backup og meta

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

    ကမ္ဘာကြီးဟာ COVID-19 ကပ်ဘေးကို ရင်ဆိုင်နေရတာ ၁ နှစ်ကျော်လွန်လာခဲ့ပါပြီ။ ရောဂါကပ်ဘေးကြောင့် လူသန်းပေါင်းမြောက်များစွာရဲ့ ဘဝတွေ ထိခိုက်ပျက်စီးခဲ့ရသလို ကမ္ဘာတစ်လွှား စီးပွားရေး လူမှုရေး ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် အခက်အခဲပေါင်းမြောက်များစွာကို ရင်ဆိုင်ခဲ့ကြရတာပါ။

    ဒီလိုရင်ဆိုင်ခဲ့ကြရတဲ့ အခက်အခဲတွေ၊ ရောဂါအန္တရာယ်ဘေးတွေကြောင့် COVID-19 နဲ့ နောက်ဆက်တွဲဘေးဆိုးတစ်ခုကလည်း အရိပ်ပမာ ကပ်တွယ်လာပါတော့တယ်။ ဒီကပ်ဘေးကိုတော့ စိတ်ကျန်းမာရေးကပ်ဘေးလို့ ဆိုကြပါတယ်။

    COVID-19 ရောဂါ ကာကွယ်ရေးအတွက် နေအိမ်တွေကနေ အပြင်မထွက်ပဲ လနဲ့ချီနေထိုင်ခဲ့ရတဲ့ လူတွေဟာ အထီးကျန်မှုတွေစိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ ပူပင်သောကတွေနဲ့ ဝမ်းနည်းကြောက်ရွံ့စိတ်တွေ တိုးပွားလာနေကြပြီး အမျိုးမျိုးအသွယ်သွယ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ထိခိုက်ခံစားနေကြရပါတယ်။

    ရောဂါဆိုးကြီးကြောင့် ထိခိုက်ခံရသူ လူ သန်း ၈၈ သန်းနီးပါးသာရှိသေးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရသူတွေကတော့ ရေတွက်လို့ မရနိုင်လောက်အောင်ပါပဲ။

    လူငယ်တွေ ပိုခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းလား

    ကိုဗစ်အကျပ်အတည်းမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပညာရှင်အသီးသီးက လေ့လာမှုတွေ အမျိုးမျိုးပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုလေ့လာကြတဲ့အခါ ထူးခြားတဲ့ တွေ့ရှိချက်တစ်ခုကို တွေ့မြင်လာရပါတယ်။

    ဒါကတော့ ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။ အထူးသဖြင့် အထီးကျန်တဲ့ ဝေဒနာကိုပေါ့။ ဒီစိတ်ခံစားချက်ကြောင့်ပဲ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ ပိုဖြစ်လာစေတယ်လို့ ဆိုကြပါတယ်။

    စိတ်ကျန်းမာရေး ပညာရှင်တွေကတော့ ဒီကိစ္စဟာ အလွန်ကြီးမားတဲ့ ပြဿနာတစ်ရပ်လို့ ဆိုလာပြီး ဒီအသက်အရွယ်အပိုင်းအခြား လူငယ်တွေရဲ့ အထီးကျန်ဝေဒနာဟာ စိတ်ဝေဒနာတွေ စွဲကပ်ဖို့လမ်းစဖြစ်တာမို့ အနာဂတ်ကာလ လူ့အဖွဲ့အစည်းအထိပါ ထိခိုက်နိုင်တယ်လို့လည်း သတိပေးထားကြပါတယ်။

    ဘာကြောင့်လူငယ်တွေ ပိုထိခိုက်တာလဲ

    အဓိကအားဖြင့် ၁၈-၂၄ ကြား လူငယ်တွေကို ထိခိုက်စေရတဲ့ အကြောင်းအရင်းကတော့ ဒီအသက်အပိုင်းအခြား လူငယ်တွေဟာ များသောအားဖြင့် အိမ်ထောင်မကျကြသေးတဲ့ အသက်အရွယ်ဖြစ်ပြီးတော့ မှီခိုတွယ်တာစရာ သားသမီး၊ အိမ်ထောင်ဖက် သံယောဇဉ်မရှိတာကြောင့်လို့ဆိုပါတယ်။ တဖက်မှာလည်း မိဘအရိပ်ကနေ ကလေးဘဝကထက် ပိုပြီး ကင်းလွတ်ကာစအရွယ်ဖြစ်နေပြန်ပါတယ်။

    ဒါကြောင့် ဒီအသက်အရွယ် အပိုင်းအခြားတွေရဲ့ အဓိက စိတ်မှီခိုရာဟာ မိတ်ဆွေသူငယ်ချင်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ချစ်သူရည်းစားတွေဖြစ်နေတတ်တာများပါတယ်။ ကိုဗစ်ကာလမှာ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တစ်ခုအနေနဲ့ နေအိမ်ကနေ အပြင်ထွက်ခွင့် ကန့်သတ်ပိတ်ပင်မှုတွေ ရှိလာခဲ့တာမို့ ဒီလို Stay at Home ဒါမှမဟုတ် Lock Down လုပ်ဆောင်ချက်တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ အတက်ကြွဆုံး အခိုက်အတန့်ကို ဖြတ်သန်းနေကြတဲ့လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဖိသိပ်ပိတ်ဆို့လိုက်သလိုဖြစ်သွားခဲ့တာပါ။

    လူငယ်တွေဟာ ပေါင်းသင်းဆက်ဆံရေးကို အွန်လိုင်းအခြေပြု လုပ်ဆောင်ချက်တွေဆီကို ရွှေ့ခဲ့ကြတာ ကြာပြီဆိုပေမယ့် ဒါဟာလုံလောက်မှုမရှိဘူးဆိုတာကို ကိုဗစ်ကာလမှာ ပိုပြီး သိနားလည်လာကြတာပါ။ ဒါကြောင့် အပြင်မထွက်ရချိန်တွေမှာ အပြင်မှာလုပ်ဆောင်ရမယ့် Activities တွေကို ပိုမို တောင့်တလာကြပြီး မလုပ်ရလေ ပိုပြီး စိတ်ဖိစီးလေဖြစ်လာတော့တာပါပဲ။

    ကိုဗစ်ကပ်ဘေးကြောင့် အပြင်သွားလာလို့မရတာ၊ သူငယ်ချင်းအပေါင်းအသင်း ချစ်သူရည်စားတွေနဲ့ တွေ့ဆုံခွင့်မရတာ၊ အပန်းဖြေစရာနည်းလမ်းတွေ နည်းပါးလာတာနဲ့ မိသားစုနဲ့ အချိန်ပြည့်အတူရှိနေချိန်မှာ အဆင်မပြေမှု များလာတာတွေ ပိုဖြစ်လာပြီး အထီးကျန်မှုဝေဒနာကို ပိုပို ခံစားလာရတာလို့ဆိုပါတယ်။

    အထီးကျန်မှုတွန်းပို့နေတဲ့ ခြောက်ကမ်းပါး

    အထီးကျန်လွန်းလာတဲ့အခါ လူငယ်တွေရဲ့ တွေးတောပုံ စဉ်းစားပုံတွေ ပြောင်းလဲလာပါတယ်။ စိတ်ဓာတ်ကျလာမယ်၊ အလိုမကျတာတွေများလာမယ်၊ ကိုယ်ဘာမှမလုပ်နိုင်တာကို အထပ်ထပ်တွေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊  စိတ်ခံစားချက်တွေ သိသိသာသာ လွန်ကဲလာမယ်။ ဒါမျိုးတွေပေါ့။

    ရင့်ကျက်နေသူတွေနဲ့ လူငယ်တွေအကြား တွေးခေါ်ပုံချင်းမတူညီတာမို့ ဒီလောက်လေးနဲ့ စိတ်ပျော့ညံ့လှချေလားလို့တော့ မပြစ်မတင်စေချင်ပါဘူး။ လူငယ်တွေအနေနဲ့ လုံလောက်တဲ့ ရင့်ကျက်မှုမျိုးကို မပိုင်ဆိုင်သေးတာမို့ သူတို့ စိတ်ခံစားချက်အတိုင်းအတာအတိုင်း ခံစားမိကြတာဖြစ်ပါတယ်။

    အထီးကျန်ဆန်လွန်းတာကြောင့်ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ကိုယ့်ကိုယ်ကို သတ်သေလိုတဲ့ အတွေးတွေကို ပိုတိုးပွားစေတယ်လို့လည်း လေ့လာချက်တွေကဆိုထားပါတယ်။ ဒီလေ့လာချက်က Active Minds Survey ကနေ တက္ကသိုလ်ကျောင်းသား ထောင်နဲ့ချီကို အခြေပြုပြီး လေ့လာထားတာပါ။

    အထီးကျန်မှုဟာ တိုးညင်းတဲ့ တီးတိုးစကားလိုမျိုး မသိမသာနဲ့တွယ်ငြိလာမှာဖြစ်ပေမယ့် တကယ်ခံစားရချိန်မှာတော့ ကပ်ဘေးထက်ပိုကြောက်ဖို့ကောင်းတဲ့ ကပ်ဆိုးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိမိချစ်ခင်နှစ်သက်သူတွေမှာ အထီးကျန်မှုဝေဒနာ ခံစားနေရလားဆိုတာကို လူတိုင်း သတိထားနေသင့်ပါတယ်။

    ကိုယ်တိုင်ရော ကိုယ်ချစ်ခင်နှစ်သက်သူတွေရောဟာ ဒီကိုဗစ်ကပ်ဘေးကြီးအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို သိသိသာသာရော မသိမသာပါ ကြုံဆုံနေရတာပါ။ ဒီအခြေအနေကြီးကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် အပြန်အလှန်ဖေးမပြီး ရိုင်းပင်းကူညီချင်းအားဖြင့် ကျော်ဖြတ်နိုင်ပါတယ်။

    ကိုယ့်ဘေးနားမှာ အထီးကျန်နေတဲ့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက်ရှိနေတယ်ဆိုရင် နှစ်သိမ့်ပေးလိုက်ပါ။ သူတို့ဟာ သူတို့အသက်အရွယ်နဲ့ မမျှတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ရင်ဆိုင်နေရတာကြောင့်ဖြစ်ပါတယ်။ ဒီလိုကူညီဖေးမလိုက်တာဟာ သူ့ရဲ့အသက်ကို ကယ်တင်လိုက်တာလည်းဖြစ်နိုင်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement