home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ရေကျောက်ဆိုတာ ဘာလဲ

ရေကျောက်ဆိုတာ ဘာလဲ

ခုတလော ဆေးရုံဆေးခန်းတွေမှာ ခပ်စိပ်စိပ်တွေ့နေရတာတော့ ရေကျောက်ရောဂါပါ ။အများအားဖြင့် ကလေးတွေမှာ ဖြစ်တတ်ပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ် ။ အရည်ကြည်ဖုတွေ ရက်အတန်ကြာတဲ့အထိ ဖြစ်နိုင်ပြီးတော့ နောက်ဆုံးမှာ ပေါက်ထွက်တတ်ပါတယ် ။ အနာသက်သာတဲ့အထိတော့ ရက်သတ္တပတ် ၁ပတ်ကနေ ၂ပတ်အခန့်အထိ ကြာမြင့်တတ်ပါတယ် ။

ရေကျောက်ရောဂါကြောင့် နောက်ဆက်တွဲ‌ ရောဂါကြီးကြီးမားမား ဖြစ်နိုင်ခြေ အလွန်နည်းပါတယ် ။ အရည်ကြည်ဖုတွေ တကိုယ်လုံးအနှံ့ပေါက်နိုင်ပေမဲ့လည်း ဆိုးဝါးတဲ့ရောဂါ အခြေအနေ မဖြစ်ပါဘူး ။ ဒါပေမဲ့ တချို့သော အလွန်ဆိုးဝါးတဲ့အခြေအနေတွေမှာတော့ မျက်လုံး ၊ နှာခေါင်း၊ ပါးစပ်နဲ့ မျိူပွားအင်္ဂါတွေအထိ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ် ။

ဘယ်သူတွေမှာ ဖြစ်တတ်သလဲ

ကလေးအသက် ၂နှစ်အောက် ကလေးတွေမှာတော့ ရေကျောက်ရောဂါ အဖြစ်ဆုံးပါ ။ ဒါပေမဲ့ ကလေးကြီးတွေမှာလည်း ဖြစ်တတ်ပါတယ် ။ တခြားသော ဖြစ်နိုင်ခြေရှိတဲ့သူတွေကတော့

  • ရေကျောက်ရောဂါ တစ်ခါမှ မဖြစ်ဖူးခြင်း
  • ရေကျောက်ကာကွယ်ဆေး မထိုးဖူးခြင်း
  • စာသင်ကျောင်းတွေမှာ အလုပ်လုပ်ရသူဖြစ်ခြင်း
  • ကလေးငယ်များနဲ့ အတူနေထိုင်တဲ့သူတွေမှာတော့ အသက်ကြီးလည်း ရေကျောက်ရောဂါ ကူးစက်တတ်ပါတယ် ။

ရောဂါက ဘယ်လိုကူးသလဲ

ရေကျောက်ပေါက်နေတဲ့လူဆီကနေထွက်လာတဲ့ အမှုန်အမွှားလေးတွေကို အသက်ရှူရင်းနဲ့ဖြစ်စေ ထိတွေ့ကိုင်တွယ်မိရင်ဖြစ်စေ ရောဂါကူးစက်တတ်ပါတယ် ။

ရောဂါလက္ခဏာတွေအနေနဲ့ အရင်ဆုံး ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ဖျားခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ခေါင်းကိုက်ခြင်းတွေ ဖြစ်တတ်ပါတယ် ။ အဆိုပါ လက္ခဏာတွေပြပြီး ၂ရက်လောက်အကြာမှာတော့ ရေကျောက်ရောဂါရဲ့ ဝိသေသလက္ခဏာဖြစ်တဲ့ ယားတတ်တဲ့၊ အနီရောင် သို့မဟုတ် ပန်းရောင် အရေကြည်ဖုတွေ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အပြားမှာ ထွက်တတ်ပါတယ် ။

ရက်အနည်းငယ်အကြာမှာတော့ အရည်ကြည်ဖု သေးသေးလေးတွေဖြစ်ပြီး နောက်ဆုံး ပေါက်တတ်ပါတယ် ။ အဆိုပါ အရည်ကြည်ဖုတွေ ပေါက်တဲ့အချိန်မှာလည်း ကိုယ်ကတဆင့် သူများကို ရောဂါကူးစေတတ်ပါတယ် ။

အရည်ကြည်ဖုတွေက သာမန်အားဖြင့် ဆေးခန်းပြစရာမလိုပေမဲ့

  • မျက်လုံးတွေမှာပါ အရည်ကြည်ဖု ပေါက်လာရင်
  • ဘက်တီးရီးယားပိုးဝင်လာခြင်း‌ကြောင့် အရေပြား နီရဲရောင်ရမ်းခြင်း
  • ခေါင်းမူးခြင်း
  • လည်ပင်းတောင့်ခြင်း
  • ‌အော့အန်ခြင်း
  • ကြွက်သားများကို ထိန်းချုပ်မရခြင်း
  • အဖျား 102 ဒီဂရီဖာရင်ဟိုက်ထက် ကျော်ခြင်းတွေ ဖြစ်လာရင်တော့ အန္တရာယ်ရှိလာနိုင်တဲ့အတွက် ဆေးရုံဆေးခန်း အမြန်သွားဖို့ လိုအပ်ပါတယ်။

‌ရေကျောက်ရောဂါက virus က တဆင့် ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ပျောက်အောင်ကုသဖို့ ဆေးမရှိပါဘူး ။ ဒါပေမဲ့ အရည်ကြည်ဖုတွေကြောင့် ကုတ်ဖဲ့မိတဲ့အခါမှာ အရေပြားပိုးဝင်ခြင်းကို မဖြစ်အောင်လို့ ပိုးသတ်ဆေးပေးကောင်းပေးနိုင်ပါတယ် ။ ဒါ့အပြင် နောက်ထပ်အရေးကြီးတာကတော့ အရည်ကြည်ဖုတွေကို လုံးဝမကုတ်ခြစ်မိဖို့ အရေးကြီးပါတယ် ။

အရည်ကြည်ဖုတွေကြောင့် ယားတတ်တဲ့အတွက် ကုတ်မိတတ်ပါတယ် ။ မကုတ်ဘဲ အသာအယာပွတ်ခြင်း ၊ ရေများများချိုးခြင်း ၊ အဝတ်အစား ချောင်ချောင်ချိချိ ဝတ်ခြင်း ၊ အယားသက်သာစေတဲ့ cream တွေ လူးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။ အထူးသဖြင့် ချွေးနဲ့အပူဒဏ်က ယားယံမှုပိုဖြစ်စေတဲ့အတွက် တတ်နိုင်သမျှ အေးအေးနေပါ ။ရေလည်း များများသောက်ဖို့ လိုအပ်ပါတယ် ။

ရေကျောက်တစ်ခါမှ မဖြစ်ဖူးတဲ့ကလေးငယ်တွေအနေနဲ့ ရောဂါကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးထိုးထားဖို့လိုကြောင်း အကြံပေးချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – Dr. Aung Kyaw Myint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။