backup og meta

တီဘီရောဂါ ကြောက်စရာကောင်းသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တီဘီရောဂါ ကြောက်စရာကောင်းသလား။

    တီဘီလို့ပြောလိုက်ရင် လူတွေက နှာခေါင်းရှုံ့ကြပါတယ်။ ကိုယ့်ဘေးမှာ တီဘီရှိတဲ့သူလာရင် မသတီကြဘူး။ ခွဲခြားခွဲခြား လုပ်ချင်ကြတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ “ကူးစက်တတ်လို့ပါ။” လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်လေး ကူးစက်နိုင်လို့ ကြောက်ကြတာပါ။ ဘယ်လိုပဲ တီဘီကို အရှင်းပျောက်အောင် ကုလို့ရနေပါပြီလို့ပဲ ပြောပြော လူတွေက ရောဂါဖြစ်လာရင် ရောဂါဒဏ် ဆေးဒဏ်ကို ခံရမှာ စိုးတဲ့ အတွက် တီဘီကို ကြောက်ကြတာပါ။ တီဘီရောဂါ က ဒီလောက်ပဲ ကြောက်ဖို့ကောင်းတာလား။ ဘယ်လိုနည်းနဲ့ ကူးစက်နိင်တာလဲဆိုတာ ဆက်ကြည့်ရအောင်။

    တီဘီရောဂါ ဘာကြောင့် ဖြစ်တာ

    တီဘီက Mycobacterium tubercolosis လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။

    တီဘီရောဂါ ဘယ်လို ကူးနိုင်လဲ။

    တီဘီက air borneလို့ ခေါ်တဲ့ လေထဲက တစ်ဆင့် လူတစ်ယောက်ဆီကနေ နောက်တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ ဥပမာပြောရရင် တီဘီရောဂါရှိတဲ့ လူတစ်ယောက်က ချောင်းဆိုးမယ်၊ စကားပြောမယ်၊ သီချင်းဆိုမယ်ဆိုရင် သူ့ရဲ့ အဆုတ်နဲ့ လေပြွန်မှာ ရှိတဲ့ ပိုးတွေက  လေထဲကို ရောက်ပါတယ်။ ဒါကို အနီးအနားက လူက ရှူမိရင် အဲ့ပိုး သူ့ဆီကို ရောက်ပြီး ကူးစက်ခံရပါတယ်။ ကဲ ကူးဖို့ မလွယ်ဘူးလား။

    ဒါပေမယ့် ကံကောင်းတာက သူက

    • လက်ဆွဲနှုတ်ဆက်ရုံ
    • အစားအစာ အတူစားရုံ
    • အိပ်ရာနဲ့ အိမ်သာ မျှသုံးရုံ
    • သွားပွတ်တံမျှသုံးရုံ
    • နမ်းရှုံ့ရုံနဲ့တော့ မကူးပါဘူးတဲ့။

    လူတစ်ယောက်က တီဘီပိုးကို ရှူမိရင် အဆုတ်ကို ရောက်ပြီး ပိုးတွေ စပွားပါတယ်။ ဒီကနေပြီး သွေးထဲကတစ်ဆင့် တစ်ကိုယ်လုံးကို သွားနိုင်ပါတယ်။ အဆုတ်မှာရှိနေတဲ့ တီဘီပိုးက သူများကို ချောင်းဆိုးရာက တစ်ဆင့် ကူးနိုင်တာကြောင့် သတိထားရပါမယ်။ တခြားနေရာက တီဘီပိုးကတော့ အများအားဖြင့် သူများကို မကူးတတ်ပါဘူး။

    တီဘီရောဂါရှိတဲ့ သူတွေက သူတို့နဲ့ အနီးစပ်ဆုံး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကူးတတ်တာကြောင့် သတိထားရပါမယ်။

    တီဘီရောဂါက ဘာလက္ခဏာပြမှာလဲ။

    တီဘီပိုးက ခန္ဓာကိုယ်ထဲကို ဝင်လာလို့ရှိရင် ကိုယ်ခံအားက တိုက်ထုတ်လိုက်တဲ့အတွက် ဘာမှ မခံစားရပါဘူး။ ဒါကြောင့် တီဘီကို နှစ်မျိုးခွဲလိုက်ပါတယ်။

    • အောင်းနေတဲ့ တီဘီ (Latent TB)

    ဒီအမျိုးအစားမှာ သင့်မှာ တီဘီရှိနေပေမယ့်လည်း ခုခံအားက တီဘီကို ဝပ်နေအောင် တိုက်ထုတ်လိုက်ပါတယ်။ ဒါကြောင့် ဘာလက္ခဏာမှ မပြပါဘူး။ သူများကိုလည်း မကူးနိုင်ပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျသွားခဲ့ရင် တီဘီက ပြန်ကြွ လာမှာပါ။ အဲ့ဒီအခါ လက္ခဏာပြလာပြီး သူများကို ကူးနိုင်ပါတယ်။

    • ကူးနိုင်တဲ့ တီဘီ (Active TB)

    ဒီတီဘီကတော့ လက္ခဏာလည်းပြတယ်။ သူများကိုလည်း ကူးနိုင်ပါတယ်။ ပိုးဝင်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း လက္ခဏာပြနိုင်သလို၊ တော်တော်ကြီးကြာမှ ပြတတ်ပါတယ်။ ဘာလက္ခဏာတွေလည်း ဆိုတော့

    • ၃ပတ်နဲ့ အထက် အကြောင်းရင်း မသိဘဲ ချောင်းဆိုးမယ်
    • ၃ပတ်နဲ့ အထက် အကြောင်းရင်း မသိဘဲ ဖျားမယ်
    • ပိန်သွားမယ်
    • အစားအသောက်ပျက်မယ်
    • ညနေဘက်တွေမှာ ချမ်းတုန်ဖျားမယ်
    • နုံးမယ်
    • ချောင်းဆိုးသွေးပါမယ် စတာတွေ ဖြစ်တတ်ပါတယ်။

    ဘယ်သူတွေ ဖြစ်နိုင်လဲ။

    လူတိုင်းဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းနေရင်တော့ ရောဂါပိုးကို တိုက်ထုတ်လိုက်မှာပါ။ ကိုယ်ခံအားမကောင်းတဲ့ သူတွေ ဆိုရင်တော့ သတိထားရမှာပါ။ ဘယ်သူတွေလဲဆိုတော့

    • HIV/AIDS ရောဂါရှိသူတွေ
    • ဆီးချိုရောဂါ ရှိသူတွေ
    • ကျောက်ကပ်မကောင်းတဲ့သူတွေ
    • ကင်ဆာရောဂါရှိသူတွေ၊ အဲ့အတွက် ဆေးသွင်းကုသမှု ခံယူနေတဲ့ သူတွေ
    •  ကိုယ်အင်္ဂါအစားထိုးထားလို့ ခုခံအားထိန်းဆေး သောက်နေသူတွေ
    • အာဟာရချို့တဲ့သူတွေ
    • ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ

    ကုသလို့ရလား။

    ရပါတယ်။ အားလုံးသိကြတဲ့ တိုက်ရိုက်ကြည့်ရှု အချိန်တိုနဲ့ကု  (DOTS) နည်းလမ်းနဲ့ လုပ်နေတာ ဖြစ်ပါတယ်။ အနည်းဆုံး၆လ ဆေးသောက်ရမှာ ဖြစ်ပါတယ်။ ၆လအတွင်းမှာ ဆေးပတ်လည်အောင် မှန်မှန်ကန်ကန်နဲ့ သောက်နိုင်ရင်တော့ ပျောက်ကင်းပါတယ်။ အရေးကြီးတာက ဆေးကို သေချာသောက်ဖို့ရယ်၊ ဆေးဒဏ်ခံရမှာစိုးလို့ ကိုယ့်သဘောနဲ့ ကိုယ်ရပ်တာရယ်ကို လုံးဝလုပ်လို့ မဖြစ်ပါဘူး။ ဆေးဒဏ်ခံရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်လို့ ရပါတယ်။ ဆေးကို သေချာ မသောက်ဘူးဆိုရင် ဆေးယဉ်ပါးတီဘီဖြစ်တာ၊ အရှင်းမပျောက်ဘဲ ဆေးတွေကို အကြာကြီး သောက်ရတာ စတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။

    တီဘီဖြစ်နေတဲ့ သူက ဘာတွေ ဆောင်ရ ရှောင်ရမှာလဲ။

    တီဘီဖြစ်နေတဲ့ သူက ကိုယ့်ဆီကပိုး သူများကို မကူးဖို့ ဂရုစိုက်ရပါမယ်။ များသောအားဖြင့် intensive phase ၂လသောက်ပြီးလို့ သလိပ်ထဲမှာ ပိုးမတွေ့တော့ရင် သူများကို ကူးနိုင်ချေနည်းသွားပါပြီ။ ဒီအတောအတွင်းမှာ သူများကို မကူးဖို့အတွက်

    • အိမ်မှာပဲ နေပါ။ အလုပ်တွေ၊ ကျောင်းတွေ မသွားပါနဲ့။ အခန်းခွဲအိပ်ပါ။
    • အခန်းကို လေဝင်လေထွက်ကောင်းပါစေ။
    • ချောင်းဆိုး၊ နှာချေတိုင်း အုပ်ဆိုးပါ။ ပြီးရင် သေချာထုပ်ပိုးပြီး စွန့်ပစ်ပါ။
    • သူများနဲ့ ထိတွေ့ဖို့ စကားပြောဖို့ လိုရင် maskတပ်ပါ။
    • ပြီးတော့ ဆေးပတ်လည်အောင် သောက်ပါ။ မသောက်လို့ ဆေးယဉ်ပါးတီဘီဖြစ်သွားရင် ကိုယ်လည်း ဒုက္ခရောက်နိုင်သလို သူများကိုလည်း ဆေးယဉ်ပါးတီဘီကူးသွားမှာပါ။

    ကာကွယ်ဆေးရှိလား

    BCGလို့ ခေါ်တဲ့ ကာကွယ်ဆေးရှိပါတယ်။ မွေးစမှာ ထိုးလို့ရပါတယ်။ ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ တီဘီရောဂါ လုံးဝမဖြစ်တာ မဟုတ်ပါဘူး။ လူကြီးတွေမှာ ထိုးရင် သိပ်အကျိုးမရှိပါဘူး။ ခု အစိုးရက မွေးစကလေးတွေကို အခမဲ့ ထိုးပေးနေပြီဖြစ်လို့ ထိုးဖြစ်အောင် ထိုးဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement