backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

အစာခြေစနစ် ပြဿနာတွေကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ အစာခြေစနစ် ပြဿနာတွေထဲက အစာအိမ်အနာ ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ရမလဲဆိုတဲ့ အိမ်တွင်းကုထုံးလေးအကြောင်း ပြောပြပေးချင်ပါတယ်။

အစာအိမ် အနာဆိုတာ ဘာလဲ …….

အနာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ အစာအိမ်နံရံ အပါအဝင်ပေါ့။ အစာအိမ်အနာက ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲလွှာကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ ဒါမှမဟုတ် အက်စစ်ထွက်တာများလာတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေနည်းသွားပြီး အနာဖြစ်လာတဲ့အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။

ဘာတွေကြောင့် အစာအိမ်အနာ ဖြစ်ရတာလဲ …….

အစာအိမ်အနာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

  • H.pylori ဘက်တီးရီးယား ကူးစက်ခံရတာ
  • အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေကို ကာလရှည်ကြာ သုံးစွဲတာ
  • နေထိုင်စားသောက်မှုပုံစံတွေပါ။

ဘယ်လိုတွေ ခံစားရနိုင်လဲ ……..

အစာအိမ်အနာ ရှိနေတဲ့အခါ အစာအိမ်ထဲမှာ ပူပူလောင်လောင် ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာက တစ်ခါတလေမှာ

  • မိနစ်အနည်းငယ်လောက် ဒါမှမဟုတ် နာရီပေါင်းများစွာ ကြာနိုင်ပါတယ်။
  • အစာအိမ်ဆေး သောက်လိုက်တဲ့အခါ သက်သာသွားနိုင်ပါတယ်။
  • အစား မစားဘဲနေတဲ့အခါ သက်သာသွားနိုင်ပါတယ်။
  • အစာစားနေစဉ်မှာ အစာအိမ်အောင့်တာကို ခံစားရနိုင်သလို ညသန်းခေါင်မှာ အစာအိမ် အောင့်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။
  • အချိန်ကြာမြင့်စွာ သက်သာနေပြီးမှ ပြန်ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။

အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

ဒီလို နေရထိုင်ရခက်စေတဲ့ အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

အစာအိမ် အနာကို သက်သာစေဖို့ဆိုရင် ဒိန်ချဉ်၊ ကင်မ်ချီ တို့လိုမျိုး အချဉ်ဖောက်ထားတဲ့ အကျိုးပြု ဘက်တီးရီးယား (probiotics) ကြွယ်ဝစွာ ပါဝင်နေတာလေးတွေကို စားပေးလို့ ရပါတယ်။

Probiotics တွေက အစာခြေစနစ်ထဲက သက်ရှိ အကျိုးပြုဘက်တီးရီးယားလေးတွကို ကျန်းမာတဲ့ ပမာဏအတွင်း ရှိအောင် ထိန်းညှိပေးပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးရင်း အစာအိမ်အနာကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။

အကျိုးပြု ဘက်တီးရီးယားတွက အစာအိမ်အနာဖြစ်စေနိုင်တဲ့ H.pylori ဘက်တီးရီးယား တွေကို မသုတ်သင်နိုင်ပေမယ့် အရေအတွက် လျော့သွားအောင်တော့ လုပ်ဆောင်ပေးနိုင်ပါတယ်။ အနာကျက်စေပြီး သက်သာကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ချင်း (ဂျင်း) က အစာအိမ်ကို ကျန်းမာစေတယ်လို့ သိတဲ့သူက နည်းနေသေးပါတယ်။ ချင်း (ဂျင်း) ကို လေချုပ်တာ၊ လေပွတာ၊ ဝမ်းချုပ်တာနဲ့ အစာအိမ်အနာအပါအဝင် အစာခြေစနစ် ပြဿနာ အမျိုးမျိုးကို ကုသဖို့အတွက် အသုံးပြုလို့ ရပါတယ်။

ချင်း (ဂျင်း) က H.pylori ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အစာအိမ်အနာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သတိထားရမှာက အလွန်အကျွံစားမယ်ဆိုရင်တော့ ရင်ပူတတ်ပါတယ်။

သစ်သီး အများစုမှာ polyphenols ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဓာတ်က အစာအိမ်အနာ သက်သာစေဖို့ ထောက်ကူပေးသလို ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာ သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဖလေဗာနွိုက်က အစာအိမ်နံရံမှာ အနာမဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတာကြောင့် အစာအိမ်နံရံမှာ အချွဲမြှေးဖြစ်ပေါ်စေဖို့ ကူညီပေးသလို H. pylori ဘက်တီးရီးယား ပေါက်ဖွားမှုကိုလည်း တားဆီးပေးပါတယ်။

ဒါကြောင့် အစာအိမ်အနာ ရှိမယ်ဆိုရင် ပန်းသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ အခွံမာသီးတွေကို စားပေးလို့ ရပါတယ်။

သီးမွှေး ငှက်ပျောသီးက အစာအိမ်အနာကို သက်သာစေနိုင်ပါတယ်။ မှည့်ခါစ သီးမွှေးငှက်ပျောသီးတွေမှာ အစာအိမ်နံရံ အချွဲမြှေးကို တိုးစေနိုင်တဲ့ Leucocyanidin လို့ခေါ်တဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် အစာအိမ်အနာကို သက်သာစေဖို့ ထောက်ကူပေးသလို အစာခြေအက်ဆစ် အလွန်အကျွံမထွက်စေဖို့လည်း ထောက်ကူပေးပါတယ်။

ပျားရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုတာကိုတော့ တော်တော်များများ သိထားပြီးဖြစ်မှာပါ။ လေ့လာမှုတွေအရတော့ ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် အစာအိမ်အနာ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အနာကျက်မြန်စေပြီး ဘက်တီးရီးယားပေါက်ဖွားမှုကို တားဆီးပေးနိုင်မှာပါ။

အဝါရောင်တောက်တောက် နနွင်းလေးက ဟင်းလျာတွေထဲမှာ ထည့်ချက်ရင် ကျန်းမာရေး အကျိုးများတယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်မှာပါ။ အရောင်ကျစေနိုင်တဲ့ နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာအိမ်အနာ မဖြစ်စေဖို့ ကာကွယ်ပေးသလို အစာအိမ်အနာ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။

ဟင်းလျာတွေကို အရသာတိုးစေတဲ့ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာအိမ်အနာကို ကုသရာမှာ ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်ပြီး အစာအိမ်အနာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။  နေ့စဉ် စားသုံးမှုမှာ ကြက်သွန်ဖြူ ၂ မွှာလောက်ပါအောင် ထည့်သွင်း စားသုံးပေးရုံပါ။

အလှအပအတွက် အသုံးဝင်တဲ့ ရှားစောင်းလက်ပပ်က အစာအိမ်အနာကို သက်သာစေဖို့လည်း အသုံးဝင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လီသားက အနာကျက်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးပါတယ်။

ကဲ …. အစာအိမ် အနာသက်သာစေမယ့် အိမ်တွင်းကုထုံးတွေထဲက အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်နော်။

အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံးများ

အစာအိမ်အနာ သက်သာစေဖို့
  • အကျိုးပြု ဘက်တီးရီးယား (probiotic) ကြွယ်ဝတာတွေ စားပေးပါ
  • ချင်း (ဂျင်း)
  • အရောင်အသွေးစုံတဲ့ သစ်သီးတွေ
  • သီးမွှေး ငှက်ပျောသီး
  • ပျားရည်
  • နနွင်း
  • ကြက်သွန်ဖြူ
  • ရှားစောင်းလက်ပပ် တို့ကို အသုံးပြုပေးလို့ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement