home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လူကြီးတွေ ဘာတွေ ခံစားနေရလဲဆိုတာ သင်သိပါသလား

လူကြီးတွေ ဘာတွေ ခံစားနေရလဲဆိုတာ သင်သိပါသလား

ကမ္ဘာ့ လူဦးရေမှာ အသက်ကြီးတဲ့လူတွေ ပိုများလာတာကြောင့် လူဦးရေရဲ့ ၁၃%က အခုဆို အသက် ၆၅နှစ်ကျော်နေပါပြီ။ ဒါကြောင့်ပဲ အိမ်တိုင်း လိုလိုမှာ သက်ကြီးပိုင်း တစ်ဦးတော့ အနည်းဆုံးရှိနေတတ်တာပါ။ သက်ငယ်ပိုင်း၊ သက်လတ်ပိုင်းတွေနဲ့ အတူနေထိုင်ရတဲ့ သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးပြဿနာအပြင် တခြား ဆက်ဆံရေး ပြဿနာတွေကိုပါ ရင်ဆိုင်ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူတို့ဘယ်လို ခံစားနေရတယ်။ ဘယ်လိုဖေးမပေးနိုင်မယ်ဆိုတာ ပြောပြပေးဖို့ သည်ဆောင်းပါးကို ရေးပါတယ်။

ကိုယ့်မှာ မေမေ့ အစ်မ ကြီးကြီး ရော မေမေ နဲ့ပါဆို ခြောက်ဆယ်ကျော် လူကြီး နှစ်ယောက်ရှိပါတယ်။ သူတို့ကို ကြည့်ပြီး လိုတာအမြဲစောင့်ကြည့်လုပ်ကိုင်ပေးနေရတာမို့ သူတို့ ဘယ်လိုခံစားရပြီး ဘာလိုတယ်ဆိုတာ သိနေနိုင်တာပါ။ ကိုယ့်အလုပ်က အိမ်ကပ်လို့ရတဲ့ အလုပ်ဖြစ်တာကြောင့်လည်းပါပါတယ်။ တကယ်တမ်း အလုပ်များတဲ့သူတွေ၊ အိမ်သိပ်မကပ်တဲ့သူတွေ အနေနဲ့ လူကြီးတွေနဲ့ တွေ့ရတုန်းခဏ သူတို့ကို ဘယ်လို စိတ်ချမ်းသာစေမလဲ … သူတို့ ဘာတွေလိုနေတယ် ဆိုတာ ဘယ်လို သိနိုင်မလဲ ဆိုတဲ့ idea checklist လေးရရင် ရေးရကျိုးနပ်ပါပြီ။

လူကြီးတွေက သူတို့ကိုယ်သူတို့ ကျန်းမာရေး ဘယ်လောက် ကောင်းအောင်လုပ်လုပ်၊ သူတို့အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ထားလည်းပဲ အသက်ကြီးလာတာနဲ့အမျှ ရုပ်ရည်ကျလာတာက ရှောင်လွှဲလို့ မရပါဘူး။ ဘယ်လောက်ကျန်းမာရေးကောင်းတဲ့ သူဖြစ်ဖြစ်ပါနော်။ အရွယ်တင်တယ်ဆိုတာလည်း ပင်ကိုရုပ်တော့မဟုတ်တာပါ။ အသက်ကြီးရင့်ချိန် ပြောင်းလဲမှုတွေက စိတ်သဘောထားအပေါ်မှာလည်း မူတည်ပါတယ်။ စပြီး သိသာလာမှာကတော့ ဆံပင်နဲ့ အရေပြားပါပဲ။ ဆံပင်က စပြီးပါးလာမယ် (သို့) ဖြူလာမယ်၊ နောက်ပြီး အရပ်အမောင်းတောင် လျော့လာမယ်၊ ဘာလို့လဲဆိုတော့ အရိုးသိပ်သည်းဆ နည်းလာလို့ပါ။ ‘ဆဲလ်တွေက စတင်ယိုယွင်းပျက်စီးပြီး ကြွက်သားထုကြီးကလည် လျော့ကျလာတာမို့ လက်ပြင်ပိုကုန်းပြီး ခါးညွတ်လာပါလိမ့်မယ်။ ကိုယ့်မေမေဟာ အရင် ၅ပေ ၇ လက်မရှိရာကနေ အသက် ၆၀ ကျော်လာတဲ့အချိန်မှာ ၅ပေ ၅ လောက်ပဲကျန်ပါတော့တယ်။ သူ့ကို အရပ်ပုသွားတဲ့အကြောင်း စကားစရင် မကောင်းတာတစ်ခုခုများဖြစ်တော့မလားဆိုတဲ့ စိုးရိမ်ငွေ့တွေ မျက်နှာမှာတွေ့ရပါတယ်။ ဆိုတော့ သူတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု ( ရောဂါ မဟုတ်သေးဘူးနော်) အပေါ်မှာ စိတ်အားငယ်တာ စိတ်ဓာတ်ကျတာမျိုး ကျိန်းသေပေါက်ရှိပါတယ်။ သည်နေရာမှာ ကိုယ် လုပ်ဖို့က “ အဖြစ်သည်းလိုက်တာ” လို့ လုံးဝ မယူဆမိဖို့ပါပဲ။ ဆံပင်တွေဖြူလာတာ အသားတွေပျော့လာတာက အစ သူတို့မှာ အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှု ရှိပါတယ်။ ကိုယ်ဆိုရင် မေမေတို့အတွက် ဆံပင်ဆေးဆိုးဖို့ကို chemical အနည်းဆုံးဟာရှာပေးတယ်။ တတ်နိုင်ရင် မဆိုးဖို့ ဖျောင်းဖျတယ်။ ဒါပေမယ့် အရင် ဆံပင်အရောင်လေးနဲ့ ဖြစ်နေတာကို သူတို့ လိုချင်ကြတုန်းပဲ။ ဒါဟာ လှချင်တာမဟုတ်ပါဘူး။ အရင်က သူတို့ ဆိုတဲ့ ခံစားမှုလေးကို ပြန်ရှာချင်တာပါ။ အရေပြားနဲ့ အရိုးအတွက် ဖြည့်စွက်စာ အာဟာရတွေတိုက်ပေးတယ်။ သူတို့ အပြောင်းအလဲနဲ့ ပတ်သတ်ပြီး ခံသာအောင်နဲ့ စိတ်ဖြေသာအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

နောက်တစ်ခုက ကိုယ်လက်လှုပ်ရှားနိုင်စွမ်း နဲ့ အထိအတွေ့အာရုံမှာပါ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်ပါလိမ့်မယ်။ အကြီးအကျယ် လို့ ဘာလို့ ပြောလဲဆိုရင် ဆယ်စုနှစ်ကလေး တစ်ခု ခြားသွားတာနဲ့ကို စွမ်းဆောင်ရည် သိသိသာသာ ကျသွားတာမို့ပါ။ သိသာတာ ပြောရရင် ကိုယ်နဲ့အတူ လမ်းလျှောက်နေရင်းက ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့တာမျိုးတွေ အကြိမ်ရေ စိပ်စိပ်ဖြစ်လာမယ်ဆိုရင်တော့ သူတို့မှာ သည်အပြောင်းအလဲစနေပါပြီ။ သည်အချိန်မှာ ကိုယ်လုပ်ပေးရမှာ နှစ်ခု ရှိပါတယ်။ တစ်ခုက “မေးပါ”။ ပြင်းပြင်းထန်ထန် နာတဲ့နေရာ (သို့) နာတာရှည်သဘော တမြည့်မြည့် နာတဲ့နေရာ ရှိမရှိ မေးပါ။ လူကြီးတွေက သိပ် နှုတ်လုံပါတယ်။ ကိုယ်က စမမေးရင် တော်ရုံနဲ့ မပြောတတ်ကြပါဘူး။ မခံနိုင်အောင်ရောဂါသည်းပြီ ဆိုမှသာ ကိုယ့်နားကိုပေါက်တာပါ။ ကိုယ့်မေမေမှာဆို ဒူးနာတာရှိပါတယ်။ ကြမ်းမှာထိုင်ချပြီးရင် ပြန်မထနိုင်ပါဘူး။ လေးဘက်ထောက်ပြီး တစ်ခုခု ကို မှီတွယ် ပြီးမှ ထလို့ရပါတယ်။ လူကြီးတော်တော်များများမှာ ခါးနာတာ၊ အဆစ်အမြစ်တွေနာတာ၊ စသည်ဖြင့် နာတာရှည်သဘောတွေ ရှိနေတတ်ပါတယ်။ မေးရင် ထွက်လာပါလိမ့်မယ်။ အဲ့ဒီ့အခါကျ သင့်တော်ရာ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ လိုအပ်ရင်ဆေးကုသမှုခံယူဖို့ အချိန်မီ စီစဥ်နိုင်ပါလိမ့်မယ်။ နောက်တစ်ခုက “စောင့်ပါ” ။ သူတို့ကို သွားပြီး မလောပါနဲ့။ ဒါကတော့ သူတို့အတွက် အပြောင်းအလဲကို ရင်ဆိုင်နေရစဥ်မှာ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးပါလိမ့်မယ်။ သည်အရွယ်မှာ အာရုံခံနိုင်စွမ်းတွေကလည်း စပြီးကျလာပြီမို့ ဘာပဲ လုပ်လုပ် သူတို့ နှေးနှေးပဲ လုပ်နိုင်ပါတယ်။

ပြီးတော့ အမြင်အာရုံကျဆင်းလာရုံသာမက အရောင်သိမြင်မှုနဲ့ စာဖတ်စွမ်းရည်ပါ ကျလာမှာပါ။ အိမ်မှာနေရင် ပြဿနာသိပ်မရှိဘူးထင်ရပေမယ့် လမ်းထွက်တဲ့အခါ ပြဿနာအကြီးကြီး ဖြစ်လာနိုင်တဲ့ ကိစ္စပါ။ လမ်းကူးတဲ့ အခါ၊ လမ်းညွှန်ဆိုင်းဘုတ် ဖတ်တဲ့ အခါ ဒီအားနည်းချက်တွေက ကြီးမားတဲ့ အဟန့်အတားဖြစ်လာမှာပါ။ သည်အရွယ်ဟာ ကလေးပြန်ဖြစ်သွားတာနဲ့ ခပ်ဆင်ဆင်တူပါတယ်( ဒါသူငယ်ပြန်တာမဟုတ်သေးဘူးနော်။)။ နောက်ပိုင်း အယ်လ်ဇိုင်းမား သတိမေ့ရောဂါ (Alzheimer’s) { သူငယ်ပြန်တယ် လို့ အများစုသိထားကြတဲ့ မှတ်ဉာဏ်ပျောက်ခြင်းပါ} ရပြီး သူတို့ကိုယ် သူတို့စောင့်ရှောက်နိုင်စွမ်း မရှိတော့တဲ့ လူကြီးတွေ၊ သက်ကြီးရွယ်အိုတွေ အများကြီး ရှိလာပါတယ်။ သတင်းစာ ဂျာနယ်တွေမှာ၊ facebook မှာ လူကြီးတွေ ပျောက်ကြတာမြင်တိုင်း ကိုယ်ကတော့ မေမေတို့ကို ကိုယ်မသိလိုက်ဘဲ အပြင်ထွက်သွားတာမျိုးမရှိရအောင် ဂရုစိုက်ဖြစ်တယ်။ ရောဂါရှိတာ မရှိတာ အပထား။ ဘယ်အချိန်စရှိသွားလိမ့်မယ်လို့ ကိုယ်ကြိုသိနိုင်တာမျိုးမဟုတ်ဘူးလေ။ ဒါကြောင့် အပြင်မဖြစ်မနေသွားရမယ်ဆိုရင် တည်နေရာပြဖွင့်ထားတဲ့ဖုန်းနဲ့ powerbankကို မပါမဖြစ်သယ်ဖို့ စီစဥ်ပေးထားတယ်။ တကယ်တော့ လူကြီးတစ်ယောက် အပြင်ထွက်ပြီဆိုရင် သူတို့ဘယ်သွားမှာလဲဆိုတာ သိမယ့် သူတစ်ယောက် တော့ အိမ်မှာ ရှိသင့်တယ်။ မှတ်ဉာဏ်ကောင်းနေသေးသည်ဖြစ်စေ သတိမေ့တတ်သည်ဖြစ်စေပါ။ နောက်တစ်ခုက အကြားအာရုံနည်းလာတာ။ မေမေက ၆၀ကျော်မို့ သိပ်မသိသာသေးပေမဲ့ မေမေ့အစ်မ ကြီးမေကြီးက ၇၀ ကျော်ပြီမို့ သိပ်မကြားချင်တော့ဘူး။ အဲ့လိုအချိန်မျိုးမှာ ဘာဖြစ်တတ်သလဲဆိုရင် သူများပြောတဲ့ အကြောင်းအရာကို ကောင်းကောင်း မကြားနိုင်တာကြောင့် စိတ်အားငယ်လာတတ်တယ်။ စကားဝိုင်းမှာ သူ့ကို ချန်မထားဖို့၊ ပြောတာကို သေချာကြားလိုက်ရဲ့လား သတိပြုဖို့၊ အကြားအာရုံတအားနည်းသွားတဲ့အချိန်မှာ သူ့ကို ချစ်ကြောင်းပြဖို့ အမူအရာ သင်္ကေတတွေ အထိ စဥ်းစားထားဖို့လိုပါတယ်။

နောက်တစ်ခုက အစားအစာပါ။ အစာခြေစနစ်က သိသိသာသာယိုယွင်းလာတတ်တာမို့ သူတို့ကြိုက်တိုင်း ပေါက်ကရ မစားမိ၊ မကျွေးမိစေဖို့ သေချာသတိထားရပါတယ်။ ကိုယ်ခွဲမရှိသူ အပြင်စာဝယ်စားရမယ့်သူတွေအဖို့တော့ ဒါက တော်တော်ကြီးမယ့် စိန်ခေါ်မှုဖြစ်မှာပဲ။ သည်အချိန်မှာ အပင်ပန်းမခံရင် နောက်ပိုင်းရောဂါကြီးစွဲမှ ပြုစုစောင့်ရှောက်ရတာ ပိုခက်မယ့်အကြောင်း သတိပြုစေချင်တယ်။ မေမေနဲ့ ကြီးကြီးကတော့ သူတို့စားဖို့ သူတို့ချက်တုန်းပါပဲ။ ကိုယ်က ဟင်းအမယ်ကို သူတို့နဲ့ သင့်တာစီစဥ်ပေးပါတယ်။ အစာမကြေလွယ်တဲ့ အသီးအရွက်တွေကို ဘယ်လိုပြင်ဆင်ပြီး ဘယ်လောက် ပမာဏစားမလဲ။ နေ့စဥ် သူတို့ဘာတွေ စားဖို့လိုလဲ ဆိုတာ အထိ စဥ်းစားပေးဖို့လိုပါတယ်။ ပထမဦးဆုံး ကိုယ်လုပ်ဖြစ်တာက သူတို့ငယ်ငယ်ကတည်းက စားလာတဲ့ အချိုမှုန့်ကို အရဖြတ်တာပါပဲ။ ငံပြာရည်နဲ့ ဆားကိုလည်း ပမာဏ အနည်းဆုံးဖြစ်အောင် ကန့်သတ်ထားတယ်။ လူကြီးတွေက အနံ့ခံအာရုံကျသွားပေမယ် အရသာခံနိုင်စွမ်းက အကောင်းအတိုင်းမို့ လျှာအလို သိပ်လိုက်ချင်ကြတယ်။ ဒါကိုလည်း ဘာကြောင့် မစားရဘူး ဘာကြောင့်စားရတယ်ဆိုတာ စိတ်ရှည်လက်ရှည်ရှင်းပြပေးဖို့လိုပါတယ်။ အိမ်မှာလူကြီးရှိရင် သူတို့ ဘာတွေ စားသောက်နေတယ်ဆိုတာ တစ်ချက် ကြည့်ဖို့ လိုပါလိမ့်မယ်။

ကိုယ်လက်လှုပ်ရှားနိုင်စွမ်းအတူ အလိုလျောက် တုံ့ပြန်နိုင်တဲ့ကြာချိန် အတော်လေး လျော့ကျလာတာ တွေ့ရပါတယ်။ ရယ်စရာပြောရင် ချက်ချင်း မသိတော့ဘူး။ နာသွားရင် လက်မြန်မြန်မရုတ်နိုင်တော့ဘူး …စသည်ဖြင့်ပေါ့။ ဒါကို ကားမောင်းတဲ့ အခြေအနေတွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ ဘဘကြီးတွေမောင်းတဲ့ကား စီးဖူးရင် ဆက်စပ်နားလည်နိုင်ပါလိမ့်မယ်။ ခေတ်ရဲ့ နည်းပညာတွေ ကို သင်ပေးတဲ့အခါ နားမလည်နိုင်တော့ဘူး။ ထပ်ခါထပ်ခါ မေးမယ် စသည်ဖြင့်ပေါ့။ အဲ့ဒါကို စိတ်ရှည်ပေးဖို့ လိုပါတယ်။ သူတို့ကို မြန်မြန် မတုံ့ပြန်နိုင်ရကောင်းလား၊ နားမလည်ရကောင်းလားလို မငြူစူမိစေဖို့ပါ။

နောက်တစ်ခုက ပြန်လည်ထူထောင်ရေးကာလ ကြာတာပါ။ လူကြီးတွေမှာ အနာလေးဖြစ်တာပဲ ဖြစ်ဖြစ်၊ ဖျားတာပဲ ဖြစ်ဖြစ် ပကတိပြန်ကောင်းဖို့ သိပ်ကြာပါတယ်။ နာလန်ထချိန်ကို ကိုယ်တွေလိုမြန်မယ်လို့ ယူဆထားလို့မရပါဘူး။ အရိုးကျိုးတာဆိုပိုဆိုးပဲ။အရိုးသိပ်သည်းဆ နည်းလို့ အရိုးလည်း ကျိုးလွယ်သလို ကျိုးပြီးရင်လည်း တော်တော်နဲ့ ပြန်မကောင်းတော့ပါဘူး။ အမျိုးသမီး အသက်ကြီးကြီး ပေါင်ထိပ်ရိုးကျိုးရင် အသက်အန္တရာယ်ပါရှိနိုင်တယ်။ ကြီးကြီးမေကြီးဖျားတုန်းက ပကတိ အကောင်းတိုင်းဖြစ်ဖို့ တစ်လကျော်ကြာပါတယ်။ သူတို့ကိုယ်တိုင်လည်း အဲ့ဒါနဲ့ ပတ်သက်ပြီး စိတ်မှာ ကြောက်လန့်နေတတ်တယ်။ သည်တောင်ကို ငါကျော်ပါ့မလားပေါ့လေ။ တကယ်လည်း မကျော်နိုင်ဘဲ စိတ်ကြောင့် ဆုံးပါးသွားတတ်တဲ့ အခြေအနေမျိုးတွေ ရှိတာမို့ အဲ့ဒီလိုအချိန် စိတ်ခွန်အားပေးဖို့ သိပ်အရေးကြီးပါတယ်။ လူကြီးတွေက သေခြင်းတရားနဲ့ပတ်သက်တဲ့ မေးခွန်းတွေအပေါ် တလည်လည်တွေးပြီးလည်း နေတတ်ပါတယ်။ တခါတလေ သူတို့မှာ အသက်ရှင်ချိန်နည်းနည်းပဲ ကျန်တော့တယ်ဆိုပြီး လက်မခံနိုင်ဖြစ် ဝမ်းနည်း ဒေါသထွက် နေတတ်ကြတယ်။ မိသားစုကို ဆုံးရှုံးရမယ်ဆိုတဲ့ အသိက သူတို့ကို တကယ် ဝမ်းနည်းစေပါတယ်။

နောက်တစ်ခုကတော့ လိင်စိတ်အပြောင်းအလဲပါ။ အမျိုးသားကြီးတွေမှာက ကာယိက အပြောင်းအလဲ ကပိုသိသာပေမယ့် အမျိုးသမီးကြီးတွေမှာကတော့ စိတ်ရောကိုယ်ပါ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှု လျော့ပါးကုန်ပါတယ်။ ခြုံပြောရရင် လိင်သာယာမှုထက် အထီးကျန်မှုကို ဖြေဖျောက် လိုတဲ့ စိတ်နဲ့ အဖော်မင်တဲ့စိတ် ပိုလာတာပါပဲ။ သည်အချိန်က ပင်စင်ယူပြီး အလုပ်နဲ့ အခြားအရေးကြီးတဲ့ တာဝန်တွေကနေ စတင်ဆုတ်ခွာပြီဆိုတော့ အသိုင်းအဝိုင်းနဲ့ သီးခြားဖြစ်နေတတ်တာမို့ ပို အထီးကျန်တတ်ကြတယ်။ အဲ့လိုအချိန်မျိုးမှာ ကိုယ်က အဖော်လုပ်ပေးတာထက်စာရင် မိတ်ဟောင်းတွေနဲ့ တွေ့ဖြစ်ဖို့ ပိုတွန်းအားပေးပါ။ ကိုယ်ဆို သူတို့ သူငယ်ချင်းတွေဆီ အိမ်လည်ပို့တယ်။ ကျောင်းသားဟောင်း မိတ်စုံစားပွဲ တွေ သွားဖို့တိုက်တွန်းတယ်။ ဝါသနာတူတွေစုတဲ့နေရာမျိုးလည်း ပို့ပေးလို့ရသေးတယ်။ မေမေကတော့ ဘာသာရေးဝါသနာပါတဲ့အတွက် သူ့ဓမ္မ မိတ်ဆွေတွေနဲ့ အစဥ်မပြတ် တွေ့လို့ရအောင်ဖန်တီးပေးထားတယ်။ သည်လိုပဲ ပန်းချီဝါသနာပါသူကို ပန်းချီပြပွဲပို့ပေးတာမျိုး၊ စာပေဝါသနာပါရင် စာအုပ်ဆိုင်ပို့ပေးတာမျိုးဟာလည်း သူတို့ဝါသနာတူရာတွေ စကားစမြည်ပြောဖို့ အခွင့်ကောင်းဖြစ်စေသလို ဝါသနာကြောင့် အချိန်ကုန်မှန်းမသိကုန်ရင်း အထီးကျန်မှုကို ကုစားပေးရာရောက်ပါတယ်။

လူများစု အတွက်ပြောထားပေးတာဖြစ်လို့ တချို့ အသက် ၇၀ပြည့်နှစ်ထဲ ရောက်နေတာတောင် လူငယ်တွေနဲ့တန်းတူ လှုပ်ရှားသွားလာနေတာမျိုးလည်းတွေ့ဖူးပါတယ်။ သူတို့ကတော့ အသက်ကို ကိန်းဂဏန်းတစ်ခုလိုပဲ စိတ်ထဲထားတာပါတဲ့။ သူတို့တောင်မှပဲ အပေါ်က ပြောခဲ့တဲ့ အချက်တွေထဲက အနည်းဆုံး တစ်ချက်နဲ့တော့ ငြိသေးတာပါပဲ။ နောက်ဆုံး သတိထားဖို့ အချက်အနေနဲ့က လူကြီးတွေနဲ့ ပတ်သက်ရင် နေကောင်းနေသေးတာပဲဆိုပြီး မပေါ့ပါနဲ့။ ဆေးစစ်တယ်ဆိုတာ နေကောင်းနေတုန်း လုပ်ပေးရင် ပိုအကျိုးရှိပါတယ်။ မဖြစ်သေးတဲ့ရောဂါ မဖြစ်အောင်၊ ဖြစ်ကာစရောဂါ ပပျောက်အောင်၊ ကြီးတဲ့ရောဂါသေးအောင် စီမံဖို့ပါပဲ။

လူနေမှုဘဝအရည်အသွေးကို ထိန်းဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လူကြီးတွေ အတွက်ကတော့ ကိုယ်တို့လို လူတွေရဲ့ ဖေးမမှုက လိုကိုလိုပါတယ်။ သည် အပြုအမူလေးတွေဟာ ဘာမှလည်းမဟုတ်ပါဘူး လို့ထင်စရာပေမဲ့ ဒါတွေကပဲ နောက်မျိုးဆက်တစ်ခုဆီကို လက်ဆင့်ကမ်းပေးခဲ့ရမယ့် မေတ္တာတရားနဲ့ အမူအကျင့်ကောင်းတွေ မဟုတ်လားနော်။ ကိုယ်တွေဟာလည်း တစ်နေ့ လူအိုလူကြီးတစ်ယောက်ဖြစ်လာမှာမို့ ကိုယ့်နောက်မျိုးဆက်အတွက် ကိုယ်ဘယ်လိုအမူအကျင့်ကောင်းတွေ ချန်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်ပဲ ပြန်ခံစားကြရမှာပါ။

မေတ္တာကြီးစိုးတဲ့ ကမ္ဘာမှာ အိုမင်းသည်အထိ ပျော်ရွှင်စွာ နေသွားနိုင်ကြရန် ရည်ရွယ်လျက်။

ရေးသားသူ – နှင်းနုအေး

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။