backup og meta

သင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကောင်းစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကောင်းစေဖို့

    အစာအိမ်အောင့်ခြင်း၊ လေထခြင်း၊ အစာမကြေရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာများကို လူတိုင်းလိုလို ကြုံဖူးကြပါလိမ့်မယ်။ များသောအားဖြင့် ခဏတာမျှသာ ခံစားကြုံကြိုက်ရတာများပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေကို ရက်ရှည်လများ ကြုံတွေ့လာရမယ်ဆိုရင်တော့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာပါလိမ့်မယ်။

    ယခုဖော်ပြမယ့်နည်းလမ်းတွေကတော့ အစာကြေစေပြီး အစာအိမ်အူလမ်းကြောင်းကို သက်သာရာရစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

    ၁။ လတ်ဆတ်ပြီး ပြုပြင်မှုနည်းသော အစားအစာများကိုစားပါ

    စားကောင်းအောင် ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေ၊ ပြည့်ဝဆီတွေ၊ ဆိုးဆေးတွေဟာ အစာအိမ်လမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ စားသောက်ဖွယ်ရာတွေမှာ တွေ့ရများတဲ့ ပုံပြောင်းဆီဟာလည်း အူလမ်းကြောင်းကို ရောင်ရမ်းစေတတ်တဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် စားကောင်းအောင်ပြုပြင်ထားတဲ့ ဖျော်ရည်တွေ၊ ရေခဲမုန့်တွေမှာပါတဲ့ ဆေးသကြားတွေဟာ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေကို ဒုက္ခပေးပြီး အစာအိမ်အူလမ်းကြောင်းပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

    ဒါကြောင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး လတ်ဆတ်စွာနဲ့ သဘာဝအတိုင်း အနီးစပ်ဆုံး စားသုံးသင့်ပါတယ်။

    ၂။ အမျှင်ဓာတ်များများစားပါ

    ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်အမျိုးအစားဟာ ရေကိုစုပ်ယူပြီး အစာဟောင်းများကို ပွလာစေပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များကတော့ အူလမ်းကြောင်းတလျှောက် ပွတ်တိုက်ဆင်းသွားပြီး အူများကို သန့်ရှင်းရေးလုပ်ပေးပါလိမ့်မယ်။ ဒါကြောင့် အမျှင်ဓာတ်များတဲ့ အစားအစာများဟာ အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုပါတယ်။

    ၃။ ကျန်းမာရေးနဲ့ညီညွတ်သော အဆီများကိုစားပါ

    အစာကောင်းကောင်းကြေဖို့ဆိုရင် အဆီဓာတ်ကို လုံလောက်စွာ စားဖို့ လိုအပ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကနေ အာဟာရဓာတ်တွေကို စုပ်ယူနိုင်ဖို့ အဆီဓာတ်ကို အကူအညီပေးပါတယ်။ Omega 3 ဖက်တီးအက်ဆစ်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတစ်မျိုးဖြစ်ပြီး အူလမ်းကြောင်းရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ နှမ်းကြတ်စေ့၊ ချီယာစေ့၊ သစ်ကြားသီး၊ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာ စတာတွေဟာ omega 3 ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

    ၄။ ရေများများသောက်ပါ

    ရေသောက်နည်းရင် ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းမချုပ်အောင် တစ်နေ့တာမှာ ရေကို ၁.၅ လီတာကနေ ၂ လီတာထိ သောက်သုံးပေးသင့်ပါတယ်။ ပူအိုက်တဲ့အချိန်တွေ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တဲ့ အချိန်တွေမှာ ရေကို ပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် သခွားသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ ဂရိတ်ဖရု စတဲ့ အရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားသုံးခြင်းကလည်း အထောက်အကူ ပြုပါတယ်။

    ၅။ စိတ်ဖိစီးမှုလျှော့ချပါ

    စိတ်ဖိစီးမှုများခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ အစာအိမ်အနာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အူရောင်ရမ်းခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုများချိန်မှာ ထွက်တဲ့ဟော်မုန်းများဟာ သွေးနဲ့တခြားစွမ်းအင်တွေကို အူလမ်းကြောင်းကနေ တခြားနေရာတွေကို ပိုပြီး ဦးစားပေးရောက်ရှိသွားတာကြောင့် အစာချေရာမှာ အားနည်းပါတယ်။ အူလမ်းကြောင်းအနာဖြစ်ပြီး ရောင်ရမ်းသူတွေမှာ တရားထိုင်ခြင်း၊ အကြောလျှော့ခြင်း စတဲ့ စိတ်ဖိစီးမှုလျော့ပါးစေတဲ့ နည်းလမ်းတွေကျင့်သုံးရင် ပိုပြီး သက်သာကောင်းမွန်မှုရှိတာ တွေ့ရပါတယ်။

    ၆။ သတိနဲ့စားပါ

    အစာများများကို မြန်မြန်နဲ့စားခြင်းဟာ လေပွခြင်း၊ လေထခြင်း၊ အစာမကြေခြင်း စတာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အစာစားတိုင်းမှာ ကြေညက်အောင် သေချာစားသုံးသင့်ပါတယ်။

    ဒါကြောင့် ဖြည်းဖြည်းစားပါ။ စားသောက်ချိန်မှာ ဖုန်း၊ တီဗီမကြည့်ပါနဲ့။ စားတဲ့အလုတ်တိုင်းမှာ သတိကပ်ပါ။ ကြေညက်အောင် ဝါးစားပါ။ အစာကို ကြေညက်စွာဝါးစားခြင်းဟာ အာဟာရဓာတ်တွေကို ပိုမိုပြည့်ဝစွာ ရရှိဖို့ အထောက်အကူပြုပါတယ်။

    ၇။ လှုပ်လှုပ်ရှားရှားနေပါ

    လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ လှုပ်လှုပ်ရှားရှားနေတဲ့အခါ အစာများကို အူလမ်းကြောင်းတလျှောက် ကောင်းစွာ ရွေ့လျားစေပါတယ်။ ထမင်းစားပြီးချိန် အနည်းဆုံး လမ်းလျှောက်ပေးသင့်ပါတယ်။ လှုပ်ရှားတက်ကြွစွာ နေထိုင်ခြင်းဟာ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    ၈။ မိမိခန္ဓာကိုယ်ရဲ့စကားကို နားထောင်ပါ

    မိမိခန္ဓာကိုယ်ကနေ ဗိုက်ပြည့်နေသလား၊ ဗိုက်ဆာနေသလား အလေးထားပါ။ အလွန်အကျွံစားမိခြင်းဟာ လေပွခြင်း၊ အစာမကြေခြင်း စတာတွေ ဖြစ်စေပါတယ်။ ဆာလွန်းမှ အစာစားခြင်းဟာ မကောင်းသလို ဗိုက်တင်းအောင်စားခြင်းဟာလည်း မကောင်းပါဘူး။ ဗိုက်ဆာခြင်းစတင်တဲ့အချိန်မှာ စားသောက်သင့်ပါတယ်။ မိမိဗိုက်ပြည့်ရုံ ခံစားချက်ပေါ်လာရင် အလွန်အကျွံ ဆက်ပြီးမစားသင့်ပါဘူး။

    ခြုံပြီးပြောရရင် စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံပြောင်းလဲပေးခြင်းအားဖြင့် အစာအိမ်အူလမ်းကြောင်းကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement