ့ရှိခဲ့တာကတော့ ၁၉၅၉ ခုနှစ်၊ အာဖရိကတိုက်က ကွန်ဂိုသမ္မတနိုင်ငံမှာဖြစ်ပါတယ်။ ရောဂါပိုးရဲ့ မူလဘူတကို နောက်ယောင်ခံလေ့လာကြည့်တော့လည်း စိတ်ဝင်စားစရာအချက်ကိုတွေ့ရပါတယ်။ တကယ်တော့ HIV ပိုးက ချင်ပန်ဇီမျောက်နဲ့ တခြားမျောက်မျိုးစိတ်တွေကနေ လူတွေဆီ ရောက်ရှိလာတဲ့ ဗိုင်းရပ်စ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။

ချင်ပန်ဇီနဲ့ တခြားမျောက်မျိုးစိတ်တွေလည်း တိရစ္ဆာန်တွေပဲမို့ ပြင်ပရောဂါတွေကူးစက်ခံရတတ်ပါတယ်။ ဒီအထဲမှာမှ မျောက်တွေရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကိုတိုက်ခိုက်တဲ့ Simian Immunodeficiency Virus (SIV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးရှိပါတယ်။ ပြောရရင် ဒီပိုးက HIV ဗိုင်းရပ်စ်ရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ မျောက်မျိုးစိတ်အချင်းချင်း သတ်ဖြတ်စားသောက်တဲ့အခါ မျောက်တစ်ကောင်ရဲ့ SIV ပိုးဟာ နောက်တစ်ကောင်ဆီ ကူးစက်သွားပါတယ်။ ဒီလိုနဲ့ ဗိုင်းရပ်စ်ပိုး အချင်းချင်းပေါင်းမိပြီး ပိုအဆင့်မြင့်တဲ့ ဗိုင်းရပ်စ်ဖြစ်လာပါတယ်။

HIV ဗိုင်းရပ်စ်ဟာ မျောက်တွေဆီကနေ လူတွေဆီဘယ်လိုရောက်လာသလဲဆိုတာကို ဘယ်သူမှ တိတိကျကျရှင်းမပြနိုင်ပေမဲ့ အဖြစ်နိုင်ဆုံးအဖြေတစ်ခုကတော့ အာဖရိကနိုင်ငံတွေရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ဆက်စပ်နေပါတယ်။ အဲ့ဒီအချိန်တုန်းက ကွန်ဂိုသမ္မတနိုင်ငံအပါအဝင် အာဖရိကနိုင်ငံအများစုမှာ Bushmeat လို့ခေါ်တဲ့ အစားအသောက်တစ်မျိုးခေတ်စားပါတယ်။ Bushmeat ဆိုတာ တိုတိုပြောရရင် အိမ်မွေးတိရစ္ဆာန်မဟုတ်တဲ့ တောရိုင်းအကောင်တွေ (မျောက်၊ သင်းခွေချပ်၊ လင်းနို့ တွေကိုအများဆုံးဖမ်းဆီးစားသောက်ကြပါတယ်) နဲ့ချက်ပြုတ်ထားတဲ့ဟင်းလျာပါ။ အသိပညာလည်း အားနည်းတာကြောင့် ရောဂါပိုးရှိမှန်းမသိဘဲ မုဆိုးတွေက ဒီအကောင်တွေကို ဖမ်းဆီးပြီးခုတ်ထစ်ပြင်ဆင်တဲ့အခါ ရောဂါရှိတဲ့သွေးနဲ့ထိတွေ့မိပြီး ရောဂါကူးသွားပါတော့တယ်။ မျောက်တွေမှာ မူလကရှိတဲ့ SIV ပိုးကို လူ့ခန္ဓာကိုယ်က တိုက်ထုတ်နိုင်ပေမဲ့ တဖြည်းဖြည်းအဆင့်မြင့်လာတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ လူ့ခန္ဓာကိုယ်ကနေ ပြန်တိုက်ထုတ်ဖို့ မစွမ်းသာတော့ပါဘူး။ ဒီလိုနဲ့ ဘယ်လိုဆေးဝါးနဲ့မှကုသလို့မရတဲ့ ခုခံအားကျဗိုင်းရပ်စ် (HIV) ဖြစ်ပေါ်လာပါတော့တယ်။

ဖွံ့ဖြိုးမှုအားနည်းတဲ့ ကွန်ဂိုနိုင်ငံမှာ အဲ့ဒီအချိန်တုန်းက လိင်ကျွန်ပြုမှုတွေလည်း အတော်လေးများပြားပါတယ်။ ရောဂါရှိတဲ့သူနဲ့ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံမိရာကနေ HIV ပိုးကလျင်လျင်မြန်မြန်ကူးစက်လာပြီး နောက်ပိုင်းမှာ တခြားမြို့တွေအထိပါ ပျံ့နှံ့ရောက်ရှိသွားပါတယ်။

အမေရိကန်နိုင်ငံကတော့ ၁၉၈၀ ခုနှစ်ကျော်လောက်မှ နိုင်ငံတွင်းမှာ HIV ပိုးပျံ့နှံ့နေတာကို အတည်ပြုပြီး လေ့လာမှု၊ ကာကွယ်မှုတွေစတင်လုပ်ဆောင်ခဲ့ပါတယ်။ ခုခံအားကျဆင်းမှုရောဂါ (AIDS ရောဂါ) လို့  စတင်ပြီးတရားဝင်သုံးနှုန်းတာကတော့ ၁၉၈၂ ခုနှစ်မှာဖြစ်ပါတယ်။ စစခြင်းကတော့ HIV ရောဂါဆိုတာ လူတိုင်းဖြစ်တာမဟုတ်ဘဲ တချို့သောလူအုပ်စုတွေမှာပဲဖြစ်တဲ့ရောဂါလို့ ထင်မြင်ခဲ့ကြပါတယ်။ ဒီအုပ်စုကို four H club (H လေးလုံးအုပ်စု) လို့ခေါ်ပါတယ်။ ကိုယ်စားပြုတဲ့ H တွေကတော့

  • Hemophiliacs – မသန့်တဲ့သွေး၊ ရောဂါရှိတဲ့သွေးကို သွင်းမိတဲ့သူတွေ
  • Homosexual men – လိင်တူဆက်ဆံတတ်တဲ့အမျိုးသားတွေ
  • Heroin users – လက်မောင်းထဲမူးယစ်ဆေးထိုးသွင်းတတ်တဲ့သူတွေ
  • Haitians – ဟေတီနိုင်ငံသားတွေ၊ ဟေတီလူမျိုးတွေ

စတဲ့သူတွေမှာပဲ HIV ပိုးကူးစက်ခံရတယ်လို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ ဒါဟာ ရောဂါရဲ့ကူးစက်မှုကိုသေချာနားမလည်သေးလို့ဖြစ်ခဲ့တဲ့ အယူအဆအမှားတွေဖြစ်ပါတယ်။ HIV ရောဂါက သွေးကနေ အဓိကကူးစက်တာမို့ သွေးသွင်းတာ၊ လိင်တူဆက်ဆံတာ (စအိုကနေလိင်ဆက်ဆံတာကြောင့် အရေပြားပွန်းပြီး သွေးထွက်နိုင်ခြေပိုများပါတယ်) ၊ ဆေးစွဲနေသူတွေက ဆေးထိုးအပ်တစ်ချောင်းတည်းကိုပဲ အတူတူမျှသုံးတတ်တာ တွေကြောင့် ပိုပြီးကူးစက်တာဖြစ်ပါတယ်။  ဘာ့ကြောင့် ဟေတီနိုင်ငံသားတွေပဲ HIV ဖြစ်တယ်လု့ိယူဆကြသလဲဆိုရင် ၁၉၆၀ ခုနှစ်လောက်မှာ (HIV ပျံ့နှံ့နေတဲ့) ကွန်ဂိုနိုင်ငံမှာအလုပ်သွားလုပ်နေတဲ့ ဟေတီနိုင်ငံသားအများအပြား ဟေတီနိုင်ငံကို ပြန်ရောက်လာကြပါတယ်။ ဒါကြောင့် ဒီအချိန်တုန်းက ဟေတီနိုင်ငံသားတွေဟာ HIV ရောဂါပိုးအဓိကဖြစ်ပွားပျံ့နှံ့စေသူတွေအဖြစ် ခွဲခြားဆက်ဆံခဲ့ရတာပဲဖြစ်ပါတယ်။

AIDS ရောဂါနဲ့ပတ်သက်ပြီးလေ့လာမှုတွေဆက်လုပ်ခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ ဒီရောဂါဟာ ကျားမ မရွေးဖြစ်ပွားနိုင်တယ်ဆိုတာ သိရှိခဲ့ပြီး အရင်ကယူဆခဲ့သလို လိင်တူဆက်ဆံသူတွေမှာပဲဖြစ်တယ်ဆိုတဲ့ အယူအဆမှားယွင်းကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာတဲ့ ဒီရောဂါဆိုးကြီးဒဏ် ကာကွယ်ဖို့ ကျန်းမာရေးအဖွဲ့အစည်းအသီးသီးက လက်တွဲလုပ်ဆောင်ခဲ့တာကြောင့် ၁၉၈၇ ခုနှစ်မှာ ခုခံအားကျရောဂါအတွက် ပထမဆုံးသောက်ဆေးပေါ်ထွက်လာပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပိုပြီးအဆင့်မြင့်တဲ့ HAART ကုထုံးပေါ်ထွက်လာပြီး ခုခံအားကျရောဂါကြောင့် သေဆုံးရမှုတွေကိုသိသိသာသာလျှော့ချပေးနိုင်ခဲ့ပါတယ်။ ရောဂါစစ်ဆေးတဲ့နေရာမှာလည်း အဆင့်မြင့်လာပြီး နောက်ဆုံးပေါ်စစ်ဆေးနည်းတွေနဲ့ လူတစ်ယောက်မှာခုခံအားကျရောဂါပိုးရှိမရှိကို မိနစ် ၂၀ အတွင်းစစ်ဆေးပေးနိုင်တဲ့အထိ အဆင့်မြင့်လာပါပြီ။

ဒါပေမဲ့လည်း ခုခံအားကျရောဂါကို လုံးဝရပ်တန့်နိုင်ဖို့ အများကြီးရှေ့ဆက်လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးမပေါ်သေးတာဖြစ်လို့ ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်တာနဲ့ ရောဂါရှိမှန်းစောစောစီးစီးသိရှိပြီး ဆေးသောက်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူသားအားလုံး ခုခံအားကျရောဂါအကြောင်းပိုမိုသိရှိပြီး သတိရှိရှိကြိုတင်ကာကွယ်နိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ ၁၉၈၈ ကစပြီး နှစ်စဉ်ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့တာပဲဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။

ရေးသားသူ – Dr. Htoo Tint Ko Ko

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 30, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 30, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။