home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVIDအလွန် ကျန်းမာရေးပြဿနာ များကို ရင်ဆိုင်ခြင်း

COVIDအလွန် ကျန်းမာရေးပြဿနာ များကို ရင်ဆိုင်ခြင်း

COVID ဖြစ်နေလို့ တခြားရောဂါတွေက စောင့်နေမှာ မဟုတ်ပါဘူး။ သူတို့လည်း သူတို့ဟာနဲ့ သူတို့ ဆက်ဖြစ်နေဦးမှာပါပဲ။ ဆိုလိုတာက ကိုဗစ်ကာလမှာ တခြားရောဂါတွေကိုလည်း မေ့မထားသင့်ပါဘူး။ နဂိုရောဂါအခံရှိတဲ့သူတွေဆိုရင် ပိုပြီးဂရုစိုက်ရမှာပါ။ ပြီးတော့ ဒီကာလမှာ ဆေးရုံဆေးခန်း မသွားချင်တာကြောင့် အိမ်မှာပဲ ကြိတ်ကုတာ၊ ကြိတ်ခံတာတွေလည်း ရှိနေမှာပါ။ ဒါတွေက အန္တရာယ်များပါတယ်။ ကိုဗစ်က ဘယ်လောက်ကြာမယ်မှန်း မသိပါဘူး။ ကိုဗစ်ပြီးမှ ရောဂါတွေ ဆက်ကုမယ်ဆိုပြီး လုပ်လို့လည်း မရပါဘူး။ ဒါကြောင့် ကိုဗစ်နဲ့အတူ တခြား ကျန်းမာရေးပြဿနာ တွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ပြောပြပေးပါမယ်။

COVIDနောက်ကွယ်က ကျန်းမာရေးပြဿနာ များ

  • မကူးစက်နိုင်သော ရောဂါများ

အဓိက ပြောချင်တာက ဆီးချိုသွေးတိုးပေါ့။ သူတို့တွေက တစ် နာတာရှည်ရောဂါတွေ ဖြစ်တယ်။ နှစ် ဆေးပုံမှန်သောက်နေရတဲ့ သူတွေ ဖြစ်တယ်။ သုံး ရောဂါအခြေအနေကို အမြဲတမ်း ဆန်းစစ်ဖို့ လိုတဲ့သူတွေ ဖြစ်တယ်။ COVIDလည်း ဖြစ်ရော ဆေးတွေ ပြတ်ကုန်တယ်။ ဆေးပုံမှန်မသောက်နိုင်တော့ ရောဂါကို မထိန်းနိုင်ဘူး။ ရောဂါကိုလည်း ကောင်းလား မကောင်းလား ပုံမှန် မစစ်ဆေးနိုင်တော့ဘူး။

ဥပမာ ဆီးချို ဖောက်စစ်တဲ့ သူကလည်း ဆီးချိုစစ်တဲ့ stripပြား ကုန်သွားလို့ သွားမဝယ်နိုင်တာမျိုး၊ ဆေးဆိုင်မှာ သွေးပေါင်တိုင်းနေကျသူကလည်း ဆိုင်တွေ ပိတ်ထားလို့ သွားမတိုင်းနိုင်တော့တာမျိုးပေါ့။ ဒါကြောင့် ကိုယ့်ရောဂါကောင်းလား မကောင်းလားလည်း မသိတော့ဘူး။ နောက်ပြီး ဒီရောဂါတွေက တော်တော်တန်တန် လက္ခဏာလည်း မပြတတ်ဘူးဆိုတော့ သွေးပေါင်တွေ မတရား တက်တာတို့၊ ဆီးချိုတွေ မိုးထိုးနေတာတို့ဆို မသိလိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဆက်စပ်ပြီး ပြောရရင် နောက်တစ်မျိုး အပူလျှပ်တာပါ။ နေပူထဲသွားရင် ပိုးသေတယ်ဆိုတဲ့ အယူအဆမှားတွေကြောင့် ဒီနေပြင်းပြင်းကြီးထဲမှာ အကာအကွယ်မပါဘဲ သွားလာကြပြီး အပူချိန်တွေ တက်လာတာကြောင့် အပူလျှပ်တာတွေ၊ ပြင်းပြင်းထန်ထန် အပူဒဏ်ခံရတာတွေ ဖြစ်လာကြပါတယ်။ ကိုဗစ်က နေပူကြောင့် သေမသေ မပြောနိုင်ပေမယ့် အပူလျှပ်တာက လူသေနိုင်ပါတယ်။ ဒါကြောင့် ဆင်ခြင်ပြီး နေဖို့၊ မတတ်တာလို့ အပြင်သွားရရင်လည်း နေပူမခံရအောင် ကာကွယ်ဖို့ အကြံပြုလိုပါတယ်။

  • ကူးစက်နိုင်သော ရောဂါများ

ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ စဥ်းစားမိသလောက် ပြောရရင် TBနဲ့ HIVကို စိတ်ပူပါတယ်။ သူတို့က ဆေးကို လနဲ့ချီပြီး စွဲသောက်ရတဲ့အပြင် ဆေးပြတ်လို့ မရတဲ့သူတွေလည်း ဖြစ်တာကိုး။ ဆေးပြတ်သွားရင် ဆေးယဥ်ပါး ပြဿနာတွေ ပေါ်လာနိုင်ပြီး ကိုဗစ်ထက် ပိုကြောက်ဖို့ ကောင်းသွားမှာပါ။ နောက်ပြီး နဂိုတည်းက ခုခံအား မကောင်းတဲ့သူတွေ ဖြစ်လို့ ရောဂါလည်း ပိုဝင်လွယ်ပါတယ်။ ဒါကြောင့် ဆေးကုန်ရင် သွားမထုတ်ဖြစ်တော့မှာ စိုးရိမ်ပါတယ်။ ဆေးစသောက်နေတဲ့ သူတွေ ဆိုရင်လည်း ဆေးဒဏ်ကို ကြောက်လို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်မှာလည်း စိုးရပါတယ်။ ရောဂါကူးမှာစိုးလို့ ရက်ချိန်းတွေ သွားမပြတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါကတော့ ကလေးတွေက အဓိကပေါ့။ ခုမေမေတွေ စိုးရိမ်တာကလည်း ဒီကိစ္စပါပဲ။ ကာကွယ်ဆေးထိုးရမယ့် ရက်ကလည်း ရောက်နေပြီ။ ကလေးကို မထိုးပေးရသေးဘူး။ အပြင်မှာပဲ ထိုးရမလား။ အစိုးရထိုးပေးတာကိုပဲ စောင့်ရမလား။ ဘယ်မှာပဲ ထိုးထိုး ဆေးရုံ၊ ဆေးခန်းသွားရမှာဆိုတော့ အဆင်ပြေပါ့မလား။ ကလေးဆီကို ရောဂါများ ကူးမလား စသဖြင့် ဒါကလည်း နောက်ထပ် ပြဿနာ တစ်ခုပါပဲ။

တားဆေးမှာ သောက်ဆေးသမားတွေက ပြဿနာ သိပ်မရှိပေမယ့် ထိုးဆေးတွေ၊ သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေ၊ လက်မောင်းအောက်ပစ္စည်းထည့်တဲ့သူတွေကတော့ ရက်ပြည့်လို့ ပြန်လာထိုးရင် ပြန်လာလဲရင် ပြဿနာ ရှိပါတယ်။ ဒါက ဆရာဝန်လုပ်ပေးမှ ရမှာမို့လို့ သေချာပေါက် ဆေးရုံဆေးခန်းသွားရမှာပေါ့။ ဒီအချိန်မှာ ဘယ်သူမှ ဆေးရုံဆေးခန်း မသွားချင်တာမို့လို့ တားဆေး ရပ်လိုက်ရင် မတော်တဆ ကိုယ်ဝန်ရသွားမှာကို စိုးရိမ်ပါတယ်။

  • အခြား ကျန်းမာရေး အခြေအနေများ

ခုလိုချိန်မှာ ဆေးရုံကို သိပ်မလာကြတော့လို့ လူနာနည်းသွားတာ မှန်ပေမယ့် လာလိုက်ရင်လည်း နောက်ဆုံးအဆင့် ဖြစ်နေတာကြောင့် အသက်လုနေကြရပါတယ်။ ဆေးရုံဆေးခန်း မသွားချင်တာကြောင့်ရော၊ သွားရလာရ မလွယ်တာကြောင့်ရော အိမ်မှာပဲ ကြိတ်ခံ၊ ဆေးမြီးတိုလေးတွေနဲ့ ကြိတ်ကုနေတာကြောင့် တကယ်တမ်း ဆေးရုံရောက်တဲ့အခါ အရေးပေါ် အခြေအနေ ဖြစ်နေပါပြီ။

ဒါတွေက ကိုယ်စဉ်းစားမိသလောက် ကျန်းမာရေး ပြဿနာလေးတွေပေါ့။ တခြားဟာလေးတွေလည်း ရှိဦးမှာပါ။ ကိုဗစ်က ဘယ်အချိန်မှ ပြီးမလဲ ဘယ်သူမှ မသိပါဘူး။ ဒါကြောင့် ကိုဗစ်ဖြစ်နေလည်းပဲ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေကို ပြောချင်ပါတယ်။

COVIDအလွန် ကျန်းမာရေးပြဿနာ များကို ရင်ဆိုင်ခြင်း

  • မကူးစက်နိုင်တဲ့ ရောဂါများ

ခုကတော့ ဆေးခန်းတွေ၊ ဆေးဆိုင်တွေ ပြန်ဖွင့်လာတာကြောင့် ဝယ်ရ ပြုရ လွယ်လာပါပြီ။ အဓိကမှာချင်တာက ကိုယ်သောက်ရမယ့်ဆေးတွေကို အနည်းဆုံး ၁လစာ ဝယ်ထားပါ။ ကုန်ခါနီး ၂ရက် ၃ရက် အလိုကျရင် ထပ်ဝယ်ပါ။ ဆီးချိုစစ်တဲ့ stripပြားတွေလည်း ဝယ်ထားပါ။ ဒီကာလမှာ ဆရာဝန်နဲ့ တွေ့ဖို့ မလွယ်ပါဘူး။ သွားလည်း မသွားချင်ကြပါဘူး။ ဒါကြောင့် ကိုယ့်ဟာကိုယ် ဆီးချိုစစ်ပါ။ အဖြေကောင်းမကောင်း အမြဲတမ်း စောင့်ကြည့်ပါ။

သွေးတိုးသမားတွေလည်း ဒီလိုပါပဲ။ ဆေးတွေ ဝယ်ထားပါ။ သွေးပေါင်ချိန်ဖို့ အိမ်မှာ ဒစ်ဂျစ်တယ်စက်တစ်လုံးလောက် ဝယ်ထားပါ။ ပုံမှန်တိုင်းပြီး အဖြေတွေကို မှတ်ထားပါ။ ဒီကာလမှာ တစ်ခုခု ဖြစ်ရင် ဆေးရုံဆေးခန်းသွားဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ဆီးချို၊ သွေးတိုးကို သေချာထိန်းပါ။ အစားအသောက်ဆင်ခြင်ပါ။ အိမ်ထဲမှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပါ။

  • ကူးစက်နိုင်တဲ့ ရောဂါများ

ဒီချိန်မှာတော့ ဆေးတွေကို ခဏခဏ လာစရာ မလိုအောင် ပိုထုတ်ပေးပါလိမ့်မယ်။ ရက်ချိန်းကိုလည်း ခပ်ခွာခွာချိန်းပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဆေးကို ပုံမှန်သောက်ပါ။ ဆေးဒဏ်မခံနိုင်ရင် ဆရာဝန်ကို အရင်ပြောပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်ပါနဲ့။ ကိုယ်က ရောဂါပိုး ကူးလွယ်တဲ့အတွက် ရက်ချိန်းပြရင် နှာခေါင်းစည်းတပ်ပါ။ လူတွေနဲ့ ခပ်ခွာခွာနေပါ။ မကြာခဏ လက်ဆေးပါ။ အာဟာရပြည့်အောင် စားပါ။

  • ကာကွယ်ဆေး

ကာကွယ်ဆေးကတော့ သိပ်မကြာခင် ပြန်ထိုးပေးမယ်လို့ ပြောပါတယ်။ ဒီ့မတိုင်ခင်မှာ စိုးရိမ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အပြင်မှာ ထိုးလို့ ဖြစ်မဖြစ် ဆွေးနွေးပါ။ အစိုးရ ပြန်ထိုးပေးတဲ့အခါမှာလည်း မပျက်မကွက် ထိုးပေးပါ။ ကလေးတွေအတွက် ကိုဗစ်ထက် ကြောက်ဖို့ကောင်းတဲ့ ရောဂါတွေ အများကြီး ရှိလို့ ကာကွယ်ဆေးကို မထိုးဘဲ မနေပါနဲ့။

  • တားဆေး

တားဆေး ထိုးတဲ့သူ၊ သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူ၊ လက်မောင်းအောက် ပစ္စည်းထည့်တဲ့သူ အချိန်ပြည့်ရင် ပြန်ထိုး၊ ပြန်လဲပါ။ မလိုချင်ဘဲ ကိုယ်ဝန်ရပြီး ဒီကိုယ်ဝန်ကို ဖျက်ချဖို့ ကြိုးစားတာက ကိုဗစ်ထက် အန္တရာယ်ပိုများပါတယ်။ နောက်ပြီး လတ်တလောမှာ ဆေးရုံဆေးခန်း မသွားချင်သေးရင် အတူနေတိုင်း ကွန်ဒုံးသုံးပါ။ အတူနေပြီးမှ အရေးပေါ်တားဆေး သောက်တာထက် ကွန်ဒုံးကို စနစ်တကျ သုံးတာက ကိုယ်ဝန်ကို ပိုပြီး ကာကွယ်နိုင်ပါတယ်။

ခုချိန်မှာ ဆေးရုံဆေးခန်း မသွားချင်သူတွေအတွက် Telemedicineဆိုတာ ရှိနေပါပြီ။ အွန်လိုင်းကနေ ဆရာဝန်နဲ့ ဆွေးနွေးပြီး လိုအပ်မှ ဆေးရုံဆေးခန်းကို သွားရတာမျိုးပေါ့။ ဒါဆို သာမန်အပရိက ဖျားနာတာလောက်ကို အိမ်မှာပဲ ကုနိုင်ပြီး မလိုအပ်ဘဲ ဆေးရုံဆေးခန်း မသွားရတော့ဘူးပေါ့။ အစိုးရဆေးရုံရဲ့ တချို့ ဌာနတွေမှာလည်း ဒါမျိုးတွေ ရှိနေပြီမို့လို့ ကိုယ်ပြနေတဲ့ ဌာနမှာ မေးမြန်းကြည့်ပါ။

အဓိက အကြံပြုချင်တာက မြန်မာနိုင်ငံမှာ ကိုဗစ်ထက် သေနှုန်းများတဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ ကိုဗစ်ကြောက်လို့ ဆိုပြီး ကျန်တဲ့ ရောဂါတွေကို မကုဘဲ မနေပါနဲ့။ အရင်လိုပဲ ဂရုစိုက်ပေးပါ။ ကိုဗစ်မကူးစက်အောင်လည်း နေကြပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 29/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။