backup og meta

အစာအိမ်အချဉ်ပေါက်ပြီး ရင်ပူနေခြင်းကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်အချဉ်ပေါက်ပြီး  ရင်ပူနေခြင်းကို သက်သာစေဖို့

    အစာအစားချိန်မမှန်ခြင်း၊ အပူအစပ် စားမိခြင်းတွေကြောင့် လူအများဟာ အစာအိမ်မချဉ်ပေါက်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီအခါ အစာအိမ်ဆေးများနဲ့ သက်သာပျောက်ကင်းပေမယ့် ရေရှည်အတွက်ဆိုရင် နေထိုင်မှုပုံစံတွေပါ ဆင်ခြင်ပြောင်းလဲပေးနိုင်ဖို့ လိုပါတယ်။ အဓိကကတော့ စားသောက်မှုပုံစံ ဖြစ်ပါတယ်။

    အစာအိမ်အချဉ်ပေါက်ပြီး ရင်ပူနေခြင်းကို သက်သာစေဖို့

    အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေများလာရင် အပေါ်ကို ပြန်ဆန်တက်ပါတယ်။ အစာရေမျိုထဲကို အချဉ်ဓာတ်တွေ လျှံတက်ပြီး ရင်ပူခြင်း၊ လေချဉ်တက်ခြင်း ဖြစ်တတ်ပါတယ်။ တခါတရံဆို အန္တရာယ်မရှိပေမယ့် မကြာခဏဖြစ်လာရင်တော့ အစာရေမျိုအတွင်းသားကို လောင်စားစေတတ်ပါတယ် အများစုမှာတော့ ရင်ပူခြင်း၊ လည်ချောင်းနာခြင်းတွေ ခံစားရပါတယ်။

    ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဒီပြဿနာကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာပါပဲ။ အစာအိမ်အချဉ်ပေါက်ပြီး ရင်ပူနေခြင်းကို သက်သာစေဖို့ ဆိုရင်

    ၁။ အစားအများကြီးမစားပါနဲ့

    အစာရေမျိုကနေ အစာအိမ်ထဲဝင်တဲ့နေရာမှာ ကြွက်သားအရစ်ရှိပြီး အဆို့ရှင်လို လုပ်ဆောင်ပေးပါတယ်။ အစာမျိုချချိန်၊ လေတက်ချိန်၊ အန်ချိန်တွေမှာ ပွင့်ပါတယ်။ အချဉ်ဓာတ် အပေါ်ကို ပြန်ဆန်သူတွေမှာတော့ အဆိုပါကြွက်သားဟာ အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အစားစားပြီးချိန်မှာ ဖြစ်ပါတယ်။ များများစားမိတဲ့အချိန်မှာဆိုရင် ပိုဆိုးပါတယ်။ ဒါကြောင့် အစာချေရည် ပြန်လျှံတတ်သူတွေဟာ အစားကို နည်းနည်းချင်းစီပဲ စားသင့်ပါတယ်။

    ၂။ ကိုယ်အလေးချိန်လျှော့ချပါ။

    ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားဟာ အစာအိမ်အပေါ်မှာ တည်ရှိပါတယ်။ ကျန်းမာရေး ကောင်းသူတွေမှာ အဆိုပါကြွက်သားဟာ အားကောင်းပြီး အစာရေမျိုအောက်ခြေ ကြွက်သားကိုပါ အားဖြည့်ပေးပါတယ်။

    ဒါပေမယ့် ဝပြီး အဆီဓာတ်များနေသူတွေကတော့ ဝမ်းဗိုက်အဆီတွေကြောင့် အစာရေမျိုအောက်ခြေ ကြွက်သားကို အပေါ်ကို တွန်းတင်တတ်ပါတယ်။ အဆိုပါ အခြေအနေမှာ ရင်ပူခြင်း၊ အစာချေရည် အထက်ကိုပြန်လျှံခြင်းတွေ ပိုဖြစ်လာနိုင်ပါတယ်။ အဝလွန်သူများအပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ဒီပြဿနာကြုံရတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ လိုအပ်ပါတယ်။

    ၃။ ကစီဓာတ် လျှော့စားပါ

    ကစီဓာတ်တွေကို ကောင်းစွာ မချေဖျက်နိုင်ရင် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး ဝမ်းဗိုက်တွင်းမှာ ဖိအားမြင့်တက်တတ်ပါတယ်။ လေပွလေထခြင်း ပိုမိုမြင့်မားလာပြီး အစာခြေရည် အပေါ်ကို လျှံတက်နိုင်ပါတယ်။ တဖက်မှာလည်း ကစီဓာတ်ကို လျှော့စားခြင်းဟာ အစာခြေရည် ဆန်တက်တဲ့ ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။

    ၄။ အရက်လျှော့သောက်ပါ။

    အယ်လ်ကိုဟောဟာ အက်ဆစ်ဓာတ်လျှံတက်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အစာရေမျိုအောက်ခြေ ကြွက်သားကိုလည်း လျော့ရဲစေတတ်ပါတယ်။ ကျန်းမာရေးကောင်းသူတွေမှာတောင် အရက်ကို အတန်အသင့် သောက်မိရင် ဒီပြဿနာ ကြုံနိုင်ပါတယ်။ ဝိုင်၊ ဘီယာသောက်ရင်လည်း အလားတူ အကျိုးသက်ရောက်မှု ရှိပါတယ်။

    ၅။ ကော်ဖီလျှော့သောက်ပါ။

    ကော်ဖီဟာလည်း အစာရေမျိုကြွက်သားကို အားပျော့စေပြီး အချဉ်ဓာတ်ကို ပိုဆန်တက်စေပါတယ်။ အဓိကကတော့ ကဖိန်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်လျှော့ချထားတဲ့ Decaf ကော်ဖီတွေဟာလည်း ဒီပြဿနာကို ဖြစ်စေပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး တိကျတဲ့ အထောက်အထားတွေတော့ ပိုမိုလိုအပ်ပါသေးတယ်။ ဒါပေမယ့် သုတေသနတခုမှာတော့ အစာအစာပြိးချိန်မှာ ရိုးရိုးရေနွေးသောက်သုံးသူတွေနဲ့ ကော်ဖီသောက်သုံးသူတွေကို ယှဉ်တွဲလေ့လာခဲ့ပါတယ်။ အဆိုပါသုတေသနအရ ကော်ဖီသောက်သုံးသူတွေမှာ အက်ဆစ်ဓာတ် ပြန်ဆန်တက်ခြင်း ပိုမိုမြင့်မားကြောင်း တွေ့ရပါတယ်။

    ၆။ ကာဗွန်ဖြည့်အချိုရည်များ လျှော့သောက်ပါ

    ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်များဟာ အစာအိမ်အူလမ်းကြောင်းထဲမှာ လေပွလေထခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာအိမ်ထဲက အက်ဆစ်တွေကို တွန်းကန်စေပြီး အစာရေမျိုထဲ ရောက်လာနိုင်ပါတယ်။ ကာဗွန်အားဖြည့် အချိုရည်တွေကို လျှော့သောက်ပါ။ ဒါမှမဟုတ် လေပူစီဖောင်းများ အချိုရည်ထဲက ထွက်သွားစေပြီးမှ သောက်ပါ။

    ၇။ အချဉ်ဓာတ်များသော ဖျော်ရည်များ မသောက်ပါနဲ့

    အစာရေမျိုမှာ အက်ဆစ်ရည်များ ပြန်လျှံနေချိန်မှာတော့ အချဉ်ဓာတ်ကဲတဲ့ ဖျော်ရည်တွေ ရှောင်သင့်ပါတယ်။ သုတေသနတခုအရ လိမ္မော်ရည်၊ ဂရိတ်ဖရုဖျော်ရည် စတာတွေဟာ အက်ဆစ်ဓာတ် အပေါ်ဆန်တက်ခြင်းကို ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။ အက်ဆစ်ဓာတ် ပြန်လျံခြင်း မဖြစ်ရင်တောင် ရင်ပူခြင်းကို ပိုဆိုးစေတတ်ပါတယ်။

    ၈။ အိပ်ရာခေါင်းပိုင်းကို မြှင့်ထားပါ

    လူတချို့ဟာ ညအချိန်မှာ အက်ဆစ်ဓာတ်ပြန်ဆန်တက်ခြင်းကို ပိုမိုကြုံတွေ့ရပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် ကောင်းကောင်းအိပ်မရဘဲ ဖြစ်တတ်ပါတယ်။ သုတေသနတခုအရ အိပ်ရာဝင်ချိန်မှာ အိပ်ရာခေါင်းရင်းပိုင်းကို မြှင့်ထားပေးခြင်းဟာ ဒီအတိုင်း အိပ်စက်သူတွေနဲ့ ယှဉ်ရင် အစာခြေရည် ပြန်လျှံခြင်းကနေ သက်သာစေကြောင်း တွေ့ရပါတယ်။

    ၉။ အိပ်ရာမဝင်မီ သုံးနာရီအတွင်း မစားပါနှင့်

    အိပ်ချိန်နဲ့နီးကပ်ပြီး စားသောက်တတ်သူတွေဟာ အက်ဆစ်ဓာတ်ပြန်လျှံဖို့ အခွင့်အလမ်းများကြောင်း သိရပါတယ်။ အထူးသဖြင့် မအိပ်ခင် သုံးနာရီအတွင်း စားသောက်တတ်သူတွေ ဖြစ်ပါတယ်။ အစာမကြေ လေပွခြင်းလည်း ပိုမိုဖြစ်ပွားတတ်ပါတယ်။

    ၁၀။ ညာဘက်ကို စောင်းမအိပ်ပါနှင့်

    အစာရေမျိုဟာ အစာအိမ်ရဲ့ ညာဘက်အပေါ်ပိုင်းမှာ ကပ်လျက်ရှိပါတယ်။ တကယ်လို့ ဘယ်ဘက်ကို စောင်းအိပ်ရင် အစာရေမျိုအောက်ခြေကြွက်သားဟာ အစာအိမ်ရဲ့ အက်ဆစ်ရည်များ မျက်နှာပြင်ပေါ်မှာ ရှိနေပါတယ်။ ဆိုလိုရင်းကတော့ အက်ဆစ်ရည်များ အပြင်ကို မထွက်နိုင်ပါဘူး။ ညာဘက်ကို စောင်းအိပ်မယ်ဆိုရင်တော့ အစာရေမျိုအောက်ခြေ ကြွက်သားဟာ အစာခြေရည်များအောက် ရောက်သွားပြီး အစာခြေရည်များ အပြင်ကို စိမ့်ထွက်လာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement