သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း

    အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း

    Gastroesophageal reflux disease (GERD) ဆိုတာဘာလဲ။

    Gastroesophageal reflux disease (GERD) ဆိုတာဟာ အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်စေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတမျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် GERD ရောဂါကို ခံစားနေရသူတွေ အများအပြားရှိပြီး GERDဟာ ရင်ပူခြင်း ဒါမှမဟုတ် အက်ဆစ်ဆန်တက်ခြင်းကို အဓိကဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။

    GERD ကြောင့် အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ အစာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်ပြီး ရင်ပူခြင်း၊နေမထိထိုင်မသာ ဖြစ်ခြင်းတို့ကို ဖြစ်စေကာ အစာရေမြိုရဲ့ အတွင်းသားတွေကိုလည်း ထိခိုက်စေပါတယ်။

    အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်တဲ့အတွက် အထက်ပါ အခြေအနေတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ အဆိုပါကြွက်သားအနေနဲ့ အလုံပိတ်ရမယ့်အချိန်မှာ သေချာစွာ မပိတ်ထားနိုင်တဲ့အတွက် အစာအိမ်ထဲက အရာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်လာနိုင်တာ ဖြစ်ပါတယ်။

    GERD ရဲ့ လက္ခဏာတွေကို တပတ်တည်းမှာ နှစ်ကြိမ်နဲ့အထက် ခံစားရတာမျိုး ဒါမှမဟုတ် သင့်ရဲ့နေ့စဉ်နေထိုင်သွားလာလှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးနေတဲ့ အခြေအနေမျိုးထိ ဖြစ်လာပြီဆိုရင် ဆရာဝန်ထံ သွားရောက်ပြသပြီး ရောဂါကို တိကျသေချာစွာ ရှာဖွေဖော်ထုတ်ရတော့မှာ ဖြစ်ပါတယ်။

    အစားအသောက်အနေအထိုင်ကို ပြောင်းလဲခြင်း ဒါမှမဟုတ် အလွယ်တကူဝယ်ယူလို့ရတဲ့ ဆေးတွေကို သုံးစွဲခြင်းအားဖြင့် GERD ကို ကုသနိုင်ပေမယ့် တခါတရံတော့ ဆေးပြင်းပြင်းတွေသောက်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုတွေ ခံယူဖို့ပါ လိုအပ်တတ်ပါတယ်။

    GERD ဘာလို့ဖြစ်တာလဲ။

    အစာအိမ်ထဲက အက်ဆစ် ဒါမှမဟုတ် သည်းခြေရည်တွေ အစာရေမြိုထဲရောက်ရှိခြင်းဟာ GERD ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ သင်စားလိုက်တဲ့ အစာနဲ့ ရေတွေဟာ ပုံမှန်အတိုင်းဆိုရင် အစာအိမ်ထဲကို ကျဆင်းရောက်ရှိသွားမှာ ဖြစ်ပါတယ်။

    အစာမြိုချချိန်မှာ အစာရေမြိုအောက်ခြေရှိ ဆန့်ကျုံ့ကြွက်သားဟာ ဖြေလျှော့ပေးမှာ ဖြစ်တဲ့အတွက် သင်စားလိုက်တဲ့အစာတွေဟာ အစာအိမ်ထဲ ရောက်သွားပါလိမ့်မယ်။ ဒီလိုရောက်ရှိသွားပြီးရင်တော့ ဆန့်ကျုံ့ကြွက်သားဟာ တဖန်ပြန်ပြီး ပိတ်ဆို့ပေးထားမှာပါ။

    ဒါပေမယ့် အဆိုပါ ဆန့်ကျုံ့ကြွက်သားမှာ ပြဿနာတခုခုရှိတဲ့အတွက် ပုံမှန်အတိုင်း ပြန်မပိတ်ဆို့နိုင်တော့ဖူးဆိုရင် အစာအိမ်ထဲမှာရှိတဲ့ ခြေလက်စ အစာတွေဟာ အပေါ်ကို ပြန်ဆန်တက်ပြီး အစာရေမြိုထဲကို ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။

    ဒီလိုမျိုးဖြစ်တာကို အက်ဆစ်ပြန်ဆန်တက်ခြင်းလို့ ခေါ်ပြီး ကြိမ်ဖန်များစွာ ဖြစ်လာမယ်ဆိုရင် အခြားသော အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

    GERD ရောဂါဟာ ဘယ်သူတွေမှာ အဖြစ်များသလဲ။

    အောက်ပါအချက်တွေကြောင့် GERD အဖြစ်များစေနိုင်ပါတယ်။

    · အဝလွန်ခြင်း။

    · ရင်ခေါင်းထဲသို့ အူကျွံခြင်း။

    · ကိုယ်ဝန်ဆောင်ခြင်း။

    · ဆေးလိပ်သောက်ခြင်း။

    · အာခြောက်ခြင်း။

    · ပန်းနာရင်ကြပ်ရှိခြင်း။

    · ဆီးချိုရောဂါရှိခြင်း။

    · အစာခြေခြင်းဆိုင်ရာ ပြဿနာရှိခြင်း။

    · တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများရှိခြင်း (ဥပမာ scleroderma)

    GERD ရဲ့ လက္ခဏာတွေက ဘာလဲ။

    အကယ်၍ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သင့်မှာ GERD ရောဂါရှိနေပါပြီ။

    · ရင်ဘတ်ထဲမှာ ပူနေခြင်း (တခါတလေ လည်ချောင်းထဲမှာပါပူပြီး ပါးစပ်ထဲ ချဉ်စုပ်စုပ်ဖြစ်နေတတ်ပါတယ်)။

    · ရင်ဘတ်အောင့်ခြင်း။

    · အစာမြိုရခက်ခြင်း။

    · ချောင်းခြောက်ဆိုးခြင်း။

    · ရှတတ အသံဖြစ်ခြင်း ဒါမှမဟုတ် လည်ချောင်းနာခြင်း။

    · အစာတွေ ဒါမှမဟုတ် ချဉ်စုပ်စုပ်အရည်တွေ ပြန်ဆန်တက်ခြင်း။

    · လည်ချောင်းထဲ တစ်ဆို့ဆို့ဖြစ်နေခြင်း။

    GERD ရောဂါကို ဘယ်လိုမျိုး ရှာဖွေဖော်ထုတ်စစ်ဆေးမလဲ။

    ဆရာဝန်အနေနဲ့ သင့်ရဲ့ ရောဂါlလက္ခဏာတွေပေါ် မူတည်ပြီး GERD ရောဂါကို ရှာဖွေဖော်ထုတ်ပါလိမ့်မယ်။ ဒါ့အပြင် ပိုမိုတိကျသေချာစေဖို့အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုလေးတွေကိုလည်း ပြုလုပ်ပါလိမ့်ဦးမယ်။

    · ၂၄နာရီအတွင်း အက်ဆစ်ထုတ်လုပ်မှုကို တိုင်းတာစစ်ဆေးခြင်း။

    · အူလမ်းကြောင်းကြည့်မှန်ပြောင်းလို့ခေါ်တဲ့ ပိုက်ပျော့လေးကို သုံးပြီး အစာရေမြိုထဲ စစ်ဆေးကြည့်ရှုနိုင်တဲ့အပြင် ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် အသားစနမူနာတွေကိုလည်း ယူနိုင်ပါသေးတယ်။

    · အစာရေမြိုထဲမှာရှိတဲ့ ဖိအားပမာဏကို တိုင်းတာနိုင်ဖို့အတွက် ၎င်းရဲ့ လှုပ်ရှားမှုတွေကို တိုင်းတာစစ်ဆေးခြင်း။

    · အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်းကို ဓါတ်မှန်ရိုက်ခြင်း (ဒီလိုရိုက်တဲ့အခါ ဓါတ်မှန်မှာ အစာရေမြိုကို ထင်ထင်ရှားရှား မြင်သာစေဖို့အတွက် ဘေရီယမ်လို့ခေါ်တဲ့ အရောင်ဆိုးဆေးလေးတမျိုးကို ရေနဲ့တွဲဖက်အသုံးပြုရပါတယ်)။

    GERD ရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ။

    ဆရာဝန်ဆေးစာမပါဘဲ အလွယ်တကူ ဝယ်သုံးလို့ရတဲ့ ဆေးတွေကို အသုံးပြုပြီး GERD ကို အိမ်မှာပဲ အလွယ်တကူ ကုသနိုင်ပါတယ်။ အဆိုပါ ဆေးတွေကတော့

    အစာအိမ်အချဉ်ဓါတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacids)ဟာ သင့်ကို လျင်မြန်စွာ သက်သာလာစေနိုင်ပါတယ် (ဥပမာ Maalox, Mylanta, Gelusil, Gaviscon, Rolaids, Tum)။

    H-2- receptor blockers လို့ခေါ်တဲ့ ဆေးတွေ (ဥပမာ cimetidine (Tagamet HB), famotidine (Pepcid AC), nizatidine (Axid AR) , ranitidine (Zantac))။

    အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပြီး အစာရေမြိုကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးတွေ (lansoprazole (Prevacid 24 HR) နဲ့ omeprazole (Prilosec, Zegerid OTC))။

    အထက်ပါဆေးတွေနဲ့ မသက်သာရင် ဒါမှမဟုတ် ရောဂါလက္ခဏာတွေ ပိုဆိုးလာရင် ခွဲစိတ်မှုအပါအဝင် အခြားသော နည်းလမ်းတွေနဲ့ ကုသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    GERD ကို ဘယ်လိုကာကွယ်နိုင်သလဲ။

    သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချို့သော အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် GERD ကို ကာကွယ်နိုင်ပါတယ်။GERD ကနေ သက်သာရာ ရနိုင်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးပြုရပါမယ်။

    • မိမိအရပ်အမောင်းနဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း။
    • အဝတ်အစားကြပ်ကြပ်တွေကို ရှောင်ကျဉ်ခြင်း။
    • ဆီကြော်တွေ၊ငရုတ်ဆီ၊ချောကလက်၊အပူအစပ်တွေနဲ့ ကြက်သွန်နီ အစရှိတဲ့ အစားအသောက်တွေဟာ ရင်ပူတာကို ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကျဉ်ရပါမယ်။
    • အစားအသောက် အလွန်အကျွံစားတာကို ရှောင်ကျဉ်ရပါမယ်။
    • အစာစားပြီးပြီးချင်း လှဲအိပ်တာကို ရှောင်ရပါမယ်။
    • ဆေးလိပ်သောက်တာကို ရှောင်ကျဉ်ရပါမယ်။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။