backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အဆုတ်တီဘီရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆုတ်တီဘီရောဂါ

တီဘီရောဂါဟာ ကူးစက်မြန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဆုတ်ကစလို့ တစ်ကိုယ်လုံးမှာ တီဘီဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလည်း အဆုတ်တီဘီရောဂါ ဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် အမျိုးသားကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နေကြပါတယ်။

အဆုတ်တီဘီရောဂါ ဘာကြောင့် ဖြစ်တာလဲ။

တီဘီရောဂါဟာ Mycobacterium tuberculosisလို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ တစ်ယောက်ကနေ တစ်ယောက်စီကို လေထဲကတဆင့် ကူးစက်နိုင်ပါတယ်။ တီဘီပိုးရှိတဲ့လူတစ်ယောက်က စကားပြောမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ သီချင်းဆိုမယ်ဆိုရင် ဘက်တီးရီးယားက လေထဲကို ပြန့်လာမှာပါ။ ပြီးရင် လေထဲမှာ အချိန်တစ်ခုထိအောင် ရှိနေတဲ့အတွက် ရှူမိတဲ့သူက ပိုးကူးစက်ခံရမှာပါ။ ဒါပေမယ့် တီဘီက

  • လက်ဆွဲနှုတ်ဆက်တာ
  • အစားအသောက်တွေ မျှဝေစားသောက်တာ
  • အိပ်ရာ၊ အိမ်သာ အတူသုံးတာ
  • သွားပွတ်တံ အတူသုံးတာ
  • နမ်းရှုံ့ရာကနေတော့ မကူးစက်နိုင်ပါဘူးတဲ့။

လူတစ်ယောက်က တီဘီပိုးကို ရှူမိပြီဆိုရင် ပိုးက အဆုတ်ထဲမှာ ပွားလာပါတယ်။ ပြီးရင်တော့ သွေးကနေတဆင့် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေ ဖြစ်တဲ့ အရိုးတို့၊ ဦးနှောက်တို့၊ ကျောက်ကပ်တို့ကို ရောက်သွားပါတယ်။

အဆုတ်တီဘီကတော့ ကူးစက်မြန်ပါတယ်။ ကူးလည်း ကူးတတ်ပါတယ်။ တခြားနေရာမှာ ရှိနေတဲ့ တီဘီပိုးကတော့ တစ်ယောက်ကနေ တစ်ယောက်ကို ကူးခဲပါတယ်။

များသောအားဖြင့်တော့ တီဘီပိုးက ကိုယ်နဲ့ လက်ပွန်းတတီးနေတဲ့သူ၊ နေ့တိုင်းလိုလို အနီးကပ်တွေ့နေတဲ့သူဆီက ကူးတာ များပါတယ်။ ဥပမာ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း။

အဆုတ်တီဘီရဲ့ လက္ခဏာတွေက

တီဘီပိုး အဆုတ်ထဲကို ရောက်လာပြီဆိုရင် ခုခံအားက ဒီတိုင်းကြည့်မနေပါဘူး။ သူတတ်နိုင်သလောက် ပိုးကို တိုက်ထုတ်ပါတယ်။ ဒါကြောင့် အဆုတ်တီဘီမှာ နှစ်မျိုးထွက်လာပါတယ်။

  • အောင်းနေတဲ့ တီဘီ (Latent TB)

တီဘီပိုးရှိနေပေမယ့် ကိုယ်ခံအားက ဖိနှိပ်ထားတဲ့အတွက် ဘာလက္ခဏာမပြပါဘူး။ တီဘီပိုးကလည်း ဆက်မပွားနိုင်ပါဘူး။ ဒီလူတွေက

-လက္ခဏာလည်း မပြပါဘူး။

-နေမကောင်းလည်း မဖြစ်ပါဘူး။

-သူများကိုလည်း မကူးပါဘူး။

-သွေးစစ်ကြည့်မှပဲ သိတာများပါတယ်။

-ရင်ဘတ်ဓာတ်မှန်တွေ၊ သလိပ်တွေမှာလည်း ပိုးမရှိပါဘူး။

ဒီလူနာတွေက တကယ့်တီဘီရောဂါ ဖြစ်မလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုခံအားကျလို့ ဖိနှိပ်မထားရင် ရောဂါပြန်ကြွပြီး တီဘီရောဂါအဖြစ်ပြောင်းတတ်ပါတယ်။ ဒါကြောင့် အောင်းနေတဲ့ ရောဂါဆိုပေမယ့် စောစောသိရင် ဆေးကုသမှု ခံယူသင့်ပါတယ်။

  • တီဘီရောဂါ (TB disease/Active TB)

ခုခံအားက ထိန်းလို့ မနိုင်တဲ့အခါ  တီဘီပိုးတွေ ဆက်ပွားလာပြီး တကယ့်တီဘီရောဂါအဆင့်ကို ရောက်သွားပါတယ်။ ဒါဆိုရင် လက္ခဏာတွေ ပြပါတယ်။

-၃ပတ်နဲ့ အထက် ချောင်းဆိုးတာ

-၃ပတ်နဲ့အထက် ဖျားတာ

-ပိန်သွားတာ

-ချောင်းဆိုးရင် သလိပ် ဒါမှမဟုတ် သွေးပါတာ

-ညဘက်တွေ ချွေးစေးပြန်တာ

-ညနေစောင်းတွေ အဖျားတက်တာ

-ချမ်းတုန်ဖျားတာ

-ရင်ဘတ်အောင့်တာစတာတွေ ဖြစ်တတ်ပါတယ်။

သူများကိုလည်း ကူးစက်နိုင်တဲ့အတွက် ထိထိရောက်ရောက် ကုသမှု ခံယူသင့်ပါတယ်။

ဘယ်သူတွေ အဆုတ်တီဘီ ပိုဖြစ်နိုင်လဲ။

ဘယ်သူမဆို ကူးနိုင်ပေမယ့် အောက်မှာ ဖော်ပြထားတဲ့သူတွေကတော့ ကူးနိုင်ခြေ ပိုများပါတယ်။

HIV/AIDSရှိသူတွေ

-ဆီးချိုရောဂါရှိသူတွေ

-ကျောက်ကပ် ပျက်စီးတဲ့သူတွေ

-ကင်ဆာရောဂါရှိသူတွေ

-ကင်ဆာရောဂါ ကုသမှု ခံယူနေတဲ့သူတွေ

-ကိုယ်အင်္ဂါအစားထိုးထားလို့ ခုခံအားထိန်းညှိဆေးသောက်နေသူတွေ

-အာစာရချို့တဲ့သူတွေ

-ကလေးငယ်လေးတွေ၊ အသက်အရွယ်ကြီးတဲ့သူတွေ

နောက်ပြီး ဆေးလိပ်၊ အရက်သောက်သူတွေ၊ မူးယစ်ဆေးသောက်သူတွေကလည်း ပိုဖြစ်တတ်ပါတယ်။

တီဘီရောဂါရှိသူနဲ့ အနီးကပ်နေတဲ့သူတွေ ၊ ကျန်းမာရေး ဝန်ထမ်းတွေကလည်း ကူးနိုင်ခြေများပါတယ်။

အဆုတ်တီဘီရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

အဆုတ်တီဘီရောဂါက လုံးဝမကုသဘဲ ထားမယ်ဆိုရင် အဆုတ်ပျက်စီးပြီး အသက်အန္တရာယ်ရှိပါတယ်။ တခြားကိုယ်တွင်း အင်္ဂါကို ပျံ့နှံ့ပြီး ကုရခက်တတ်ပါတယ်။ ဆေးကုပေမယ့် သေသေချာချာ မသောက်ဘူးဆိုရင် ဆေးယဉ်ပါးတီဘီဖြစ်တတ်ပါတယ်။

အဆုတ်တီဘီရှိမှန်း ဘယ်လိုသိနိုင်လဲ။

အဆုတ်တီဘီရောဂါလက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ သွားရောက်ပြသပါ။ ဆရာဝန်က လူနာရာဇဝင် မေးမြန်းတာတွေ၊ လူနာကို စမ်းသပ်တာတွေ လုပ်ပါလိမ့်မယ်။ ဆေးစစ်ချက်တွေ အနေနဲ့

  • အရေပြားမှာ စစ်ဆေးတာ
  • Tuberculinလို့ ခေါ်တဲ့ ပစ္စည်းလေးကို လက်မောင်းအရေပြားအောက်ကို ထိုးပြီး စမ်းသပ်တာပဲ ဖြစ်ပါတယ်။ တီဘီရောဂါရှိတယ်ဆိုရင်၂ရက်၊ ၃ရက်လောက်နေတဲ့အခါ အင်ပျဉ်လို ဖောင်းပြီး တက်လာပါတယ်။ ဒါပေမယ့် ဒီစစ်ဆေးနည်းက သိပ်မမှန်ပါဘူး။ ခုခံအားကျနေရင် တီဘီပိုးရှိတောင် ဖောင်းမလာပါဘူး။ ဒါကြောင့် သိပ်မသုံးပါဘူး။

    • သွေးစစ်တာ
    • ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်တာ
    • သလိပ်စစ်တာ – သလိပ်စစ်တာက တီဘီပိုး ရှိမရှိ သိနိုင်သလို၊ ဆေးယဉ်ပါးတီဘီ ဟုတ်မဟုတ်လည်း စစ်နိုင်ပါတယ်။

    တီဘီရောဂါကို ဘယ်လိုကုသနိုင်သလဲ။

    တီဘီကို ကုသတဲ့နေရာမှာ အားလုံးသိကြတဲ့ တိုက်ရိုက်ကြည့်ရှု အချိန်တိုနဲ့ကု  (DOTS) နည်းလမ်းနဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။ အနည်းဆုံး၆လ ဆေးသောက်ရမှာ ဖြစ်ပါတယ်။ ၆လအတွင်းမှာ ဆေးပတ်လည်အောင် မှန်မှန်ကန်ကန်နဲ့ သောက်နိုင်ရင်တော့ ပျောက်ကင်းပါတယ်။

    ဆေးသောက်နေတဲ့အချိန်မှာ ကြုံရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ပျို့အန်တာ
    • အစားအသောက်ပျက်တာ
    • ဆီးအရောင်ပြောင်းတာ
    • အသားဝါတာ
    • ဖျားတာ စတာတွေ ဖြစ်တတ်ပါတယ်။

    အရေးကြီးတာက ဆေးကို သေချာသောက်ဖို့ရယ်၊ ဆေးဒဏ်ခံရမှာစိုးလို့ ကိုယ့်သဘောနဲ့ ကိုယ်ရပ်တာရယ်ကို လုံးဝလုပ်လို့ မဖြစ်ပါဘူး။ ဆေးဒဏ်ခံရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်လို့ ရပါတယ်။ ဆေးကို သေချာ မသောက်ဘူးဆိုရင် ဆေးယဉ်ပါးတီဘီဖြစ်တာ၊ အရှင်းမပျောက်ဘဲ ဆေးတွေကို အကြာကြီး သောက်ရတာ စတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။

    အဆုတ်တီဘီကို ဘယ်လိုကာကွယ်နိုင်မလဲ။

    သင့်မှာ တီဘီရောဂါရှိနေရင် ကိုယ်နဲ့ နီးစပ်တဲ့သူတွေကို မကူးစက်အောင် နေဖို့ အရေးကြီးပါတယ်။

    များသောအားဖြင့် intensive phase ၂လသောက်ပြီးလို့ သလိပ်ထဲမှာ ပိုးမတွေ့တော့ရင် သူများကို ကူးနိုင်ချေနည်းသွားပါပြီ။ ဒီအတောအတွင်းမှာ သူများကို မကူးဖို့အတွက်

    • အိမ်မှာပဲ နေပါ။ အလုပ်တွေ၊ ကျောင်းတွေ မသွားပါနဲ့။ အခန်းခွဲအိပ်ပါ။
    • အခန်းကို လေဝင်လေထွက်ကောင်းပါစေ။
    • ချောင်းဆိုး၊ နှာချေတိုင်း အုပ်ဆိုးပါ။ ပြီးရင် သေချာထုပ်ပိုးပြီး စွန့်ပစ်ပါ။
    • သူများနဲ့ ထိတွေ့ဖို့ စကားပြောဖို့ လိုရင် နှာခေါင်းစည်းတပ်ပါ။
    • ပြီးတော့ ဆေးပတ်လည်အောင် သောက်ပါ။ မသောက်လို့ ဆေးယဉ်ပါးတီဘီဖြစ်သွားရင် ကိုယ်လည်း ဒုက္ခရောက်နိုင်သလို သူများကိုလည်း ဆေးယဉ်ပါးတီဘီကူးသွားမှာပါ။

    ကာကွယ်ဆေးရှိလား

    BCGလို့ ခေါ်တဲ့ ကာကွယ်ဆေးရှိပါတယ်။ မွေးစမှာ ထိုးလို့ရပါတယ်။ ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ တီဘီရောဂါ လုံးဝမဖြစ်တာ မဟုတ်ပါဘူး။ လူကြီးတွေမှာ ထိုးရင် သိပ်အကျိုးမရှိပါဘူး။ ခု အစိုးရက မွေးစကလေးတွေကို အခမဲ့ ထိုးပေးနေပြီဖြစ်လို့ ထိုးဖြစ်အောင် ထိုးဖို့ အကြံပေးလိုပါတယ်။

    Takeaways

    မြန်မာနိုင်ငံမှာ တီဘီရောဂါက အဖြစ်များတဲ့ရောဂါတစ်ခုပါ။ ကူးစက်ခံရတဲ့သူလည်း များပါတယ်။ ဒါပေမယ့် ဆေးတွေကို သေချာသောက်ပြီး ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement