သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

    လူတိုင်းလူတိုင်းက အားလပ်ရပ်အပန်းဖြေခရီးထွက်ရတာကို နှစ်သက်သဘောကျကြပါတယ်။ ဒါပေမယ့် သင့်မှာ အစာချေအက်ဆစ်တွေ ပြန်ဆန်တက်တာကြောင့် ရင်ပူတဲ့ ဝေဒနာခံစားနေရမယ်ဆိုရင် အားလပ်ရက်တွေက ပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်ရဲ့အားလပ်ရက် အပန်းဖြေခရီးကို ရင်ပူခြင်းက မနှောင့်ယှက်စေဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

    ဆေးဝါးများ

    ခရီးသွားရင်း ဘယ်နေရာပဲ ရောက်ရောက် ဆေးတော့ ဝယ်သောက်လို့ရပါတယ်။ ဒါကြောင့် ဆရာဝန်ဆေးစာမလိုတဲ့ ဆေးတွေကို ရောက်တဲ့နေရာမှာ ဝယ်သောက်နိုင်သလို တခါတည်း ဆောင်သွားလို့လည်း ရပါတယ် (အထူးသဖြင့် သင့်ရောဂါအခြေအနေ ပြင်းထန်တဲ့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကို သောက်နေရတယ်ဆိုရင်ပေါ့)။ အကြံဉာဏ်တောင်းဖို့ လိုအပ်လာခဲ့သည်ရှိသော် သင့်ဆရာဝန်နဲ့ ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်၊သူပေးထားတဲ့ ဆေးစာ စတာတွေကိုပါ ဆောင်သွားနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။ ရင်ပူတာကို ကုသပေးနိုင်ပြီး ဆရာဝန်ဆေးစာမလိုဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးအချို့ကတော့

    Antacids တွေဖြစ်ကြတဲ့ Tums®, Rolaids® နဲ့ Maalox® တို့ဟာ အစာအိမ်အက်ဆစ်တွေကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ပေးနိုင်တာမို့ အစာမကြေတာ၊အက်ဆစ်ဓါတ်များတာနဲ့ ဗိုက်အောင့်တာတွေကို သက်သာစေပါတယ်။

    Axid AR®, Pepcid AC®, Prilosec OTC®, Tagamet HB®, Zantac 75® အစရှိတဲ့ ဆေးတွေကတော့ အက်ဆစ်တွေ ထွက်မလာနိုင်အောင် ပိတ်ဆို့တားဆီးပေးနိုင်တာပါတယ်။

    အက်ဆစ်တွေ ပြန်ဆန်တက်မှုကြောင့် ရင်ပူခြင်းကို ဘယ်လိုရှောင်ရှားမလဲ။

    အစားတွေနင်းကန်မစားပါနဲ့။

    တပတ်လုံးအစားဆင်းရဲထားသမျှ ပိတ်ရက်မှာတော့ စားလိုက်မဟဲ့လို့ ကြွေးကြော်ထားတာ သင်တယောက်တည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အစာအိမ်ဟာ ကုန်လှောင်ရုံမဟုတ်တဲ့အတွက် တချိန်တည်းမှာ အစာတွေအများကြီးကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အစာသစ်တွေ ထပ်ရောက်မလာခင်မှာ မူလစားထားတဲ့ အစာဟောင်းတွေကို အရင်ချေဖို့ လိုပါတယ်။ ဒီတော့ သင်သာ အစားတွေ အများကြီးစားမယ်ဆိုရင် သင့်အစာအိမ်အနေနဲ့ အလျင်မီအောင် ချေပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ဒါဟာ လူတွေအစာမကြေခြင်း ပြဿနာနဲ့ ရင်ဆိုင်ရခြင်းရဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဆိုတော့ သင်အစာစားတဲ့အခါ ပန်းကန်ပြားခပ်သေးသေးကို အသုံးပြုခြင်းအားဖြင့် အစားအသောက်တွေပိုများတယ်လို့ သင့်စိတ်ကထင်လာအောင် လှည့်စားနိုင်ပါတယ်။

    အစာကို ဖြည်းဖြည်းစားပါ၊မလောပါနဲ့။

    အားလပ်ရက် ခရီးထွက်တဲ့အခါ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ ရှိလာနိုင်ပါတယ်။ ဈေးဝယ်ထွက်ရင် ခပ်သုတ်သုတ် ထွက်ရတာ ဒါမှမဟုတ် တနေရာကနေ နောက်တနေရာ အကူးအပြောင်းကို ခပ်မြန်မြန်လုပ်ရတာ အစရှိတဲ့ ခပ်လောလောကိစ္စတွေကြောင့် သင့်အနေနဲ့ အစာစားတဲ့အချိန်မှာလည်း အေးအေးဆေးဆေးဇိမ်တည်ပြီး စားလို့မရပါဘူး။ ဒီလို သုတ်သီးသုတ်ပြာ လှုပ်ရှားနေရတဲ့အချိန်မှာ sympathetic လို့ခေါ်တဲ့ အာရုံကြောအဖွဲ့အစည်းက အဓိက အလုပ်လုပ်နေရတဲ့အတွက် အစာကို ကောင်းစွာ မချေနိုင်တော့ပါဘူး (sympathetic အာရုံကြောဟာ စိတ်နဲ့ခန္ဓါဖိစီးမှုတွေကို အဓိကရင်ဆိုင်ပေးတာဖြစ်ပြီး အစာချေခြင်းကို မပြုလုပ်ပါဘူး)။ ဒါကြောင့် အသက်ကိုပုံမှန်ရှုပြီး စိတ်ကိုတည်ငြိမ်အောင်ထားပါ။ အစာစားရင် ဖြည်းဖြည်းချင်း ဝါးပြီးမြိုချခြင်းအားဖြင့် သင့်အစာချေစနစ် ထိရောက်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    ကိုယ့်အကြောင်းကိုယ်သိပါ။

    ဘယ်အစားအစာတွေက သင်နဲ့တည့်ပြီး ဘယ်အစားအစာတွေကတော့ ရင်ပူတာကို ပိုဆိုးစေလဲဆိုတာ သင်အသိဆုံးပါ။ ဒါ့အပြင် ကြက်သွန်နီ၊ချောကလက်၊ခရမ်းချဉ်သီးဆော့စ်၊ဂက်စ်ပါတဲ့ အအေးတွေ၊ကော်ဖီ၊အချဉ်ဓါတ်ရှိတဲ့ အသီးဖျော်ရည်တွေနဲ့ အရက်သေစာတွေကို ရှောင်ကျဉ်ပါ။ အရိုးပြုတ်ရည်၊အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ဂျင်းနဲ့ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်း၊လတ်ဆတ်တဲ့ ဂေါ်ဖီထုပ် အစရှိတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။ ပရိုတင်းဓါတ်ရဖို့အတွက် ပုစွန်၊ဆယ်လ်မွန်ငါး အစရှိတဲ့ ပင်လယ်စာတွေ အပြင် ပရိုတင်းဓါတ်ကြွယ်ဝပြီး ဗိုက်သိပ်မပြည့်စေတဲ့ အစားအစာလေးတွေကို ရွေးချယ်စားသုံးနိုင်ပါတယ်။

    အဝတ်ကြပ်ကြပ်တွေကို မဝတ်ပါနဲ့။

    အဝတ်ကြပ်ကြပ်တွေဟာ အစာအိမ်ကို ညှစ်ထားသလို ဖြစ်တဲ့အတွက် ဗိုက်နဲ့ အစာရေမြိုမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားတွေပေါ်မှာ ဖိအားများလာစေကာ ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လှုပ်ရှားသွားလာမှုတွေ များများစားစား ပြုလုပ်ရဖို့ရှိတဲ့ အားလပ်ရက်ခရီးသွားချိန်မှာ ပွပွချောင်ချောင်အဝတ်တွေကိုပဲ ဝတ်ဆင်သင့်ပါတယ်။

    အစာစားပြီးချိန်မှာ လဲလျောင်းခြင်းကို ရှောင်ကျဉ်ပါ။

    ရတဲ့အချိန်လေးအတွင်း အလျင်မီအောင် လျှောက်လည်ရတာကြောင့် အားလပ်ရက်ခရီးသွားစဉ်ကာလမှာ သင့်အနေနဲ့ အားအင်ကုန်ခမ်းလွယ်ပါလိမ့်မယ်။ တနေကုန် ပင်ပန်းထားတဲ့သင်ဟာ ညစာစားပြီးတာနဲ့ အိပ်ယာပေါ်ကို ပစ်လှဲလိုက်ချင်ပါလိမ့်မယ်။ ဒါပေမယ့် အစာစားပြီးပြီးချင်း လဲလျောင်းတာဟာ အစာချေခြင်းကို ထိခိုက်စေတဲ့အတွက် ရင်ပူတာကို ပိုဆိုးစေပါလိမ့်မယ်။ အစာစားပြီး သုံးနာရီလောက်အတွင်းမှာ မလဲလျောင်းသင့်တဲ့အတွက် ညရှစ်နာရီနောက်ပိုင်းမှ အစာစားတာမျိုးကို ရှောင်ရပါမယ်။

    ရင်ပူတဲ့ဝေဒနာကို မကြောက်ပါနဲ့။ သင့်အနေနဲ့ မှန်ကန်သင့်တော်စွာ စားသောက်နေထိုင်မယ်ဆိုရင် ရင်ပူခြင်းဝေဒနာဟာ အားလပ်ရက်တွေကို အနှောင့်အယှက်ပေးနိုင်မှာ မဟုတ်ပါဘူး။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement