backup og meta

Parkinson's Disease (ပါကင်ဆန်ရောဂါ)


Phyo Wai Yan မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Parkinson's Disease (ပါကင်ဆန်ရောဂါ)

    ပါကင်ဆန်ရောဂါ ဆိုသည်မှာ dopamine (ဒိုပါမင်း)ဟုခေါ်သည့် ဦးနှောက်တွင်းရှိ ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးသည့် ဆဲလ်များ ထိခိုက်မှုခံရတဲ့ အာရုံကြောရောဂါတစ်မျိုးဖြစ်ပါတယ်။ Dopamine နည်းလာသည်နှင့်အမျှ လူတစ်ယောက်ရဲ့လှုပ်ရှားမှုများ၊ ကိုယ်ခန္ဓာဟန်ချက်ညီအောင် ထိန်းချုပ်ရခြင်းတို့တွင် အားနည်းပျက်စီးလာပါတယ်။

    ပါကင်ဆန်ရောဂါ က ဘယ်လောက်အဖြစ်များသလဲ

    အသက်၆၀ အထက် လူကြီးများဟာ ရောဂါဖြစ်နိုင်ချေပိုများပါတယ် ။ သို့သော် လူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ယောက်ျားလေးများဟာ မိန်းကလေးများထက်ပိုပြီး အဖြစ်များပါတယ်။

    ပါကင်ဆန်ရောဂါ ရဲ့လက္ခဏာတွေကဘာတွေလဲ

    ရောဂါလက္ခဏာများဟာ တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်ပါဘူး။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့..

    • သင့်ရဲ့လက်များနဲ့လက်ချောင်းများဟာ ဘာမှမလုပ်ဘဲ တုန်နေခြင်း
    • လမ်းလျှောက်တဲ့အခါ ခြေလှမ်းများစိပ်နေခြင်း၊ လျှပ်တိုက်လျှောက်ရခြင်း၊ အထိုင်အထခက်ခဲနေခြင်း
    • ခန္ဓာကိုယ်ရှိ ကြွက်သားများတောင့်တင်းနေ၍ လှုပ်ရှားရန်ခက်ခြင်း ၊ နာကျင်နေခြင်း
    • ခန္ဓာကိုယ်ပုံစံအနေအထားမမှန်ခြင်း
    • မျက်တောင်ခတ်ခြင်း ၊ ပြုံးခြင်း၊ လမ်းလျှောက်ရာတွင် လက်လွှဲခြင်းတို့တွင် အခက်အခဲရှိခြင်း
    • စကားမပြောခင် တုံ့ဆိုင်းနေတတ်ခြင်း ၊ စကားပြောသည့်အခါ အသံနေအထားတစ်ပုံစံတည်းဖြစ်နေခြင်း
    • စာရေးရာတွင်အခက်အခဲရှိခြင်း

    ပါကင်ဆန်ရောဂါကို ဘာတွေကဖြစ်စေသလဲ

    ပါကင်ဆန်ရောဂါ ဖြစ်စေတဲ့အကြောင်းအရာကိုမသိရှိရသေးပါဘူး။ လေ့လာစမ်းသပ်မှုများလုပ်နေကြတုန်းပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့..

    • မျိုးရိုးဗီဇ – လေ့လာနေသူများကတော့ မျိုးရိုးဗီဇပြောင်းလဲမှုများဟာ ပါကင်ဆန်ရောဂါကိုဖြစ်စေလို့ ဆိုပါတယ်။ ပါကင်ဆန်ရောဂါဖြစ်ဖို့ အလားအလာများစေတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုများစွာရှိပါတယ်။
    • အဆိပ်တွေနဲ့ အခြားပတ်ဝန်းကျင် အခြေအနေများစွာကလည်း ရောဂါဖြစ်နိုင်ချေကို များစေပါတယ်။ ဖြစ်တဲ့နှုန်းကတော့ နည်းပါတယ်။
    • ဦးနှောက်ဆဲလ်များထဲတွင် ရောဂါဖြစ်စေတဲ့lewy bodiesနဲ့ A- synuclein ဆိုသောအရာများ ရှိနေခြင်း၊

    ပါကင်ဆန်ရောဂါဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    •  အသက်အရွယ်။  လူငယ်တွေကတော့ ရောဂါဖြစ်နိုင်ချေနည်းပါတယ်။ သက်အလတ်ပိုင်း သို့ အသက်ကြီးပိုင်းမှစပြီး ရောဂါဖြစ်နိုင်ချေများလာပါတယ်။ အသက်၆၀ သို့ ၆၀နှင့်အထက်လူကြီးများတွင် ရောဂါစပြီး ဖြစ်ပွားလာတတ်ကြပါတယ်။
    • မျိုးရိုးဗီဇ။ ပါကင်ဆန်ရောဂါ မျိုးရိုးရှိနေရင် တခြားသူတွေထက် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။
    • အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရောဂါဖြစ်နိုင်ချေပိုများပါတယ်။
    • ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေးများနဲ့ ထိတွေ့မိခြင်းကလည်း ရောဂါဖြစ်နိုင်ချေကို ပိုပြီးများစေပါတယ်။

    ပါကင်ဆန်ရောဂါကို ဘယ်လိုအတည်ပြုပါသလဲ

    ရောဂါကိုရှာဖွေစမ်းသပ်ဖို့ အသေးစိတ်စမ်းသပ်မှုတွေမရှိပါဘူး။ သင့်ရဲ့ကျန်းမာရေးမှတ်တမ်း၊ ရောဂါလက္ခဏာများ အပေါ်မှာမူတည်ပြီး ဆရာဝန်ဟာ အာရုံကြောနဲ့အစိတ်အပိုင်းတွေကိုစမ်းသပ်ပါလိမ့်မယ်။

    သင့်ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့အခြေအနေတွေကိုသိရဖို့ သွေးစစ်ခြင်းကဲ့သို့ စမ်းသပ်မှုတွေကိုလည်း လုပ်ပါလိမ့်မယ်။ သံလိုက်ဓာတ်မှန် ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း၊ SPETC နှင့် PET scan ရိုက်ခြင်းတို့ကို အခြားရောဂါများကို ရှာဖွေနိုင်ရန်အတွက် အသုံးပြုပါလိမ့်မည်။

    ဆရာဝန်ဟာ သင့်ကို ပါကင်ဆန်ရောဂါကုသရာတွင်သုံးသည့် carbidopa – levodopa ဆေးကိုပေးပါလိမ့်မယ်။ တစ်ရက် နှစ်ရက်စာ ပေးခြင်းဟာ မသက်သာစေတဲ့အတွက် ဆေးရဲ့အာနိသင်ရဖို့ ဆေးပမာဏလုံလုံလောက်လောက်ပေးပါလိမ့်မယ်။ ဒီဆေးသောက်သုံး၍ သက်သာလာခြင်းဟာလည်း ပါကင်ဆန်ရောဂါဟု အတည်ပြုရာတွင် အသုံးဝင်ပါတယ်။

    တစ်ခါတရံမှာ ပါကင်ဆန်ရောဂါကို ရှာဖွေစမ်းသပ်ခြင်းသည် အချိန်ကြာမြင့်တတ်ပါတယ်၊ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်များနဲ့ မှန်မှန်တွေ့စေပြီး သင့်အခြေအနေနဲ့ ရောဂါလက္ခဏာများကို ရှာဖွေပြီး ပါကင်ဆန်ရောဂါဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြပါတယ် ။

    ပါကင်ဆန်ရောဂါ ကို ဘယ်လိုကုသပါသလဲ

    ပါကင်ဆန်ရောဂါကို အပြီးပျောက်အောင် ကုသ၍မရနိုင်ပါဘူး။ သို့သော်လည်း ဆေးဝါးများဟာတော့ သင့်ရဲ့ရောဂါလက္ခဏာများကိုသက်သာစေပါတယ်။

    ဆေးဝါးကုသမှုတွေဟာ သင့်ရဲ့လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းနဲ့ ခြေ၊ လက်များတုန်ခြင်း စတဲ့ပြဿနာတွေကို သက်သာစေပါလိမ့်မယ်။ ဒီလိုကုသမှုတွေဟာ dopamine ကိုများလာစေပါတယ်။ ကုသမှုခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ရောဂါလက္ခဏာတွေဟာ သိသိသာသာ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

    ဆေးဝါးကုသမှုတွေကတော့..

    Carbidopa-levodopa

    levodopa ဆေးဟာ ပါကင်ဆန်ရောဂါကိုကုသရာတွင်အထိရောက်ဆုံးဆေးဖြစ်ပါတယ်။ သူဟာ ဦးနှောက်ကိုဖြတ်ပြီး dopamine အဖြစ်သို့ပြောင်းနိုင်တဲ့သဘာဝ ဓာတုပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ levodopa ကို carbidopa နှင့်တွဲပေးရခြင်းဟာ carbidopa ဟာ levodopa ဦးနှောက်ဆီသို့မရောက်မီ dopamine အဖြစ်သို့ပြောင်းခြင်းမှ ကာကွယ်ပေးပြီး ပျို့အန်ခြင်းကဲ့သို့သောဆိုးကျိုးများကိုပါကာကွယ်ပေးပါတယ်။ အချိန်တွေကြာလာရင်တော့ ဆေးရဲ့အာနိသင် မတိုးတာမျိုး ဖြစ်သွားတတ်ပါတယ်။ ဆေးလွန်သွားရင်လည်း လှုပ်ရှားမှုတွေမညီမညွတ်ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ ဆရာဝန်ဟာ ဆေးပမာဏကိုလျှော့ချခြင်းဖြစ်စေ၊ ဆေးသောက်ချိန်များကို ညှိ၍ဖြစ်စေ ပြုလုပ်ပါလိမ့်မယ်။

     Carbidopa-levodopa သွင်းဆေး

    ဒါဟာ carbidopa နှင့် levodopa ပေါင်းစပ်ပြုလုပ်ထားပြီး အစာအိမ်နှင့် ဆက်သွယ်ထားသောပြွန်မှထည့်သွင်းရပါတယ်။ ဒီလိုထည့်သွင်းခြင်းဟာ အူသိမ်ဆီသို့ဆေးကို gel ပုံစံဖြင့်ရောက်ရှိစေပါတယ် ။

    Dopamine agonist

    levodopaနှင့် carbidopa ကဲ့သို့ dopamineအဖြစ်သို့ မပြောင်းသော်လည်း dopamine ရဲ့အာနိသင်များကို လုပ်ဆောင်နိုင်ပါတယ်။ levodopa ကဲ့သို့ အာနိသင်မကောင်းလှသော်လည်းဆေးရဲ့ကြာမြင့်ချိန်ကို ပိုမိုကြာစေပြီး levodopa ပေးလိုက်၊ ရပ်လိုက်နဲ့ အာနိသင်ကို ချောမွေ့ကောင်းမွန်စေပါတယ်။

    MAO-B inhibitors

    dopamine ကိုချေဖျက်တဲ့အင်ဇိုင်း monoamine oxidase ကိုပိတ်ခြင်းဖြင့် dopamine များကိုများစေပါတယ်။ carbidopa ၊ levodopa ဆေးများနှင့်တွဲပေးတဲ့အခါ ထင်ယောင်ထင်မှားဖြစ်မှုကို ပိုဆိုးစေပါတယ်။ ဒီလိုဆေးတွေက ရှားပါးပေမယ့် ပြင်းထန်တဲ့ဓာတ်ပြုမှုတွေ ဖြစ်နိုင်တာကြောင့် စိတ်ကျဆေးတွေနဲ့ တွဲမပေးပါဘူး။ MAO b inhibitor ဆေးသုံးစွဲနေစဉ်အခြားဆေးများသုံးစွဲမည်ဆိုပါကဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။

     COMT inhibitor

    dopamine ကိုဖျက်စီးတဲ့အင်ဇိုင်းကိုပိတ်ခြင်းဖြင့် levodopa ရဲ့အာနိသင်ကိုကြာမြင့်စေပါတယ်။

    Anticholenergic

    ပါကင်ဆန်ရောဂါတွင် လက်များခြေများတုန်ခြင်းကိုသက်သာစေရန်အသုံးပြုကြပါတယ်။ anticholenergic ဆေးများစွာရှိပြီး benztropine သို့ trihexyphenidyl ဆေးများပါဝင်ပါတယ် ။

     Amantadine

    ပါကင်ဆန်ရောဂါဖြစ်တာ မကြာသေးသူများတွင်levodopa carbidopa ကြောင့်ဖြစ်သော အလိုအလျောက်လှုပ်ရှားသည့် ရောဂါလက္ခဏာများ ခဏတာသက်သာစေရန် amantadine ဆေးတစ်မျိုးတည်းပေးပါတယ် ။

    မတည်ငြိမ်တဲ့တုံ့ပြန်မှုတွေရနေတဲ့၊ ပိုဆိုးတဲ့ ပါကင်ဆန်ရောဂါသည်များအတွက် ဦးနှောက်ကို ခွဲစိတ်ရန်လိုအပ်ပါတယ်။ ဒီနည်းလမ်းဟာ ရောဂါလက္ခဏာတွေကို သက်သာစေသော်လည်း ပါကင်ဆန်ရောဂါဆက်လက်မဖြစ်ပွားအောင်တော့မတားဆီးနိုင်ပါဘူး ။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ

    • ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ ။ အချို့အစားအစာတွေဟာရောဂါလက္ခဏာများကို သက်သာစေပါတယ် ။ ဥပမာအားဖြင့် အမျှင်ဓာတ်များစွာပါဝင်တဲ့ အစားအစာတွေနဲ့ ရေအလုံအလောက်သောက်သုံးခြင်းဟာ ပါကင်ဆန်ရောဂါမှာ အဖြစ်များတဲ့ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ Omega 3 ဟုခေါ်သည့်အဆီဓာတ်ကလည်း ပါကင်ဆန်ရောဂါရှိသူတွေအတွက် အကျိုးပြုပါတယ်။
    • လေ့ကျင့်ခန်းများလုပ်ခြင်းဟာလည်း ကြွက်သားများကို သန်မာ ပျော့ပျောင်းစေ၍ ဟန်ချက်ညီစေပါတယ်။ ပါကင်ဆန်ရောဂါဟာ ကြွက်သားများကိုဟန်ချက်မညီစေ၍ လမ်းလျှောက်ရာတွင်ခက်ခဲစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့စိတ်ကိုလည်း စိုးရိမ်မှုများ ၊ စိတ်ဓာတ်ကျမှုများမှ ကင်းဝေးစေပါတယ်။
    • မတော်တဆချော်လဲခြင်းမှ ကာကွယ်နိုင်ရန် သင့်ခန္ဓာကိုယ်ကို ခြေထောက်နှစ်ဖက်ပေါ်တွင် ညီညီမျှမျှရပ်ရပါမယ်။ လမ်းလျှောက်နေစဉ် ပစ္စည်းများသယ်ခြင်း၊ နောက်ပြန်လမ်းလျှောက်ခြင်းတို့ကို မပြုလုပ်ရပါဘူး။
    • နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အဝတ်အစားဝတ်ခြင်း၊ အစာစားခြင်း ၊ ရေချိုးခြင်းနဲ့ စာရေးခြင်းတွေဟာ ရောဂါရှိသူများအတွက်ခက်ခဲနေနိုင်ပါတယ်။ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင်တော့ တိုးတက်လာနိုင်ပါတယ်။ အိမ်သားများကလည်း စိတ်ရှည်ဖို့ လိုပါတယ်။

    Takeaways

    ပါကင်ဆန်ရောဂါ သည် အသက်ကြီးသူများတွင် အဖြစ်များသည့် နာတာရှည် ရောဂါဖြစ်ပါတယ်။ ကုသလို့ မပျောက်ပေမယ့် လက္ခဏာတွေ သက်သာအောင် ထိန်းထားလို့ရပါတယ်။ စိတ်ဓာတ်မကျဖို့နဲ့ အိမ်သားတွေရဲ့ ဖေးမမှုက အရေးပါပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement