သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အစာခြေရည်ဆန်တက်တဲ့ရောဂါ (GERD) နဲ့ပတ်သက်ပြီး ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ

    အစာခြေရည်ဆန်တက်တဲ့ရောဂါ (GERD) နဲ့ပတ်သက်ပြီး ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ

    ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ

    သင့်အနေနဲ့ ဆရာဝန်ရှေ့ရောက်တဲ့အခါ ဘာပြောရမှန်းမသိတာမျိုး ဖြစ်ဖူးပါသလား။ လူအများစုဟာ ဆရာဝန်နဲ့ စကားပြောတဲ့အခါ ရှက်နေတာမျိုး ဒါမှမဟုတ် ပြောမထွက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

    ဆရာဝန်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် ရုတ်တည်ကြီးတွေနဲ့မို့ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သူတို့ဟာ သင့်ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းအောင် ကူညီပေးမယ့်သူတွေ ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။

    အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။

    ရက်သတ္တပတ် တပတ် အတွင်းမှာပဲ ရင်ပူတာကို နှစ်ခါနဲ့အထက် ခံစားရခြင်း။

    ရင်ပူတာ ပိုဆိုးလာခြင်း။

    ညဖက်တွေမှာပါ ရင်ပူတာကို ခံစားရတဲ့အတွက် အိပ်ယာကနေ လန့်နိုးခြင်း။

    ရင်ပူတဲ့ ဝေဒနာကို ခံစားနေရတာ နှစ်အတန်ကြာနေပြီဖြစ်ခြင်း။

    အစာမြိုရခက်ခြင်း သို့မဟုတ် အစာမြိုချလျင် နာခြင်း။

    ရင်ပူတာ ဒါမှမဟုတ် နာကျင်တာတွေက သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာခြင်း။

    သင့်ဆရာဝန်နဲ့ ဘယ်လိုစကားပြောရမလဲ။

    GERD ရောဂါဟာ ခံတွင်းနံ့နံတာ၊အသံဩတာ၊ရှတတဖြစ်နေလို့ စကားပြောရခက်တာ အစရှိတဲ့ စိတ်ကသိကအောင့်ဖြစ်စရာ ရောဂါလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဆရာဝန်အနေနဲ့ သင့်ရောဂါကို ကုသတဲ့အခါ အသေးဆုံး၊မထင်ရှားဆုံးသော လက္ခဏာလေးတွေက အစ သိဖို့လိုအပ်တာမို့ ရောဂါလက္ခဏာအားလုံးကို မရှက်မရွံ့ ပြောပြသင့်ပါတယ်။

    တခါတရံ သင်ခံစားနေရတဲ့ အချို့သော လက္ခဏာတွေဟာ GERD ကြောင့် မဟုတ်ပါဘူး။ ဒီလိုမျိုး လက္ခဏာတွေကိုလည်း ဆရာဝန်ကို သေချာပြောပြပါ။ ဒါမှသာ GERD အပြင် အခြားရောဂါတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အောက်ပါအချက်တွေကို ပြောပြဖို့လည်း မမေ့ပါနဲ့။

    · သင့်ရောဂါရာဇဝင်

    ရုတ်တရက် စဉ်းစားရခက်နေမှာစိုးရင် အိမ်မှာထဲက စာရွက်လေးတရွက်မှာ ကြိုတင်ရေးထားပြီး ဆရာဝန်နဲ့ ပြသဆွေးနွေးတဲ့အခါ ဆောင်သွားပါ။ သင့်ကိုယ်ရေးအချက်အလက်လေးတွေ၊ စိတ်ဖိစီးမှုခံစားနေရတာ ရှိမရှိ ဒါမှမဟုတ် လက်ရှိသင့်နေထိုင်မှု အခြေအနေ စတာတွေပေါ့။

    · လက်ရှိသောက်နေတဲ့ ဆေးတွေအကြောင်း

    သင်လက်ရှိသောက်နေတဲ့ ဆေးတွေကို စာရင်းလုပ်ထားပါ (ဖြစ်နိုင်ရင် တပါတည်း ယူလာပါ)။ တနေ့ဘယ်နှစ်ခါသောက်ရတယ်၊သောက်တာဘယ်လောက်ကြာပြီ စတာတွေကို ပြောပြပါ။ ဆေးက ဘယ်လောက် “အား” သောက်တာလဲ (ဥပမာ ၅၀မီလီဂရမ်လား၊၁၀၀မီလီဂရမ်လား စသည်) ဆိုတာကိုပါ ချရေးထားပါ။

    · အဆိုပါဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ မှတ်သားပြီး ပြောပြပါ (အထူးသဖြင့် သင့်ကို အော့အန်စေတဲ့ဆေးတွေ နဲ့ ဓါတ်မတည့်ဖူးလို့ ထင်ရတဲ့ ဆေးတွေ)။

    · လက်ရှိသောက်သုံးနေတဲ့ ဗီတာမင်နဲ့ အခြားသော ဖြည့်စွက်အားဆေးတွေ။

    · ဓါတ်မှန်ရိုက်ထားတာ၊သွေးစစ်ဆီးစစ်ထားတာ ဒါမှမဟုတ် အခြားသော ဆေးမှတ်တမ်း တွေကိုလည်း တပါတည်း ယူဆောင်လာသင့်ပါတယ်။

    ပထမဆုံးပြသတာမဟုတ်ဘဲ ရက်ချိန်းသွားပြတာဆိုရင် သင့်ရောဂါလက္ခဏာတွေ သက်သာလာခြင်းရှိမရှိ နဲ့ ဆေးမတည့်တာတွေ ရှိမရှိ ဆရာဝန်ကို ပြောပြရပါမယ်။

    တကယ်လို့ သင်ဆေးမှန်မှန်မသောက်မိဖူး ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတာတွေကို မလိုက်နာမိဖူးဆိုရင် အမှန်အတိုင်း ဝန်ခံပါ။ ဆေးသောက်ရမယ့် အချိန်တွေကို မမှတ်မိနိုင်တာမျိုး ဒါမှမဟုတ် သောက်ဖို့ အခက်အခဲရှိနေတာမျိုးဆိုရင် သင့်ဆရာဝန်အနေနဲ့ ဆေးပြောင်းပေးနိုင်ပါတယ်။

    ဆရာဝန်အနေနဲ့ သင်ပြောတာတွေကို အာရုံမစိုက်ဖူး ဒါမှမဟုတ် သင့်ကိုဂရုမစိုက်ဖူးလို့ထင်ရင် “ဒေါက်တာ ကျွန်တော်/ကျွန်မ ပြောနေပါတယ်” လို့ ရိုးရိုးလေး သတိပေးလိုက်နိုင်ပါတယ်။

    ဆရာဝန်ကို ဘာတွေမေးသင့်သလဲ။

    ဆရာဝန်နဲ့ မတွေ့ခင် အောက်ပါမေးခွန်းလေးတွေကို ကြိုတင်ပြီး ချရေးထားနိုင်ပါတယ်။

    · ဘာလို့ ဒီလက္ခဏာတွေ ဖြစ်တာလဲ။ တခြား ဘယ်ရောဂါတွေကရော ဒီလက္ခဏာတွေကို ဖြစ်စေနိုင်သလဲ။

    · ဘယ်လိုမျိုး စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ လိုမလဲ။ ဒီစစ်ဆေးမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေရှိနိုင်သလဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုသလဲ။

    · အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ဖို့ လိုမလား။

    · အခု ခံစားနေရတဲ့ GERD ရောဂါက ခဏပဲလား၊နာတာရှည်လို ဖြစ်မှာလား။

    · အချိန်ကြာလာရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။GERD ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။ ဘယ်လိုမျိုး ကုသရမလဲ။

    · ဒေါက်တာညွှန်ကြားတဲ့ နည်းလမ်းအပြင် တခြားဘာနည်းလမ်းတွေရော ရှိသေးလဲ။

    · ကျွန်တော်/ကျွန်မမှာ တခြားရောဂါတွေလည်း ရှိပါသေးတယ်။GERD ကို ကုသနေတဲ့အချိန်မှာ အဆိုပါ ရှိရင်းစွဲ ရောဂါတွေကိုရော ဘယ်လိုကိုင်တွယ်မလဲ။

    · အခု ဒေါက်တာပြောတဲ့ ဆေးဝါးကုသမှုတွေအပြင် ဘယ်လိုမျိုး အစားအသောက်အနေအထိုင် ပြောင်းလဲမှုတွေ လုပ်ရင် ပိုပြီး အကျိုးရှိနိုင်သလဲ။ ဘယ်လိုအရာတွေကို ရှောင်ရှားဖို့ရော လိုအပ်သလဲ။

    · အထူးကုနဲ့ ပြဖို့လိုသလား။ ငွေကုန်ကြေးကျ ဘယ်လောက်လောက် ရှိနိုင်သလဲ။(ကျန်းမာရေးအာမခံမှာရော အကျုံးဝင်ပါသလား)။

    · ဒေါက်တာညွှန်ကြားတဲ့ ဆေးတွေနဲ့ ကျွန်တော်/ကျွန်မ လက်ရှိသောက်နေတဲ့ ဆေးတွေ (ဒါမှမဟုတ် သောက်ဖို့အစီအစဉ်ရှိတဲ့ ဆေးတွေ) အကြားမှာ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်နိုင်သလား။

    · ကျွန်တော်/ကျွန်မ ရောဂါနဲ့ ဆိုင်တဲ့ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်လေးတွေ ဒါမှမဟုတ် စာအုပ်လေးတွေများ ရှိသလား။ အိမ်ယူသွားလို့ ရလား။ ဒါမှမဟုတ် ဘယ်ဝဘ်ဆိုက်တွေမှာ ရှာဖတ်ရမလဲ။

    · ဒေါက်တာဘယ်နေ့ ရက်ချိန်းခေါ်ဦးမှာလဲ။ ဒေါက်တာ့ကို ပြန်ပြောဖို့အတွက် ဘယ်လို လက္ခဏာတွေကို သတိထားပြီး မှတ်သားထားရမလဲ။

    ဘယ်အရာမဆို ကြိုတင်ပြင်ဆင်မှုက အရေးကြီးပါတယ်။ ဆရာဝန်ပြတဲ့အခါမှာလည်း သင်မေးချင်တဲ့၊ပြောပြချင်တဲ့ အချက်လေးတွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်။

    ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကုသမှုခံယူနေစဉ်အတောတွင်းမှာလည်း ပြဿနာတစုံတရာ ပေါ်ပေါက်ခဲ့မယ်ဆိုရင် နောက်တခါ ရက်ချိန်းအထိ စောင့်မနေဘဲ ဆရာဝန်ထံ ချက်ချင်းဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။

    health-tool-icon

    အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

    အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 15/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: