backup og meta

အသောက်ဝါသနာ ကြောင့် ချို့ယွင်းလာမယ့် ကျန်းမာရေး


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသောက်ဝါသနာ ကြောင့် ချို့ယွင်းလာမယ့် ကျန်းမာရေး

    “ အရက် ကို ကြိုက်လို့သောက်တဲ့သူ၊ စိတ်ပျော်တတ်လို့ သောက်တဲ့သူ၊ သောက်ပစ်လိုက်မယ် အရက်များများ” တဲ့။

    အမယ် သီချင်းကတော့ အဟုတ်ပဲနော်။ အရင်ခေတ်က ဇာတ်ကားတွေထဲ ဆိုတတ်ကြတဲ့ သီချင်းစာသားဟောင်းလေးပါ။ ပုလင်းလေးကိုင်ပြီး ရမ်းခါ လမ်းလျှောက်ကြတဲ့ အာလေးလျှာလေးသံတွေ ခေတ်ကနေ ခုတော့ ဘီယာဆိုင်တွေ၊ ဘားတွေ မှာ စမတ်ကျကျ မူးတတ်နေကြပြီကော။

    အဖော်ကောင်းလို့ သောက်တာပါ

    ဘော်ဒါတွေ ဆုံလို့၊ သူတို့အတင်းခေါ်လို့၊ ပျော်ပွဲခံဖို့၊ စိတ်ပင်ပန်းလို့ စတဲ့ အကြောင်းကြောင်းတွေ ကြောင့် စုပြီး သောက်ကြ၊ ပျော်ရွှင်ကြတဲ့ အပန်းဖြေနည်းလမ်းတစ်ခု ဖြစ်လာတာလေ။ ဒါပေမယ့် တစ်ခါတလေ stress ဖြေရာကနေ အမြဲလိုလို ပုံမှန်သောက်ဖြစ်လာတဲ့အခါ လူ့ခန္ဓာကိုယ်က ဒီတိုင်း ကျန်နေမယ် ထင်နေပါသလား…

    ရေရှည်ဖြစ်ဖြစ်၊ ရေတိုဖြစ်ဖြစ် အရက်၊ ဘီယာတွေကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို သတိပေးလိုက်ပါရစေ –

    ဘာတွေ ချို့ယွင်း လာမလဲ

    (၁) အသည်း ထိခိုက်ခြင်း

    အရက်ကို တာရှည်သောက်သုံးတဲ့အခါ အသည်းက ထိခိုက်လာပြီး နာတာရှည် အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာ၊ အသည်းမှာ အနာဖြစ်တာ တွေက အရက်ရဲ့နောက်ဆက်တွဲ ဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ ကတော့ အသည်းကင်ဆာ ကို ခံစားရတာပါပဲ။

    (၂) အစာခြေစနစ် ထိခိုက်ခြင်း

    အရက်၊ ဘီယာတွေ အပါအဝင် အယ်လ်ကိုဟော က အစာခြေစနစ် ရဲ့ အတွင်းနံရံတွေကို ပျက်စီးစေနိုင်သလို အစာခြေအက်ဆစ် ထွက်ရှိမှုကို များစေနိုင်ပါ တယ်။ ဒီလိုကနေ တဆင့် အစာအိမ်မှာ အနာ ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက အစာခြေစနစ် ရဲ့  အာဟာရဖြိုခွဲမှု၊ စုပ်ယူမှု၊ ပို့ဆောင်မှု၊ သိမ်းဆည်းမှုတွေကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာ အာဟာရချို့တဲ့မှု ကို ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သွေးတွင်းသကြားဓာတ်ထိန်းညှိမှုကို ထိခိုက်စေနိုင်ပါသေးတယ်။

    (၃) ပန်ကရိယ ထိခိုက်ခြင်း

    အယ်လ်ကိုဟောက ပန်ကရိယကို ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့အရာတေါ ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလိုကနေတဆင့် ပန်ကရိယရောင်ရမ်းတာမျိုးဖြစ်ပြီး အစာခြေတဲ့လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်ပါတယ်။

    (၄) အာရုံကြောစနစ် ထိခိုက်ခြင်း

    အရက်ကိုရေရှည်စွဲသောက်တာက သီရာမင်းလို့ ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့စေပြီး အာရုံရှုပ်ထွေးတာ၊ သိမြင်မှုစွမ်းရည် ထိခိုက်တာ၊ သင်ယူမှုအားနည်းလာတာ၊ မှတ်ဉာဏ်စွမ်းရည်ထိခိုက်တာတွေဖြစ်လာစေပြီး အာရုံကြောစနစ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါတယ်။ ရေတိုမှာတော့ အိပ်စက်မှုပုံစံပြောင်းလဲတာ၊ စိတ်ခံစားမှုတွေပြောင်းလဲတာ၊ စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ အာရုံစိုက်နိုင်စွမ်းကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အယ်လ်ကိုဟောက ဦးနှောက်ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

    (၅) နှလုံး ထိခိုက်ခြင်း

    အရက်သောက်တာက နှလုံးကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အယ်လ်ကိုဟောအလွန်အကျွံသောက်သုံးမှုက သွေးတိုးစေနိုင်သလို နှလုံးခုန်မမှန်တာ၊ နှလုံးသွေးပို့မှုကိုထိခိုက်တာ၊ သွေးခဲတာ၊လေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်တာမျိုး တွေဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး အယ်လ်ကိုဟောသောက်သုံးမှုက ရေရှည်မျာ သွေးအားနည်းရောဂါကိုဖြစ်စေနိုင် ပါတယ်။

    (၆) မျိုးပွားစနစ် ထိခိုက်ခြင်း

    အယ်လ်ကိုဟောသောက်သုံးမှုက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ မျိုးပွားမှုစနစ်ကျန်းမာရေး ကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် လိင်တံထောက်မတ်နိုင်စွမ်းကျဆင်းတာ၊ မိန်းကလေးတွေမှာဆိုရင် ရာသီသွေးမမှန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အရက်ကို ရေရှည် စွဲသောက်မယ်ဆိုရင်တော့ မျိုးအောင်နိုင်စွမ်းကျဆင်း စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်မယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာ။ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာမျိုးတွေဖြစ်စေနိုင်သလို အရက်ကြောင့် သန္ဓေသားပုံစံမမှန်တာမျိုး တွေဖြစ်နိုင်ပါတယ်။

    (၇) အရိုးကျန်းမာရေး ထိခိုက်ခြင်း

    အရက် သောက်သုံးမှုက ကိုယ်တွင်းမှာ ကယ်လ်ဆီယမ်မမျှတမှုကို ဖြစ်စေနိုင်ပါတယ်။ ရေရှည်မှာ ခန္ဓာကိုယ် အတွက်နဲ့ အရိုးကျန်းမာဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်း ကျသွားစေပါတယ်။

    အရက်အလွန်အကျွံသောက်သုံးမှုက ကိုယ်တွင်းက ဗီတာမင် D ပမာဏကို ထိခိုက်စေနိုင်ပြီး ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကို ကျဆင်းစေမှုကနေတဆင့် အရိုးပွတာ၊ အရိုးပါးတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement