backup og meta

မပေါ့ဆသင့်တဲ့ အစာအိမ်အူလမ်းကြောင်း လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မပေါ့ဆသင့်တဲ့ အစာအိမ်အူလမ်းကြောင်း လက္ခဏာများ

    ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်ရင် လက္ခဏာအမျိုးမျိုးပြသပြီး အချက်ပေးတတ် ပါတယ်။ ဒီတစ်ခေါက်မှာတော့ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်မှာ ပြဿနာရှိနေကြောင်း ပြသတဲ့လက္ခဏာတွေ ကိုပြောပြပေးချင်ပါတယ်။

    ဝမ်းထဲသွေးပါခြင်း – အိမ်သာတက်ပြီး စအိုကိုရေနဲ့ဆေးတဲ့အခါမှာဖြစ်ဖြစ် တစ်ရှုးနဲ့သုတ်လိုက်တဲ့အခါမှာဖြစ်ဖြစ် သွေးစလေးတွေပါနေမယ်ဆို သတိထားပါ။ စအိုဝလမ်းကြောင်းမှာ လိပ်ခေါင်းရှိနေတာ၊ ဒါမှမဟုတ် အနာတစ်ခုခုဖြစ်နေကြောင့် သွေးပါတာဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အူမကြီးကင်ဆာ၊ အူမကြီးအကျိတ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတွေဖြစ်ရင်လည်း သွေးဝမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းထဲသွေးပါလာခဲ့ရင် တစ်ပတ်လောက်စောင့်ကြည့်ပါ။ သွေးပမာဏများလာမယ် ဒါမှမဟုတ် တစ်ပတ်ကျော်တဲ့အထိ မပျောက်သွားရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။

    ဗိုက်ညာဖက်အောက်နားကနာကျင်ခြင်း – ဗိုက်ညာဖက်အောက်နား ရုတ်တရက်နာကျင်မှုက အူအတက်ရောင် လက္ခဏာတွေထဲမှာ အဖြစ်အများဆုံးပါ။ နာကျင်မှုက ချက်ပတ်လည်တစ်ဝိုက် မှာစတင်ပြီး ဗိုက်ညာဖက်ကို ရွေ့သွားတတ်ပါတယ်။ အူအတက်ရောင်ခြင်းကို အချိန်မှီမကုသရင် အူအတက်ပေါက်ပြီး အသက်ဆုံးရှုံးနိုင်တာမို့ မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ခုပါ။

    ရင်ခေါင်းတောင့်ခြင်း – အစားလည်းသိပ်မစားဘဲ ရင်ခေါင်းကပြည့်ပြီး အောင့်နေတာနေတာ ပုံမှန်လက္ခဏာ မဟုတ်ပါဘူး။ အူလမ်းကြောင်းထဲမှာ အနာပေါက်နေရင် ဒါမှမဟုတ် အစာအိမ်ထဲက အက်ဆစ်အရည်တွေ အစာရေမျိုပြွန်ကို ပြန်ဆန်တက်ရင် ဒီလိုခံစားရတတ်ပါတယ်။ နောက်ပြီး နာတာရှည်ဆီးချိုဝေဒနာ ခံစားရသူတွေမှာ အစာအိမ်အလုပ်လုပ်နိုင်စွမ်း နှေးသွားတဲ့အတွက်လည်း အလားတူခံစားရနိုင်ပါတယ်။ တွေ့ရခဲပေမဲ့ မျိုးဥအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာရောဂါတွေမှာလည်း အစာသိပ်မစားဘဲ ဗိုက်ပြည့်နေတဲ့ လက္ခဏာပြတတ်ပါတယ်။

    ဝမ်းမည်းမည်းသွားခြင်း– အူလမ်းကြောင်း အပေါ်ပိုင်းတစ်နေရာရာမှာ သွေးယိုစိမ့်နေရင် ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။ ရောဂါအခြေအနေကြောင့် ဖြစ်နိုင်သလို စားလိုက်တဲ့အစားအသောက်တွေ (ဥပမာ – သံဓာတ်အားဆေးတွေ၊ bismuth subsalicylate နဲ့ black licorice ပါတဲ့အချိုမုန့်တစ်မျိုးမျိုး) စားသုံးထားလို့လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်း သေချာသိနိုင်အောင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

    မကြာခဏဝမ်းလျှောနေခြင်း – ပုံမှန်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောတာက တစ်ပတ် ဆယ်ရက်လောက်ဆို သက်သာသွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၂ ပတ် ၃ ပတ်လောက်အထိ ဝမ်းလျှောတာ မသက်သာခဲ့ရင်တော့ အစာခြေလမ်းကြောင်းစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ဖြစ်နိုင်သလို လည်ပင်းသိုင်းရွိုက်ပြဿနာ၊ အစားအသောက်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

    မကြာခဏဗိုက်အောင့်ဗိုက်နာခြင်း – အစာအိမ်အတွင်းနံရံမှာ အနာပေါက်တာလည်း လူအတော်များများကြုံတွေ့ ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဗိုက်ထဲမှာ မီးစနဲ့ထိုးသလို နာကျင်မှုခံစားရတတ်ပြီး ဗိုက်ဆာရင်ခံစားရ တတ်တဲ့နာကျင်မှုမျိုးနဲ့ ဆင်တူပြီး ပိုပြင်းထန်ပါတယ်။ နာကျင်မှုဟာ ဝမ်းဗိုက်ကနေ လည်ပင်း ဒါမှမဟုတ် နောက်ကျောဖက်ကိုလည်း ပျံ့သွားတတ်ပါသေးတယ်။

    ဗိုက်အပေါ်ဖက် အောင့်ခြင်း – ဗိုက်အပေါ်ဖက်က ရုတ်တရက်ကြီးအောင့်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေခြင်းက သည်းခြေအိတ်ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ထဲအဝမှာ သည်းခြေ ကျောက်တွေပိတ်နေရင် ဒီလိုနာကျင်မှုခံစားရတတ်ပါတယ်။ ဗိုက်အောင့်တာအပြင် ပုခုံးနာကျင်ခြင်း၊ မူးဝေအော့အန်ခြင်း တွေလည်းခံစားရတတ်ပါတယ်။

    ချက်ပတ်လည်နာကျင်ခြင်း – ကလေးတွေမှာဆိုရင်တော့ ဒီနေရာမှာ ဗိုက်နာရတာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ကြောင့်ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် တခြားလက္ခဏာတစ်ခုခုနဲ့လည်း တွဲပြီးဖြစ်တတ်ပါတယ်၊ ဥပမာ- ဖျားနာခြင်း၊ ဆီးပူဆီးအောင့်ခြင်းလို လက္ခဏာမျိုးတွေပါ။ ဒါ့အပြင် တင်းပါဆုံကွင်းတွင်းအင်္ဂါတွေ ရောင်ရမ်းခြင်း၊ အူအတက်ရောင်ခြင်းလို ပြဿနာတွေကြောင့်လည်း ချက်ပတ်လည်မှာ နာကျင်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိတာမို့ သေချာသိရအောင် ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။

    သွေးအန်ခြင်း – အန်ဖတ်ထဲ သွေးစသွေးနတွေ ပါလာခြင်းက အစာအိမ် ဒါမှမဟုတ် အစာအိမ်လမ်းကြောင်း အပေါ်ဖက်မှာ အနာပေါက်နေလို့ ဖြစ်နိုင်ပါတယ်။ ရဲရဲနီတဲ့ သွေးအရောင်ဖြစ်နိုင်သလို ကော်ဖီလိုအညိုရောင် လည်း တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ရင်ပူခြင်း၊ ရင်ဘတ်အောင့်ခြင်းလို လက္ခဏာတွေလည်း ခံစားရတတ်ပြီး antacid ဆေးတွေ သောက်လိုက်ရင် ဒီလက္ခဏာတွေ သက်သာသွားတတ်ပါတယ်။ စောစောစီးစီးကုသဖို့ လိုအပ်တဲ့ အခြေအနေဖြစ်လို့ ဆရာဝန်နဲ့ ပြသကြည့်ပါ။

    ဝမ်းဗိုက်တောင့်တင်းနေခြင်း – အူလမ်းကြောင်းက တစ်ရှုးတွေ တည်ဆောက်ပုံ မမှန်လို့ဖြစ်ဖြစ်၊ အူကျွံနေရင်ဖြစ်ဖြစ် စားလိုက်တဲ့ အစားအသောက်တွေက အူလမ်းကြောင်းထဲမှာ ပုံမှန်အတိုင်း မလည်ပတ်နိုင်တော့ဘဲ ဝမ်းဗိုက်ကြီး တင်းနေတတ်ပါတယ်။ ဒီလိုဖြစ်ရင် ပုံမှန်အတိုင်း ဝမ်းမသွားနိုင်တော့သလို လေလည်ဖို့တောင် ခက်ခဲနေနိုင်ပါတယ်။

    ဗိုက်အောင့်ခြင်း – စားသောက်ပြီးရင် ဗိုက်အောင့်တတ်တာက အူလမ်းကြောင်း ရောင်ရမ်းတဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းမှုပိုဆိုးလာလေ ဗိုက်အောင့်တာပိုဆိုးလာလေပါပဲ။ ဗိုက်အောင့်တာအပြင် ဝမ်းလျှောတာ၊ အဆစ်အမြစ်နာကျင်တာ၊ ကိုယ်အလေးချိန်ကျသွားတာ လိုလက္ခဏာတွေလည်းခံစားရတတ်ပါ တယ်။

    ရေးသားသူ – Dr.Htoo Tint

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement