backup og meta

အစာအိမ်အချဉ်ပေါက်ချိန်မှာ ရှောင်ကြဉ်သင့်သော အစားအစာများ

အစာအိမ်အချဉ်ပေါက်ချိန်မှာ ရှောင်ကြဉ်သင့်သော အစားအစာများ

အစာအိမ်အချဉ်ပေါက်ခြင်းဆိုတာ အစာအိမ်ထဲမှာရှိတဲ့ အစားအစာများ၊ အစာချေရည်များဟာ အစာမျိုပြွန်ထဲကို ပြန်လျှံတက်လာခြင်းကို ဆိုလိုပါတယ်။ အစာမျိုပြွန်အောက်ခြေ ကြွက်သားလျော့ရဲသွားပြီး အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေ အစာမျိုပြွန်ထဲ ရောက်ကုန်ရင် ဖြစ်တတ်ပါတယ်။ တကယ်လို့ အဲဒီအခြေအနေတွေ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုဖြစ်နေမယ်ဆိုရင် ဆေးပညာအရ GERD (Gastroesophageal disease) လို့ ရောဂါအမည်တပ်ပါတယ်။

အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– စားသောက်ပြီးနောက် သင့်ကိုယ်ခန္ဓာ၏ ပုံစံအနေအထား

– စားသောက်သည့်ပမာဏ

– အစားအသောက်အမျိုးအစား စတာတွေ ဖြစ်ပါတယ်။

သင့်အနေနဲ့ အစာအိမ် အူလမ်းကြောင်းပြဿနာတခုခုဖြစ်ပြီဆိုရင် ဘယ်လောက်စားမယ်၊ ဘာစားမယ်ဆိုတာ သတိပြုသင့်ပါတယ်။ စားသောက်ပြီးချိန်မှာ မတ်မတ်ထိုင်နေခြင်း၊ အစားကို နည်းနည်းစီ အချိန်ခွဲစားခြင်း စတာတွေဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာကိုရှောင်ရမလဲ၊ ဘာကိုစားရမလဲဆိုတာဟာ စဉ်းစားဖို့ လိုပါမယ်။

အစာအိမ်အချဉ်ပေါက်ခြင်းကို ဘယ်အစားအစာတွေက အမှန်တကယ်ဖြစ်စေသလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေပါတယ်။ ဒါပေမယ့် အစာမကြေခြင်း၊ ရင်ပူခြင်း၊ အချဉ်ပေါက်ခြင်း စတာတွေကို ကာကွယ်နိုင်ဖို့အတွက် သုတေသီအများစု လက်ခံထားတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါတယ်။

အဆီများသော အစားအစာများ၊ ဆီကြော်စားစရာများ

အဆီများတဲ့ အစားအစာများဟာ အစာရေမျိုအောက်ခြေ ကြွက်သားအပေါ် ဖိအားပေးပြီး အစာအိမ်ထဲကို အစာများကို ကုန်စင်အောင်ချေဖျက်နိုင်ခြင်းကို နှောင့်နှေးစေပါတယ်။ အဲဒီအချိန်မှာ အစာအိမ်အချဉ်ပေါက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီစားသုံးမှုကို လျှော့ချရပါမယ်။ အဆီများတဲ့ အောက်ပါအစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

– အာလူးချောင်းကြော်

– ကြက်သွန်ကွင်းကြော်

– ထောပတ်

– နွားနို့

– ဒိန်ခဲ

– ရေခဲမုန့်

– အဆီများသော အသားများ စတာတွေ ဖြစ်ပါတယ်။

ပူစပ်သော အစားအစာများ

အပူအစပ်များတဲ့ စားစရာတွေဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ဝမ်းခေါင်းပူခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ သုတေသနတချို့မှာတော့ ငရုတ်သီးလို အစပ်အရသာမျိုးဟာ မကြာခဏထိတွေ့မှုရှိရင် တခါတလေမှာ စားသောက်တဲ့အခါ ဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ ပူစပ်ခြင်း စတဲ့ဝေဒနာမျိုး မဖြစ်စေဘူးလို့ ဆိုလိုပါတယ်။

နေ့စဉ်စားသောက်ဖွယ်ရာတွေမှာ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များဟာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ ဒါပေမယ့် အသီးအရွက်တချို့ဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အောက်ဖော်ပြပါ အသီးအရွက်များဟာ အဖြစ်များပါတယ်။

– နာနတ်သီး

– လိမ္မော်သီး၊ ဂရိတ်ဖရု၊ လီမွန်၊ သံပုရာ စသည့် အချဉ်ဓာတ်ပါသော စားစရာများ

– ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီးဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ ခရမ်းချဉ်သီးဆော့စ်၊ ပီဇာဆော့)

– ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

အဖျော်ယမကာများ

အဖျော်ယမကာမျိုးစုံဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ပိုဆိုးစေတတ်ပါတယ်။ အထူးသဖြင့်

– အယ်လ်ကိုဟော

– ကော်ဖီ၊ လက်ဖက်ရည်

– ကာဗွန်ဖြည့်ထားသော အချိုရည်များ

– ချဉ်သောအရသာရှိသော အသီးဖျော်ရည်များ စတာတွေ ဖြစ်ပါတယ်။

အခြား အစားအစာများ၊ ဆေးဝါးများ၊ အားဖြည့်ဓာတ်စာများ

အစားအစာနဲ့ဆေးဝါးမျိုးစုံဟာ အစာရေမျိုအောက်ခြေကြွက်သားကို အားလျော့စေပါတယ်။ အဲဒီအချိန်မှာ အစာအိမ်အချဉ်ပေါက်ခြင်း လက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာအားဖြင့် အောက်ပါအစားအစာတွေ စားသောက်ပြီးရင် ဖြစ်ပေါ်လာတတ်ပါတယ်။

– ချောကလက်

– ပူရှိန်း

– သံဓာတ် (သို့) ပိုတက်ဆီယမ် အားဖြည့်ဓာတ်စာများ

– ပဋိဇီဝဆေးများ

– အက်စ်ပရင် အပါအဝင် အကိုက်အခဲပျောက်ဆေးများ

– နိုက်ထရိတ်

– alpha-blocker ဆေးများ

– calcium channel blocker ဆေးများ

– theophylline

– tricyclics

– အဆင့်ဆင့်ပြုပြင်ထားသော အစားအစာများ စတာတွေကြောင့် အစာအိမ်အချဉ်ပေါက်ဝေဒနာ ပိုဆိုးနိုင်ပါတယ်။

ဆေးပုံမှန်သောက်ရဲ့သားနဲ့ အစာအိမ်အချဉ်ဓာတ် များနေဦးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း

အစားအသောက်စားသုံးတဲ့ ပုံစံကို ပြောင်းလဲခြင်း၊ အစားအသောက် ဆင်ခြင်သတိထားခြင်း စတာတွေဟာ အစာအိမ်အချဉ်ဓာတ်လျော့ပါးစေဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ အစာအိမ်ဆေးများကို ရေရှည်စွဲသုံးဖို့လည်း မကောင်းတာကြောင့် အစားအသောက်ပုံစံ၊ နေထိုင်မှုပုံစံတွေနဲ့ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ အစားကို နည်းနည်းစီခွဲစားပြီး စားပြီးချိန်မှာလည်း မတ်မတ်ထိုငနေသင့်ပါတယ်။ အပူအစပ်များ၊ အချဉ်များသော အစာများကို သတိပြုစားသုံးရပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/gerd/foods-to-avoid Accessed Date 16 April 2020

ယခုပုံစံ

14/07/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အောင့်ရင် အမြန်ဆုံးသက်သာစေဖို့ ဘာတွေကိုလုပ်မလဲ

လေပွလေထစေသော အစားအစာများ



Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement