backup og meta

ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

    ပန်းနာရင်ကျပ် ရောဂါကို ကုသတာက တခြားရောဂါတွေနဲ့ သိပ်မတူပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် ခံစားရတာခြင်း မတူတာရော၊ တစ်ယောက်တည်းမှာတောင် တစ်ခေါက်နဲ့ တစ်ခေါက် ပြင်းထန်ပုံခြင်း မတူတာကြောင့် ကုသမှုကို လက္ခဏာအလိုက် စနစ်တကျ သတ်မှတ်ထားပါတယ်။

    ဒါကို Stepwise managementလို့ ခေါ်ပါတယ်။ လက္ခဏာပေါ်၊ ပြင်းထန်မှုပေါ်လိုက်ပြီး အတိုးအလျော့ လုပ်ပြီး ကုသတာပါ။  ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး guidelinesတွေ အများကြီးရှိပါတယ်။ တစ်ခုနဲ့ တစ်ခု အနည်းငယ်ဆီကွဲပြားပေမယ့် အခြေခံအချက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ခုမှီငြမ်းထားတာကတော့ ၂၀၁၆က ထွက်ထားတဲ့ American Family Physician guidelines ပဲ ဖြစ်ပါတယ်။

    ပန်းနာရင်ကျပ် ပြင်းထန်ပုံ အဆင့်ဆင့်

    ကုသနည်းတွေကို မပြောခင် ပြင်းထန်ပုံအဆင့်ဆင့်ကို အရင်သိထားရပါမယ်။ ရောဂါအဆင့်ကို လိုက်ပြီး ကုသမှုတွေ ပေးရတာကြောင့်ပါ။ မွေးစက ၄နှစ်၊ ၅နှစ်က ၁၁နှစ်၊ ၁၂နှစ်အထက်ဆိုပြီး ခွဲသတ်မှတ်ထားပါတယ်။ တစ်ခုနဲ့ တစ်ခု သိပ်မကွာလှတာကြောင့် ၁၂နှစ်အထက်တွေမှာ ခံစားရတဲ့ ပြင်းထန်ပုံအဆင့်ဆင့်ကို ဥပမာပေး ဖော်ပြပါ့မယ်။

    • ရံဖန်ရံခါမှ ကျပ်ခြင်း

    -ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ)ကို တစ်ပတ်လျှင် နှစ်ရက်ထက်မပိုဘဲ ခံစားရခြင်း

    ညဘက်ထထကျပ်တာက တစ်လမှာ နှစ်ကြိမ်ထက်မပိုခြင်း

    -အကျပ်သက်သာအောင် လေပြွန်ကျယ်ဆေးကို ရှူရတာက တစ်ပတ်ကို နှစ်ရက်ထက်မပိုခြင်း

    -ကျပ်ပေမယ့် နေ့စဉ်အလုပ်များကို ဆက်လုပ်နိုင်ခြင်း

    အဆုတ်စွမ်းဆောင်ရည်မှာ မကျပ်တဲ့ အချိန်ဆို FEV1က ပုံမှန်အတိုင်း ဖြစ်နေခြင်း (FEV1> 80% predicted, FEV1/FVC normal)

    -ပြင်းပြင်းထန်ထန် ကျပ်ပြီး စတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို တစ်ကြိမ်ထက် မပိုခြင်း

    • မကြာခဏကျပ်ခြင်း (သာမန်အဆင့်)

    ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ)ကို တစ်ပတ်လျှင် နှစ်ရက်ထက် ခံစားရသော်လည်း နေ့တိုင်းမဟုတ်ခြင်း

    -ညဘက်ထထကျပ်တာက တစ်လမှာ ၃-၄ကြိမ်ဖြစ်လာခြင်း

    -အကျပ်သက်သာအောင် လေပြွန်ကျယ်ဆေးကို ရှူရတာက တစ်ပတ်ကို နှစ်ရက်ထက်ပိုခြင်း၊ သို့သော် တစ်နေ့လျှင် တစ်ကြိမ်ထက် မပိုခြင်း

    -ကျပ်နေချိန်မှာ နေ့စဉ်အလုပ်လုပ်နိုင်စွမ်း အနည်းငယ် လျော့ကျခြင်း

    -အဆုတ်စွမ်းဆောင်ရည်မှာ FEV1> 80% predicted, FEV1/FVC normal

    -ပြင်းပြင်းထန်ထန် ကျပ်ပြီး စတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို နှစ်ကြိမ်နဲ့အထက် ဖြစ်လာခြင်း

    • မကြာခဏကျပ်ခြင်း (သိပ်မပြင်းထန်သော အဆင့်)

    -ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ)ကို နေ့တိုင်းနီးပါး ခံစားရခြင်း

    -ညဘက်ထထကျပ်တာက တစ်ပတ် တစ်ကြိမ်လောက်ဖြစ်လာခြင်း၊ သို့သော် ညတိုင်းတော့ မဟုတ်

    -အကျပ်သက်သာအောင် လေပြွန်ကျယ်ဆေးကို ရှူရတာက နေ့တိုင်းနီးပါး ဖြစ်လာခြင်း

    -ကျပ်နေချိန်မှာ နေ့စဉ်အလုပ်လုပ်နိုင်စွမ်း လျော့ကျလာခြင်း

    -အဆုတ်စွမ်းဆောင်ရည်မှာ FEV1က 80% အောက် – 60% အထက်predicted, FEV1/FVC က 5 %

    -ပြင်းပြင်းထန်ထန် ကျပ်ပြီး စတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို နှစ်ကြိမ်နဲ့အထက်

    • မကြာခဏကျပ်ခြင်း (ပြင်းထန်သော အဆင့်)

    -ပန်းနာရင်ကျပ် လက္ခဏာများ (ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ)ကို တစ်နေကုန် ခံစားရခြင်း

    -ညတိုင်းထကျပ်လာခြင်း

    -အကျပ်သက်သာအောင် လေပြွန်ကျယ်ဆေးကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ရှူနေရခြင်း

    -ကျပ်နေချိန်မှာ နေ့စဉ်အလုပ်လုပ်နိုင်စွမ်း မရှိတော့ခြင်း

    -အဆုတ်စွမ်းဆောင်ရည်မှာ FEV1က 60% အောက် predicted, FEV1/FVC က 5 %အောက်

    -ပြင်းပြင်းထန်ထန် ကျပ်ပြီး စတီးရွိုက် သောက်ရတဲ့အဆင့်အထိရောက်တာ တစ်နှစ်ကို နှစ်ကြိမ်နဲ့အထက်

    အဆင့်အလိုက် ကုသမှုများ

    လူနာရဲ့ လက္ခဏာက ဘယ်အဆင့်နဲ့ ကိုက်နေလဲဆိုတာ စစ်ဆေးပြီး အဆင့်အတိုင်း ကုပါတယ်။

    • ရံဖန်ရံခါမှ ကြပ်ခြင်း – အဆင့် ၁
    • မကြာခဏကြပ်ခြင်း (သာမန်အဆင့်) – အဆင့် ၂
    • မကြာခဏကြပ်ခြင်း (သိပ်မပြင်းထန်သော အဆင့်) – အဆင့် ၃ သို့မဟုတ် ၄
    • မကြာခဏကြပ်ခြင်း (ပြင်းထန်သော အဆင့်) – အဆင့် ၅ သို့မဟုတ် ၆

    အဆင့် ၁

    -ကျပ်ရင် ရှူရတဲ့ လေပြွန်ကျယ်ဆေးကို သုံးပါတယ်။

    အဆင့် ၂

    -ပမာဏ နည်းသော စတီးရွိုက်ရှူဆေးကို သုံးပါတယ်။

    အဆင့် ၃

    -ပမာဏ နည်းသော စတီးရွိုက်ရှူဆေးနဲ့ လေပြွန်ကျယ်ဆေးကို တွဲပေးပါတယ်။

    -ဒါမှမဟုတ် စတီးရွိုက်ရှူဆေးကို ပမာဏ အနည်းငယ် ထပ်တိုးပါတယ်။

    အဆင့် ၄

    -ပမာဏ အနည်းငယ် ထပ်တိုးထားတဲ့ စတီးရွိုက်ရှူဆေးအပြင် လေပြွန်ကျယ်ဆေးပါ သုံးရပါတယ်။

    အဆင့် ၅

    -စတီးရွိုက်ကို ပမာဏ ထပ်တိုးပါတယ်။ လေပြွန်ကျယ်ဆေးပါ တွဲပေးပါတယ်။

    -အလာဂျီရှိတဲ့သူတွေမှာ omalizumabဆေးကို သုံးဖို့ စဉ်းစားပါတယ်။

    အဆင့် ၆

    -အဆင့်၅က စတီးရွိုက်နဲ့ လေပြွန်ကျယ်ဆေး ရှူဆေးတွေ အပြင် စတီးရွိုက်သောက်ဆေးကိုပါ ထည့်သွင်းကုသပါတယ်။

    အလာဂျီရှိတဲ့သူတွေမှာ omalizumabဆေးကို သုံးဖို့ စဉ်းစားပါတယ်။

    အဆင့်တိုင်း အဆင့်တိုင်းမှာလည်း လူနာကို ဆောင်ရန် ရှောင်ရန်တွေ လိုက်နာစေတာ၊ ပန်းနာရင်ကျပ် ဖြစ်စေတဲ့ အချက်တွေကို ရှောင်ခိုင်းတာ၊ ဆေးကုသမှကို စနစ်တကျ လိုက်နာစေတာ၊ ရောဂါအခံတွေကိုပါ ကုသပေးတာ စတဲ့အချက်တွေကိုလည်း လုပ်ပေးရပါတယ်။

    လူနာက အားလုံးလိုက်နာပါလျက်နဲ့ ပိုဆိုးလာတယ်ဆိုရင်တော့ ကုသမှုအဆင့်ကို တင်ရမှာပါ။ အဆင့်တစ်ခုလောက် ၃လလောက် ငြိမ်နေပြီဆိုရင်တော့ ဆေးတွေ ပြန်လျော့ပေးနိုင်ပါတယ်။

    တစ်ခါတလေမှာတော့ အပြင်းအထန်ကျပ်လာတာမျိုးတွေ ရှိတတ်ပါတယ်။ ပြာနှမ်းပြီး စကားတောင် ဆုံးအောင် ပြောလို့မရတော့ဘူး၊ ဆေးရှူတာလည်း ခဏခဏရှိပြီ မသက်သာဘူးဆိုရင်တော့ ဆေးရုံကို အမြန်သွားပြသင့်ပါတယ်။

    ပန်းနာရင်ကျပ်ကို ကုသတဲ့ နေရာမှာ ဆေးကိုပဲ အားကိုးလို့ မရပါဘူး။ လူနာကလည်း ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာလိုက်နာမှသာ ရောဂါကို ကောင်းကောင်းထိန်းချုပ်လို့ ရမှာပဲ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement