backup og meta

ကလေးငယ်တွေ ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြသလဲ


Ye Zon Aung မှ ရေးသားသည်။ · 10/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်တွေ ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြသလဲ

    ကလေးငယ်လေးတွေဟာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရနိုင်တယ်ဆိုတာကို သင်သိပြီးပါပြီလား။ တကယ်လို့ သိထားတယ်ဆိုရင် ဂရုစိုက်ဖို့ လိုမယ်ဆိုတာကိုလည်း သိနားလည်လာမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ကိစ္စအကြောင်းပြောဆို ဆွေးနွေးကြတဲ့အခါ ကလေးငယ်တွေအကြောင်း ထည့်သွင်းမစဉ်းစားမိတတ်ကြပါဘူး။

    ကလေးတွေဟာလည်း စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာခံစားရနိုင်တဲ့ လူသားတွေပဲဖြစ်ပါတယ်။ သူတို့တွေလည်း ပတ်ဝန်းကျင်နဲ့ တခြားသော ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ကြရသလို အရမ်းဆိုးရွားပြင်းထန်လာချိန်မျိုးမှာ ဘဝကို လက်လျှော့အရှုံးပေးလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကလေး သတ်သေမှု (child suicide) လို့ ဆိုကြပါတယ်။ လေ့လာချက်တွေအရ ဒီကနေ့ခေတ် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား လူငယ်တွေအကြားမှာ သတ်သေမှုတွေ ရှိနေပါတယ်။

    မတူညီတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် ကလေးငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေနိုင်ပါတယ်။ မိဘ၊ ဆရာသမားနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအနေနဲ့ အောက်ပါအခြေအနေတွေကို သတိထားဖို့ လိုအပ်ပါတယ်။

    • သတ်သေဖို့ ကြံစည်ဖူးခြင်း

    ဒီကိစ္စဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေအမြင့်ဆုံး ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေထက် လူငယ်ပိုင်းတွေမှာပိုဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စဖြစ်ပါတယ်။ တစ်ကြိမ် ကြံစည်ဖူးသူဟာ နောက်ထပ် တစ်ကြိမ် ထပ်မံကြံစည်ဖို့ ဖြစ်နိုင်ချေ အလွန်မြင့်မားတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

    မိသားစုဝင်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးကို ကြုံဆုံခဲ့ရတဲ့ ကလေးငယ်တွေဟာလည်း သတ်သေနိုင်ချေများပါတယ်။ လေ့လာချက်တွေအရ မိသားစုဝင်တစ်ဦး အဆုံးစီရင်မှု ဖြစ်ပွားခဲ့ဖူးတဲ့ မိသားစုတွေထဲက ကလေးငယ်တွေဟာ တခြားကလေးငယ်တွေထက် ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေ သိသိသာသာပိုမြင့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိသားစုအိမ်တွင်းရေး အခြေအနေ၊ အိမ်တွင်းအကြမ်းဖက်မှု၊ မိသားစုဝင်တွေအကြား နွေးထွေးတဲ့ ဆက်ဆံရေးမရှိမှု၊ မိဘတွေ ကိုယ်တိုင် စိတ်ဝေဒနာခံစားနေရမှု၊ အိမ်ခြေမဲ့ဖြစ်နေမှု၊ ချစ်ခင်နှစ်သက်ရတဲ့ မိသားစုဝင် တစ်ဦးဦး ဆုံးရှုံးထားရမှုတွေကြောင့်လည်း ကလေးငယ်တွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးဖြစ်နိုင်ပါတယ်။

    လိင်ခံယူချက်ကြောင့်လည်း ကလေးတွေ ငယ်ရွယ်စဉ်မှာ သတ်သေလောက်တဲ့ စိတ်ဖိစီးမှု ခံစားကြရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် LGBTQ အဖြစ် လိင်ခံယူချက် ကွဲပြားနေမှုကို မိသားစု၊ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက ငြင်းဆန်တာမျိုး၊ နှိပ်ကွပ်တာမျိုး၊ ခွဲခြားဆက်ဆံတာမျိုးတွေ ပြုလုပ်ခြင်းခံရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းလမ်းကို ရွေးချယ်ဖို့ စဉ်းစားကြလေ့ရှိပါတယ်။

    ကလေးငယ်တွေလည်း စိတ်ဖိစီးနိုင်ပါတယ်။ ဒါကို မိဘအတော်များများ သိရှိကြခြင်းမရှိပါဘူး။ ကလေးဘဝကဟာ အပူအပင်ကင်းတယ်၊ အေးချမ်းမှုရှိတယ်လို့ ဆိုကြပေမယ့် သူတို့မှာလည်း သူတို့စိတ်အခြေအနေအတွက် ဖိအားဖြစ်စေမယ့် အခြေအနေတွေ အများအပြားကြုံရလေ့ရှိပါတယ်။ ကလေးငယ်တွေ စိတ်ဖိစီးမှုများနေမယ်ဆိုရင် ဝမ်းနည်းကြေကွဲလွယ်တာ၊ မျှော်လင့်ချက် ကင်းမဲ့နေတာ၊ ပျင်းရိတာ၊ စိတ်ထိခိုက်လွယ်တာ၊ ပူပင်စိတ်များတာနဲ့ စိတ်ကြီးတာ စတဲ့ လက္ခဏာတွေ မကြာခဏပြသလေ့ရှိတယ်လို့ဆိုပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ ရင်တွင်း ခံစားချက်တွေကို ပြည့်ပြည့်ဝဝထုတ်ဖော် ရှင်းပြနိုင်စွမ်းနည်းပါးတာမို့ ဒီလိုလက္ခဏာတွေကို လေ့လာပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ American Academy of Pediatrics (AAP) ရဲ့ သုတေသနတွေအရ အသက် ၁၂ နှစ်အောင် ကလေးငယ် ၅ ဦးမှာ ၁ ဦးဟာ စိတ်ဖိစီးမှုဒါဏ် ခံစားနေရတယ်လို့ သိထားရပါတယ်။

    တချို့ကလေးငယ်တွေဟာ ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတချို့ ကပ်ငြိနေတတ်တာမျိုးဖြစ်နိုင်ပါတယ်။ သူတို့လေးတွေဟာလည်း မှန်ကန်စွာ ပြုစုပေးနိုင်ခြင်းမရှိရင် အဆုံးစီရင်နိုင်တဲ့ အန္တရာယ်ရှိတတ်ပါတယ်။ သူတို့လေးတွေအနေနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားချက်ကို မိသားစုဝင်တွေ ပြည့်ပြည့်ဝဝ နားလည်အောင် မရှင်းပြနိုင်တဲ့အခါမျိုးမှာ သူတို့ရဲ့ စိတ်ခံစားချက်ကို မိသားစုနဲ့ ပတ်ဝန်းကျင်ကလူတွေ နားလည်လာစေချင်တဲ့စိတ်နဲ့ အဆုံးစီရင်တာမျိုး ပြုလုပ်တတ်ကြတယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

    အလွန်ငယ်ရွယ်တဲ့ကလေးငယ်တွေမှာ ဒီပြဿနာမရှိနိုင်ပေမယ့် ၁၆ နှစ်အထက် လူငယ်တချို့မှာတော့ ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်က သတ်သေမှုတွေရဲ့ ၃ ပုံ ၁ ပုံဟာ အရက်နဲ့ ဆက်နွယ်မှုရှိပါတယ်။ လူငယ်ဘဝ မူးယစ်ဆေးအလွန်အမင်း သုံးစွဲမှုကလည်း အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

    • အမူအကျင့်ဆိုင်ရာ ပြဿနာ

    ဒေါသကြီးတာ၊ အနိုင်ကျင့်တတ်တာ၊ အနိုင်ကျင့်ခံရတာ၊ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံရတာ၊ ခွဲခြားဆက်ဆံခံရတာ၊ သီးသန့် ခွဲခြားခံရတာတွေလိုမျိုး အမူအကျင့်ဆိုင်ရာ ကိစ္စရပ်တွေကလည်း လူငယ်တွေနဲ့ ကလေးငယ်တွေကို လမ်းမှားရောက်အောင် တွန်းအားပေးနိုင်ပါတယ်။

    • အနိုင်ကျင့်ခြင်း၊ အွန်လိုင်း အနိုင်ကျင့်ခြင်း

    အနိုင်ကျင့်သူပဲဖြစ်ဖြစ်၊ အနိုင်ကျင့်ခံရသူပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ပြဿနာကြုံရတာခြင်း တူညီပါတယ်။ ဒီကနေ့ခေတ်မှာတော့ Cyber-bullying နဲ့ Online Abuse ပြဿနာမျိုးတွေပါ ရှိလာနေပါတယ်။ Cyber-bullying လုပ်တဲ့သူတွေဟာ ကလေးငယ်တွေကို အဓိကပစ်မှတ်ထားကြလေ့ရှိတာမို့ မိဘတွေအနေနဲ့ သတိထားသင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ Cyber-bullied အလုပ်ခံရတဲ့ ကလေးငယ်တွေဟာ တခြားပြဿနာကြုံရသူတွေထက် ကိုယ့်ကိုယ်ကို သတ်သေဖို့ တွေးတော့မှု ၃ ဆ ပိုမြင့်ပါတယ်။

    အထက်ပါအချက်တွေဟာ ကလေးငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေလာအောင် တွန်းအားပေးနေတဲ့ အဓိက အချက်တွေဖြစ်ပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ပြုစုစောင့်ရှောက်ရာမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်ဖို့နဲ့ ကလေးငယ်တွေရဲ့ အပြုအမူတွေနဲ့ အလေ့အကျင့်တွေကို သတိထားစောင့်ကြည့်ဖို့ကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 10/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement