မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
အယ်လ်ဇိုင်းမားရောဂါလို့ စာသံပေသံနဲ့ ခေါ်တဲ့ သူငယ်ပြန်ခြင်းဟာ အသက်အရွယ် အိုမင်းတဲ့ ဖိုးဖိုးဖွားဖွားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝေဒနာတမျိုးပါ။ ဒီရောဂါ ခံစားရပြီဆိုရင် သတိတွေမေ့၊ မသွားတတ် မလာတတ်တွေဖြစ်၊ အမူအကျင့်တွေ ပြောင်းလဲကုန်၊ ရိုးရိုးစာလုံးလေးတွေတောင် မပြောတတ်တော့ စတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ရတတ်တာမို့ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွား တွေအနေနဲ့ တစ်ဦးတည်း အထီးတည်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။
ဒါကြောင့်မို့ ကိုယ့်ရဲ့ မိဘပဲဖြစ်ဖြစ်၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ အတူနေဆွေမျိုးသားချင်းပဲဖြစ်ဖြစ် အယ်လ်ဇိုင်းမားရောဂါကို ခံစားရပြီ၊ သူငယ်ပြန်ပြီဆိုရင် ကြွေးဟောင်းဆပ်တဲ့အနေနဲ့ ဘယ်လိုမျိုးလေးတွေ ကူညီစောင့်ရှောက်လုပ်ကိုင်ပေးသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။
သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? ဆိုတော့
တယောက်တည်း အပြင်လွှတ်လိုက်တာမျိုး၊ အိမ်မှာ တယောက်တည်း ထားခဲ့တာမျိုးတွေကို တတ်နိုင်သမျှ မလုပ်ပါနဲ့။ ထမင်းဟင်းချက်တာ၊ မီးခလုတ်အဖွင့်အပိတ် အစရှိတဲ့ အန္တရာယ်ကြီးတဲ့ အမှုကိစ္စတွေကနေလည်း ပင်စင်ယူခိုင်းလိုက်ပါတော့။ သင် တလှည့်ပြန်ပြုစုဖို့ အချိန်ကောင်းရောက်လာပြီလေ။
ဒါပေမယ့် တချို့အဖွားတွေကျပြန်တော့ ချက်တာပြုတ်တာမျိုးကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်ဆိုတာမျိုးလည်း ရှိသေးတော့ သူတို့ စိတ်ကျေနပ်အောင် သိပ်အန္တရာယ်မများ၊ အထိအခိုက်မရှိနိုင်တဲ့ မီးဖိုချောင်အလုပ်လေးတွေကို ဝိုင်းကူလုပ်ခိုင်းလို့ရပါတယ်။ သင့်အနေနဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်နေဖို့တော့ လိုမှာပေါ့။
ဂရုစိုက်ပေးပါ။ ဆေးပုလင်းတွေ အပါအဝင် အန္တရာယ်ရှိတဲ့ ဗူးတွေ၊ပုလင်းတွေကို သူတို့ လက်လှမ်းမီတဲ့ နေရာမှာ မထားပါနဲ့။ ဖိုးဖိုးဖွားဖွားတို့ဟာ ကလေးတွေ တစ်ခါပြန်ဖြစ်နေပါပြီ။
အယ်လ်ဇိုင်းမားရောဂါဟာ စဖြစ်ခါစမှာ အခြေအနေ မဆိုးရွားလှသေးတာမို့ အဖိုးအဖွားတွေအနေနဲ့ သူတို့ ဘာဖြစ်နေတယ်ဆိုတာကို တစ်ခါတရံ နားလည်သဘောပေါက်တတ်ပါတယ်။ ဒီလို အခြေအနေဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း အစရှိတဲ့ ပြဿနာတွေဆီကို ဦးတည်စေတာမို့ သင့်အနေနဲ့ နွေးထွေးတဲ့ မေတ္တာကို မျှဝေပေးဖို့ အရေးတကြီး လိုအပ်ပါတယ်။ စိတ်ကျဝေဒနာကို အတော်လေး ဆိုးဆိုးရွားရွား ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ပါ ဆွေးနွေးတိုင်ပင်သင့်ပါပြီ။
ဒါကြောင့် ညနေစောင်းပြီဆိုတာနဲ့ အိမ်မှာ မီးတွေကို ထိန်နေအောင် ဖွင့်ပေးထားပါ။ သူတို့ ကြိုက်တတ်တဲ့ တီဗွီအစီအစဉ်နဲ့ အာရုံလွှဲပေးတာမျိုး၊ဘုရားအတူတူ ဝတ်ပြုရင်း ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို လမ်းကြောင်းလွှဲပေးတာမျိုးတွေကို ပြုလုပ်ပေးပါ။
အရင်းနှီးဆုံးလို့ဆိုရမယ့် အိမ်ထောင်ဖက်အဖိုး/အဖွားကို ဒါမှမဟုတ် အနီးကပ်နေနေတဲ့ သားသမီး၊မြေးမြစ်တွေကိုတောင် မမှတ်မိတော့တာမျိုးတွေ ဖြစ်လာမှာပါ။ ရေတိုဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ အဖိုး/အဖွားနဲ့ အများဆုံးတွေ့နေရမယ့်သူရဲ့ ဓါတ်ပုံကို သူတို့မြင်သာမယ့်နေရာ တစ်နေရာမှာ ကပ်ထားပြီး ဓါတ်ပုံအောက်မှာလည်း အဲ့ဒီလူရဲ့ နာမည်ကို ပြူးနေအောင် ရေးထားတဲ့ နည်းပါပဲ။
စိတ်မကောင်းစရာကတော့ သင်ဘယ်လိုပဲလုပ်လုပ် နောက်ဆုံးမှာ သင့်ကိုလုံးဝမေ့လျော့သွားမှာဖြစ်ပြီး သူစိမ်းပြင်ပြင်လို့ သဘောထားပြီး ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒါလေးကတော့ ဝမ်းနည်းစရာပါ။ ဘာမှလည်း လုပ်လို့ မရပါဘူး။
ဒီလိုမှ မဟုတ်ရင် ဒေါသထွက်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ကိုယ်လက်များ လေးလံထိုင်းမှိုင်းခြင်း အစရှိတဲ့ ပြဿနာတွေကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားလာရနိုင်ပါတယ်။ သင်ကိုယ်တိုင် ကျန်းမာပြီး တက်ကြွရွှင်လန်းနေမှသာ သင်ပြုစုနေရတဲ့ သင်ချစ်သော၊သင့်ကိုချစ်သော ဖိုးဖိုးဖွားဖွားတို့ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။
ဒါကြောင့် သင့်အနေနဲ့ ဝါသနာပါရာ၊ စိတ်ပျော်ရွှင်ရာ အလုပ်တစ်ခုခုကို နေ့စဉ်(မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ်) လုပ်ပေးသင့်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာ၊ ဆွေမျိုးသားချင်းတွေနဲ့ ဆုံတွေ့တာမျိုးတွေကို အခါအားလျော်စွာ ပြုလုပ်ပေးသင့်ပါတယ်။
ဒီလိုတွေ ခံစားလာရပြီဆိုရင်တော့ ဖိုးဖိုးဖွားဖွားတို့ရဲ့ နောက်ဆုံးခရီးလမ်းမှာ သက်တောင့်သက်သာ ဖြစ်စေဖို့၊မနာမကျင် ဝေဒနာ မခံစားရစေဖို့အတွက် ဆေးရုံတင်ဖို့ စဉ်းစားရပါမယ်။ ဆေးရုံတင်သင့်၊ မတင်သင့်ကတော့ လူမှုရေး၊ စီးပွားရေး၊ အရင်ကပြောခဲ့ဖူးတဲ့ အဖိုးအဖွားတို့ရဲ့ ဆန္ဒ စတဲ့ အချက်တွေအပေါ်မှာ မူတည်နေပါတယ်။
သင့်မိဘတစ်ဦးဦး အယ်လ်ဇိုင်းမား ဝေဒနာ ခံစားနေရပြီး သင့်မှာလည်း လူမမည်ကလေးတွေ ရှိနေတယ်ဆိုရင် ဒီရောဂါရဲ့ သဘောသဘာဝနဲ့ ဖြစ်တတ်တဲ့ အခြေအနေတွေကို သူတို့လေးတွေ နားလည်အောင် ရှင်းပြထားဖို့လည်း လိုပါသေးတယ်။ ဒါမှသာ သင့်ရဲ့ အတိတ်နဲ့ အနာဂတ်နှစ်ဦးလုံးအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေပဲ ကျန်ရှိသွားမှာ ဖြစ်ပါတယ်။
သူငယ်ပြန်ခြင်း သို့မဟုတ် အယ်လ်ဇိုင်းမားဟာ ကူးစက်ရောဂါမဟုတ်သလို ကာကွယ်ဖို့၊ ကုသဖို့လည်း သိပ်မလွယ်လှတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါ ခံစားရပြီဆိုရင် ကာယကံရှင်အတွက်ရော၊ အတူနေ မိသားစုအတွက်ပါ စိန်ခေါ်မှုတွေ များလှပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို မေတ္တာတရားရဲ့ အကူအညီနဲ့ ကျော်ဖြတ်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးက အထောက်အကူ တစ်စုံတရာ ဖြစ်စေနိုင်မယ်လို့ ရိုးသားစွာ ယုံကြည်မိပါကြောင်း။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။