backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရက် နဲ့ ကင်ဆာ ဆက်နွှယ်နေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရက် နဲ့ ကင်ဆာ ဆက်နွှယ်နေသလား

အရက် ကြောင့် အသည်း ခြောက်လိမ့်မယ်၊ အသည်းကင်ဆာ ဖြစ်လိမ့်မယ် ဆိုတာတော့ သိထားကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်တွေ သတိမထားမိတဲ့ တခြားကင်ဆာအမျိုးအစားတွေကရော အရက်နဲ့ ဆက်နွှယ်နေမှာကို မစိုးရိမ်မိကြဘူးလား။

ဘီယာဆိုင်၊ စားသောက်ဆိုင်၊ ဘားထိုင်တာတွေမှာ တွေ့ဆုံပွဲတွေလုပ်ကြတာအပြင် အခုဆို အကင်ဆိုင်၊ ဟော့ပေါ့ဆိုင်တွေမှာပါ အယ်လ်ကိုဟောက အမြဲလိုလို ပါနေတတ်ကြပြီလေ။ လူငယ်၊ လူလတ်တို့အတွက် ခေတ်ရေစီးကြောင်းအရကို အချိုရည်တစ်ခွက်လို ပေါ့ပေါ့ပါးပါးသောက်လို့ရတဲ့ အစဉ်အလာ ဖြစ်လာခဲ့ပြီပဲ။

ဒါပေမယ့် အရက်ရဲ့ ကြောက်စရာ ဆိုးကျိုး တွေရယ်၊ ပမာဏ နည်းနည်းလေးပဲ သောက်သုံးမိရင်တောင် အဆိပ်အတောက် ဖြစ်စေနိုင်တာရယ်၊ နောက်ဆုံး ကင်ဆာရောဂါတွေ အထိပါ ဖြစ်လာနိုင်တယ်ဆိုတာကို သိထားဖို့တော့ သင့်ပါတယ်။

အရက်ကြောင့် ဖြစ်စေနိုင်တဲ့ ကင်ဆာ (၆) မျိုး

အယ်လ်ကိုဟော ခေါ် အရက်တွေကြောင့် –

(၁) ခံတွင်းကင်ဆာ

(၂) အသံအိုးကင်ဆာ

(၃) အစာရေမျိုကင်ဆာ

(၄) အူမကြီးကင်ဆာ

(၅) အသည်းကင်ဆာ

(၆) ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အလားအလာ ပိုများပါတယ်။

ဝီစကီ ဘာညာ ဖြစ်နေမှ အရက်မဟုတ်ပါဘူးနော်။ ဝိုင်ဖြူ၊ ဝိုင်နီ၊ ကော့တေး၊ ဗော့ကာ၊ ဘီယာ စတဲ့ အယ်လ်ကိုဟော ပါတဲ့ သောက်စရာမှန်သမျှ ကင်ဆာနဲ့ ဆက်နွှယ်နေပါတယ်။ ချက်ချင်းတော့မဖြစ်ပေမယ့် သောက်တာ များလေ၊ ကင်ဆာအန္တရာယ် တိုးလေ ဖြစ်မှာပါ။

ဘာကြောင့် ကင်ဆာ ဖြစ်စေနိုင်တာလဲ

Acetaldehyde ဟာ အရက်သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်း ဇီဝဓာတ်ပြုမှုကနေ ထွက်ပေါ်လာတဲ့ ဓာတ်ပစ္စည်း ဖြစ်ပါတယ်။Acetaldehyde ဟာ အရက်ကိုယ်တိုင်ထက် ပိုပြီး အဆိပ်အတောက်ဖြစ်စေရုံသာမက ခန္ဓာကိုယ်က မျိုးဗီဇဆဲလ်တွေနဲ့ ပရိုတင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါ။

အရက်ဟာ အောက်ဆီဂျင်နဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူးတွေကို ဓာတ်တိုးမှုတွေ ဖြစ်စေနိုင်တယ်။ နောက်ဆုံးရလဒ်ကတော့ ဒီအင်န်အေကို ပျက်စီးစေပြီး ပရိုတင်းနဲ့ ခန္ဓာကိုယ်တွင်းက အဆီတွေကို ထိခိုက်ပျက်စီးစေပါတယ်။

အရက်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုမျိုး ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကို ချေဖျက်တဲ့ လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေပါသေးတယ်။ အမျိုးသမီးတွေမှာတော့ အရက်က အီစထရိုဂျင်တွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

အရက် နဲ့ ဆေးလိပ် ပေါင်းစပ်လိုက်တဲ့အခါ

အရက် နဲ့ ဆေးရွက်ကြီး နှစ်ခုစလုံး နဲ့ ထိတွေ့ရတဲ့ ခံတွင်းနဲ့ လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေတွေကို တိုးစေပါတယ်။ အရက်ရော ဆေးလိပ်ပါ သောက်သုံးသူတွေမှာ ခံတွင်းနဲ့ လည်ချောင်းကင်ဆာတွေ ခံစားရနိုင်ပါတယ်။ အရက်နဲ့ ဆေးရွက်ကြီး ပေါင်းစပ်ထိတွေ့မိတဲ့ အနေအထားက ထင်ထားတာထက် ပိုပြီး သေစေနိုင်ပါတယ်။ အရက်နဲ့ ဆေးလိပ်ကို အများအပြား သောက်သုံးတာက ကင်ဆာရောဂါ ခံစားရနိုင်ခြေကို သိသိသာသာ တိုးစေနိုင်ပါတယ်။

ဝိုင်နီက ကင်ဆာ ကာကွယ်တယ်ဆို

ဝိုင်နီမှာ ကင်ဆာ တိုက်ဖျက်နိုင်တဲ့ အရာဝတ္ထုတွေ ပါဝင်နိုင်တယ်လို့ တိရစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေက ဖော်ပြခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လေ့လာစမ်းသပ်မှုတွေ လုပ်ဆောင်ပြီးတဲ့ အချိန်မှာတော့ လူတွေမှာတော့ ဝိုင်နီကနေရတဲ့ ကင်ဆာတိုက်ဖျက်နိုင်စွမ်းက အစွမ်းမပြပါဘူး။

ဝိုင်အနီ နဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေတို့ ကြားက ဆက်စပ်မှုကို လေ့လာမယ်ဆိုရင် နောက်ထပ် သုတေသန တွေ ထပ်လုပ်ဆောင်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘယ်အရက်အမျိုးအစားကိုမဆို အကန့်အသတ်နဲ့ သောက်သုံးကြဖို့ အကြံပြုချင်ပါတယ်။

တစ်နေ့ကို အရက် ကို တစ်ခွက်၊ နှစ်ခွက်လောက် သောက်သုံးပေးတာက ကျန်းမာရေးကို ချက်ချင်းတော့ ဆိုးဆိုးဝါးဝါး မထိခိုက်စေပါဘူး။ တကယ်လို့ သင်ဟာအသက်မပြည့်သေးတဲ့သူ၊ ကိုယ်ဝန်ဆောင်မိခင်၊ ဒါမှမဟုတ် အရက်သောက်ရင် ကျန်းမာရေးအန္တရာယ် ရှိလာနိုင်တဲ့ ရောဂါအခံတစ်ခုခု (ဥပမာ- အသည်းရောဂါ) ခံစားရနေတဲ့သူမျိုး ဆိုရင်တော့ အရက်နဲ့ အရက်ပါတဲ့ အဖျော်ယမကာတွေကို မသောက်သုံးခင် အသေအချာ ပြန်စဉ်းစားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement