ဆီးချိုရှိတယ် ကိုယ်ဝန်ဆောင်လို့ ဖြစ်ပါ့မလား!
ကျန်းမာတဲ့ စုံတွဲအတွက် ကလေးယူတယ်ဆိုတာက သိပ်ပြီး စဉ်းစားရမယ့် အကြောင်း မရှိပေမယ့် ကျန်းမာရေးပြဿနာအခံ ရှိတဲ့ စုံတွဲတွေမှာတော့ ကလေးယူဖို့ဆိုရင် စဉ်းစားရတဲ့ အချက်တွေက အများကြီးပါ။
အထူးသဖြင့်ကတော့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားမယ့် မေမေ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေရင် ပိုပြီး စဉ်းစားရပါတယ်။ ကလေးကိုရော ကျန်းမာရေးပြဿနာက ကူးစက်မလား .... ကလေးက ကျန်းမာပါ့မလားဆိုပြီးတော့ပေါ့။
ဒီတစ်ခေါက်တော့ ဆီးချိုရှိနေတဲ့ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု ဖြစ်တဲ့ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးကို ပြောပြပေးချင်ပါတယ်။
ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား! ဆိုတော့ ရပါတယ်။ ဒါပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိတာပေါ့။ မေမေက အမျိုးအစား -၁ ဆီးချိုရောဂါ ရှိလို့ပဲ ဖြစ်စေ၊ အမျိုးအစား -၂ ဆီးချိုရောဂါ ရှိလို့ပဲဖြစ်စေ ဆီးချိုရောဂါ ရှိနေမယ်။ ဒါပေမယ့် ကလေးယူဖို့လည်း အစီအစဉ် ရှိတယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန်ယူကြဖို့ စီစဉ်သင့်ပါတယ်။ ကလေးယူတော့မယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကလေးမယူခင်မှာ မေမေ့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။
နောက်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေချာလေး ခံယူဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးရော မွေးဖွားပြီးချိန်မှာပါ မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။ ဒီအချက်လေးတွေကို လိုက်နာပေးဖို့လည်း မမေ့ပါနဲ့နော်။
- ကလေးမယူသေးဘူးဆိုရင် သားဆက်ခြားနည်းကို သေချာလေး လိုက်နာဖို့ လိုပါမယ်
- ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သိရှိထားဖို့ လိုပါမယ်။ ဒါမှ အန္တရာယ်တွေကို လျှော့ချနိုင်မှာပါ
- အမြဲတမ်း ဆရာဝန်နဲ့ ဆွေးနွေးပါ
- သွေးချိုကို ပုံမှန် ထိန်းပါ
- သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေက ကလေးကို ထိခိုက်စေနိုင်လားဆိုတာကို ဆန်းစစ်ပါ
- နေ့စဉ် ဖောလစ်အက်ဆစ် သောက်ပေးပါ
- မျက်လုံး နဲ့ ကျောက်ကပ် ပုံမှန် စစ်ဆေးပါ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ရွေးချယ်ပါ (ဥပမာ - အာဟာရပြည့်ဝမျှတအောင် စားပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ)
ဒါလေးတွေလည်း သတိထားပေးပါ။ ဆီးချိုရှိတဲ့ မေမေအနေနဲ့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ သွေးချိုကို သေချာထိန်းဖို့ လိုပါမယ်။ တကယ်လို့ သွေးချိုကို သေချာ မထိန်းသိမ်းမိဘူးဆိုရင်တော့
- ကိုယ်ဝန်ဆိပ်တက်တာ - သွေးတိုးတာက အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေလို့ပါ။
- အင်ဆူလင်တုံ့ပြန်မှု မရှိတာ
- ကိုယ်ဝန်ပျက်ကျတာ
- ကလေးက ပုံမှန်ထက် ထွားတာကြောင့် မွေးဖွားရခက်တာ
- မွေးရာပါ ချို့ယွင်းချက်ရှိတာ - ကလေးရဲ့ နှလုံး၊ ဦးနှောက်၊ ကျောရိုး၊ ကျောက်ကပ်တွေနဲ့
- အစာခြေစနစ်၊ ခြေလက် နဲ့ ပါးစပ်တွေမှာ မွေးရာပါချို့ယွင်းချက် ပါလာတာမျိုးတွေ ရှိနိုင်တာကြောင့် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။
ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ပုံမှန် သွေးချိုတိုင်းတာတာတွေ လုပ်ဆောင်ပြီး ကိုယ်တိုင် ကျန်းမာရေးကိုရော ဗိုက်ထဲက ရင်သွေးလေး ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ လိုပါမယ်။