backup og meta

ဆေးယဉ်ပါးတီဘီ မဖြစ်မနေကုရမှာလား။

ဆေးယဉ်ပါးတီဘီ မဖြစ်မနေကုရမှာလား။

တီဘီလို့ပြောလိုက်တာနဲ့ ဒါဟာ ချောင်းဆိုးနှာချေရာကနေတဆင့် ကူးတယ်ဆိုတာ သိပြီးသားပါ။ ဒါကြောင့် တီဘီရှိတဲ့သူတစ်ယောက် ကိုယ့်နားမှာလာထိုင်ရင်တောင် ငါ့များကူးမလားဆိုပြီး နှာခေါင်းရှုံ့တတ်ကြပါတယ်။ တီဘီဖြစ်တဲ့သူတွေက မရှားပါဘူး။ မသိတာပဲရှိတာပါ။ ဘယ်သူကမှ တီဘီဖြစ်နေတာကို ​ကြေငြာပြီးသွားနေတာ မဟုတ်ပါဘူး။ ဒါတောင်ရိုးရိုးတီဘီပါ။ ဆေးယဉ်ပါးတီဘီ က ပိုပြီးကြောက်စရာကောင်းပါတယ်။

သာမန်ဆေးနဲ့ ကုလို့မပျောက်ဘဲ အဆင့်မြင့်တဲ့ဆေးတွေ၊ ထိုးဆေးတွေ သုံးရပါတယ်။ ပျောက်ဖို့လည်းခက်ပါတယ်။ တလောက ဆေးယဉ်ပါးတီဘီဖြစ်နေတဲ့ ဘတ်စ်ကားမောင်းသူတစ်ယောက်နဲ့ ကျောင်းဆရာမတစ်ယောက်က ဆေးဒဏ်ခံရမှာကြောက်လို့ ဆေးကုသဖို့ ငြင်းဆန်တဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဒါဆို သူတို့နဲ့ ထိတွေ့တဲ့သူတွေရော ဘယ်လိုလုပ်မလဲ။ ဆေးယဉ်ပါးတီဘီကူးစက်ခံရမှာလား။ ဒါက ကိုယ်ဖြစ်ကိုယ်ခံရောဂါမဟုတ်ပါဘူး။ သူများပါ ခံရမယ့်ရောဂါပါ။ ဒါကြောင့် ဆေးယဉ်ပါးတီဘီနဲ့ ပတ်သတ်ပြီး သိထားရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

ဆေးယဉ်ပါးတီဘီဆိုတာ ဘာလဲ။

ဆေးယဉ်ပါးတီဘီဆိုတာ တီဘီပိုးက မျိုးဗီဇပြောင်းလဲပြီး ပုံမှန်ပေးနေတဲ့ တီဘီဆေးတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့ဆေးတွေကို ခံနိုင်ရည်ရှိလာတာပါ။ တစ်နည်းအားဖြင့် ဆေးမတိုးတော့တာပါ။

ဆေးယဉ်ပါးတီဘီ ဘယ်နှစ်မျိုးရှိလဲ။

  • Mono-resistance : တီဘီဆေးတစ်မျိုးတည်းကိုပဲ ခံနိုင်ရည်ရှိတာပါ။
  • Poly-resistance: Isoniazid (အိုင်ဆိုနိုင်ရာဇင့်)နဲ့ Rifampicin (ရိုင်ဖယ်ပင်စင်)မဟုတ်တဲ့ တခြားတီဘီဆေးတွေကို တစ်မျိုးထက်ပိုပြီးခံနိုင်ရည်ရှိတာပါ။
  • Multidrug-resistance TB (MDR-TB) : တီဘီဆေးတွေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ Isoniazid (အိုင်ဆိုနိုင်ရာဇင့်)နဲ့ Rifampicin (ရိုင်ဖယ်ပင်စင်)ကို ခံနိုင်ရည်ရှိတာပါ။
  • Rifampicin-resistance TB (RR-TB) : Rifampicin (ရိုင်ဖယ်ပင်စင်)ကို ခံနိုင်ရည်ရှိတာပါ။ ဒီထဲမှာ Mono-resistance, Multidrug-resistance, MDRမဟုတ်သော Poly-resistanceနဲ့ XDR-TBတွေပါပါတယ်။
  • Extensively drug-resistance TB (XDR-TB): MDR-TBအပါအဝင် ဒုတိယအဆင့် သောက်ဆေးတွေ၊ ထိုးဆေးတွေကိုပါ ခံနိုင်ရည်ရှိနေတာပါ။

ဒီဆောင်းပါးမှာတော့ MDR TB အကြောင်းကိုပဲ ပြောသွားပါမယ်။

ဘာလို့ ဖြစ်ရတာလဲ။

အဓိကကတော့ တီဘီဆေးတွေကို သေချာမသောက်ဘဲ အလွဲသုံးစားလုပ်လို့ပါပဲ။ ဥပမာပြောရရင်

  • တီဘီဆေးကို ရက်ပြည့်အောင် မသောက်တာ
  • တီဘီဆေးကို ပမာဏမှားပေးတာ၊ သောက်ရမယ့်ကာလ မှားတာ
  • ဆေးရဲ့ ကွာလတီမကောင်းတာကြောင့်ပါ။

ဘယ်သူတွေမှာပိုဖြစ်နိုင်လဲဆိုရင်

  • တီဘီဆေးကို ပုံမှန်မသောက်တဲ့သူ
  • ဆေးကို အကုန်မသောက်တဲ့သူ
  • အရင်ကတီဘီဖြစ်ဖူးပြီး ခုနောက်တစ်ခါပြန်ဖြစ်တဲ့သူ
  • ဆေးယဉ်ပါးတီဘီ အဖြစ်များတဲ့နေရာမှာ နေတဲ့သူ
  • ဆေးယဉ်ပါးတီဘီရှိသူနဲ့ အထိအတွေ့များသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ဆေးယဉ်ပါးတီဘီ ကို ဘယ်လိုသိနိုင်မလဲ။

ဆေးယဉ်ပါးတီဘီက ရိုးရိုးတီဘီနဲ့ လက္ခဏာတူတူပါပဲ။ ထပ်ပြီးဆေးစစ်ကြည့်တဲ့အခါကျမှ ဆေးယဉ်ပါးခြင်းရှိမရှိ သိတာပါ။

ကုသလို့ ရနိုင်ပါ့မလား။

ပထမအဆင့်ဆေးတွေကို ခံနိုင်ရည်ရှိနေပြီဖြစ်တဲ့အတွက် ဒုတိယအဆင့်ဆေးတွေနဲ့ ကုရမှာပါ။ ကြာချိန်ကတော့ ရိုးရိုးတီဘီလို ၆လမဟုတ်ပါဘူး။ ကနဦးအဆင့်မှာ ၆-၈လ၊ နောက်ဆက်တွဲအဆင့်မှာ ၁၂-၁၄လ စုစုပေါင်း၁နှစ်ခွဲ ၂နှစ်နည်းပါး ကုရပါမယ်။ ဒီကြားထဲမှာ ရောဂါသက်သာခြင်းရှိမရှိ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးခံစားရခြင်းရှိမရှိအတွက် လိုအပ်တဲ့ဆေးစစ်မှုတွေလုပ်ရပါမယ်။

ရိုးရိုးတီဘီထက် ပိုပြီးကြပ်မတ်ကုသရပါမယ်။ ဆေးကို ပုံမှန်သောက်ပြီး ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါမယ်။ ဒီဒုတိယအဆင့်ဆေးတွေကိုပါ ထပ်ပြီးခံနိုင်ရည်ရှိသွားရင် ကုသဖို့မလွယ်တော့ပါဘူး။

ဆေးယဉ်ပါးတီဘီ နောက်ဆက်တွဲဆိုးကျိုးများ

ဆေးယဉ်ပါးတီဘီကို မကုဘဲထားမယ်ဆိုရင် မကြာခင်မှာပဲ တီဘီပိုးတွေက တစ်ကိုယ်လုံးကို ပျံ့သွားပါမယ်။ ကိုယ်တွင်းအင်္ဂါတွေပျက်စီးပြီး အသက်အန္တရာယ်ရှိပါတယ်။ သူများကိုကူးသွားမယ်ဆိုရင်လည်း သူတို့မှာ ဆေးယဉ်ပါးတီဘီဖြစ်ပါမယ်။ ကုသရခက်တာတွေ၊ အသက်အန္တရာယ်ရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ လူတော်တော်များများကို ကူးစက်ခဲ့မယ်ဆိုရင် အစုလိုက်ဆေးယဉ်ပါးတီဘီဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ။

  • ​ရိုးရိုးတီဘီဆိုရင် ဆေးကို ဆေးပတ်လည်အောင်သောက်ပါ။ သောက်ရမယ့်ဆေးကို ကုန်အောင်သောက်ပါ။
  • ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေခံရရင်လည်း ကိုယ့်သဘောနဲ့ကိုယ်မရပ်ပါနဲ့။ ဆရာဝန်နဲ့တိုင်ပင်ပါ။
  • ဆေးယဉ်ပါးတီဘီရှိတဲ့သူတွေနဲ့ မထိတွေ့ပါနဲ့။ ထိတွေ့ရမယ်ဆိုရင်လည်း maskတပ်ပါ။
  • ချောင်းဆိုးနှာချေရင် အဝတ်/တစ်ရှူးနဲ့အုပ်ပါ။
  • လက်ဆေးပါ။
  • မလိုအပ်ဘဲ ပိုးသတ်ဆေးမသောက်ပါနဲ့။ မလိုအပ်ဘဲသောက်ခဲ့ရင် တကယ်တမ်းကုဖို့လိုအပ်တဲ့အခါမှာ ဆေးမတိုးတော့ပါဘူး။

ပြောရရင် မကြာသေးခင်က ချောင်းဆိုးလို့ ကိုယ့်သဘောနဲ့ကိုယ် rifampicinသောက်တဲ့သူတွေ့လိုက်ရပါတယ်။ တီဘီကုတဲ့နေရာမှာ သုံးတဲ့ဆေးတွေက တခြားသော အဆုတ်ရောဂါတွေမှာ သုံးလို့ရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တီဘီဖြစ်ရင် ဒီဆေးတွေနဲ့ကုရမှာမို့လို့ ဆေးမတိုးမှာစိုးတဲ့အတွက် အဆုတ်ရောဂါအထူးကုဆရာဝန်တွေတောင် မလိုအပ်ပဲမသုံးကြပါဘူး။ ချင့်ချိန်ပြီးသုံးကြပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးတွေကို မလိုဘဲ မသောက်ကြပါနဲ့။

ဆေးယဉ်ပါးတီဘီရှိတဲ့သူအနေနဲ့

  • ဆေးယဉ်ပါးတီဘီကို ကုဖြစ်အောင်ကုပါ။ ကိုယ်ကိုယ်တိုင်လည်း အန္တရာယ်ရှိသလို သူများကို ကူးသွားရင်လည်းမကောင်းပါဘူး။
  • ဆေးပတ်လည်အောင် သောက်ပါ။  ဆရာဝန်နဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
  • ဆေးဒဏ်ခံရမှာစိုးရိမ်ရင်လည်း ဆရာဝန်နဲ့တိုင်ပင်လို့ရပါတယ်။
  • ဆေးကုနေချိန်အတွင်းမှာ သူများကို မကူးအောင် လူထူတဲ့နေရာကို မသွားပါနဲ့။ နှာချေချောင်းဆိုးရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပါ။
  • အာဟာရပြည့်အောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ ‌ဆေးလိပ်အရက်ဖြတ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://mohs.gov.mm/Main/content/publication/tuberculosis-management-of-mdr-and-xdr-cases

http://mohs.gov.mm/Main/content/publication/tuberculosis-guidelines-for-the-management-of-drug-resistant-tuberculosis-dr-tb-in-myanmar

https://www.cdc.gov/tb/topic/drtb/default.htm

ယခုပုံစံ

01/12/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တီဘီဆေးသောက်ရတော့မည်ဆိုလျှင်

Miliary Tuberculosis (မီလီယာရီတီဘီ)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement