backup og meta

HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား

    ဆေးပညာ‌တွေ တိုးတက်လာတာနဲ့အမျှ HIVပိုးက အရင်ကလို ကုရာနတ္ထိဆေးမရှိတို့၊ ဖြစ်တာနဲ့ အသက်ဆုံးရှုံးမှာတို့ ဒီလိုမဟုတ်တော့ပါဘူး။ ဆေးကို အချိန်မီသောက်မယ်၊ မှန်မှန်လေးသောက်မယ်ဆိုရင် ပိုးကောင်ရေကို ကောင်းကောင်းထိန်းချုပ်နိုင်လို့ လူကောင်းတစ်ယောက်လို နေနိုင်ပါပြီ။ ဆိုလိုတာက အိမ်ထောင်ပြုလို့ရတယ်။ ကလေးယူလို့ရပါတယ်။ ဒါပေမဲ့ နောက်တစ်ခု စိုးရိမ်ကြတာက ကလေးမွေးပြီးရင်ရော HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား ဆိုတာပါ။

    HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား

    HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ရမရ ဆိုတာက အမေ့ရဲ့ ဗိုင်းရပ်စ်ကောင်ရေ (viral load) ပေါ် မူတည်ပါတယ်။

    ပိုးကောင်ရေ နည်းရင်တော့ တိုက်နိုင်ပါတယ်။ ပိုးကောင်ရေများရင်တော့ တခြားနည်းလမ်းကို စဉ်းစားသင့်ပါတယ်။

    လေ့လာချက်တွေအရ မိခင်က ကိုယ်ဝန်ဆောင်တလျှောက်လုံးနဲ့ ကလေးမီးဖွားချိန်မှာ ARTဆေးကို သေသေချာချာ သောက်ထားလို့ ပိုးကောင်ရေက ရှာလို့မရအောင် နည်းနေတယ်ဆိုရင် နို့တိုက်ရာကနေ  ကလေးဆီကို ကူးဖို့က ၁%အောက် နည်းပါတယ်။ (သတိထားရမှာက ၁%အောက် နည်းတာပဲ ဖြစ်ပြီး လုံးဝမကူးတာတော့ မဟုတ်ပါ။)

    HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို ဘယ်လိုနို့တိုက်သင့်သလဲ။

    မိခင်တွေမှာ ရွေးချယ်စရာ ၃မျိုးရှိပါတယ်။

    • မိခင်နို့

    မိခင်က HIVဆေးကို ပုံမှန်သောက်သုံးထားတယ်ဆိုရင် ကလေးဆီကို နို့တိုက်ရာကနေ ကူးသွားဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါကြောင့် ဒီလိုမိခင်တွေက မိခင်နို့ တိုက်လို့ ရပါတယ်။ ဒါပေမဲ့ ကူးစက်နှုန်း လုံးဝမရှိတာမဟုတ်တဲ့အတွက် ကလေးကို ARTဆေး အချိန်တစ်ခုအထိ တိုက်ရပါတယ်။

    ဒီလိုမိခင်တွေကတော့ တခြားမိခင်တွေလိုပဲ ကလေးအသက်အနည်းဆုံး ၆လပြည့်တဲ့အထိ နို့တိုက်ပြီး နောက်ပိုင်းကျရင် ဖြည့်စွက်စာ စကျွေးနိုင်ပါတယ်။

    • ဖော်မြူလာ+မိခင်နို့

    တချို့မိခင်တွေက မိခင်နို့ချည်းပဲ မနိုင်လို့ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် mixed feedingလို့ခေါ်တဲ့ နို့ဘူးကူရပါတယ်။ သူကလည်း မိခင်နို့ တိုက်နေသေးတာ ဖြစ်တဲ့အတွက် ကလေးကို ARTဆေး တိုက်ဖို့ လိုပါတယ်။

    • ဖော်မြူလာ

    HIV ပိုးကောင်ရေများနေလို့ ကလေးကို ကူးနိုင်ခြေများသူတွေ ဒါမှမဟုတ် ကလေးကို မိခင်နို့ကနေ လုံးဝမကူးစေချင်ဘူးဆိုသူတွေက ဖော်မြူလာနို့ကို ရွေးနိုင်ပါတယ်။

    မြန်မာနိုင်ငံမှာရော ဘာနည်းလမ်းတွေ ကျင့်သုံးသင့်သလဲ။

    အပေါ်မှာ ပြောခဲ့တဲ့နည်းလမ်းက အမေဆီကနေ ကလေးကို နို့တိုက်ရာကနေ HIVပိုး မကူးစက်စေဖို့ ချမှတ်ထားတဲ့ စည်းကမ်းတွေပါ။ ဒါပေမဲ့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ဒီစည်းကမ်းတွေကို တိုင်းပြည်ရင်းမြစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ရပါတယ်။

    ဆိုလိုတာက ဒီမှာက မိခင်မှာ HIV ပိုးကောင်ရေများနေတာမျိုး မဟုတ်ဘူးဆိုရင် မိခင်နို့ကိုပဲ ဦးစားပေးပြီး တိုက်ခိုင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အများစုက ဖော်မြူလာ မတတ်နိုင်လို့ပါ။ ဒီတော့ ကော်ဖီဖျော်တဲ့ နို့မှုန့်တွေ ဖျော်တိုက်တာ၊ နို့ဆီဖျော်တိုက်တာ၊ နွားနို့တိုက်တာ၊ ဖော်မြူလာကို ရေများများနဲ့ ဖျော်တိုက်တာတွေ လုပ်ကြပါတယ်။ ဒါကြောင့် ကလေး အာဟာရချို့တဲ့ပြီး ဝမ်းလျှောတာ၊ ခုခံအားကျတာတွေ ဖြစ်ပြီး သေဆုံးကြရပါတယ်။

    နဂိုတည်းက ဆင်းရဲပြီး မွေးစကလေး သေနှုန်းမြင့်နေတဲ့ မြန်မာနိုင်ငံဖြစ်တာကြောင့် မိခင်နို့ကိုပဲ ဦးစားပေးတိုက်ခိုင်းပါတယ်။ မိခင်နို့ကို တိုက်လို့ရအောင်လည်း ကိုယ်ဝန်အပ်တည်းက HIVရှိတဲ့ မိခင်ဆိုရင် ARTဆေးကို မှန်မှန်သောက်ခိုင်းပြီး ပိုးကို နည်းနိုင်သမျှ နည်းအောင် ချထားတာ ဖြစ်ပါတယ်။

    နောက်တစ်ခုက ဘယ်လောက်ပဲ ဖော်မြူလာတွေ ကောင်းကောင်း မိခင်နို့လောက်တော့ မကောင်းပါဘူး။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားတွေအတွက် မိခင်နို့ကသာ အကောင်းဆုံး ဖြစ်တာကြောင့် မိခင်နို့ကို ဦးစားပေးပြီး တိုက်ခိုင်းတာ ဖြစ်ပါတယ်။

    HIV ပိုးရှိနေတဲ့ မေမေတွေ ကလေးကို နို့တိုက်လို့ ရသလား ဆိုတာက မိခင်ရဲ့ ပိုးကောင်ရေပေါ် မူတည်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောရရင် မိခင်နို့တိုက်ဖို့ကို ပိုပြီး အားပေးပါတယ်။ မိခင်နို့တိုက်ဖို့ ဘယ်လိုမှ အဆင်မပြေမှသာ ဖော်မြူလာ တိုက်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement