ကိုယ်ဝန် ဆောင် စား သင့် သော အသီး
ကိုယ်ဝန်ဆောင်ချိန်မှာ ဟိုအသီးစားလို့ ရလား၊ ဒီအသီးစားလို့ ရလားဆိုပြီး တစ်ခုချင်းစီ လာမေးကြတယ်ပေါ့နော်။ ဒါကို ခြုံပြီး ဖြေရရင် ကိုယ်ဝန်ဆောင်ချိန်မှာ အသီးတွေ စားလို့ရပါတယ်။ စားလည်း စားသင့်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အသီးတွေ စားတာက
−ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ရစေပါတယ်။
−အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရမယ့် အသီးဆိုတာ မရှိသလောက်ပါပဲ။ သင့်တင့်တဲ့ ပမာဏသာ စားမယ်ဆိုရင် အန္တရာယ်ကင်းပါတယ်။
ကိုယ်ဝန်ဆောင်တွေက တစ်ရက်ကို
−စိတ်ပြီးသား အသီး တရုတ်ပန်းကန်လုံးနဲ့ ၁−၂လုံး ဒါမှမဟုတ်
−တင်းနစ်အရွယ်ဆို ၂လုံးလောက် စားလို့ ရပါတယ်။
ဒါပေမယ့် အကြံပေးရရင် အသီးတစ်မျိုးတည်းကို တစ်ပန်းကန်လောက် စားတာထက် အရောင်စုံတဲ့ အသီးတွေကို မျှပြီး စားပေးတာက ပိုကောင်းပါတယ်။
ရှောင်သင့်တဲ့ အသီးရယ်လို့ မရှိပေမယ့် ချိုလွန်းတဲ့ အသီးတွေ၊ သစ်သီးခြောက်တွေ၊ ဖျော်ရည်တွေ၊ ယိုထိုးထားတာတွေကိုတော့ ရှောင်သင့်ပါတယ်။ သကြားဓာတ်ပါဝင်မှု များလို့ပါ။
နောက်ပြီး သစ်သီးတွေစားတဲ့အခါ လတ်ဆတ်တဲ့ အသီးတွေကို သန့်သန့်ရှင်းရှင်း စားဖို့လည်း လိုပါတယ်။