backup og meta

ပါကင်ဆန်ရောဂါ (Parkinson's disease)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါကင်ဆန်ရောဂါ (Parkinson's disease)

    ပါကင်ဆန်ရောဂါ ဆိုတာ လှုပ်ရှားမှုကိုထိခိုက်တဲ့ အာရုံကြောရောဂါပါ။ စစချင်းမှာတော့ လက်တုန်တာလောက်ပဲ လက္ခဏာပြပါတယ်။ ဒီရောဂါရဲ့ တွေ့ရများတဲ့ လက္ခဏာကတော့ လက်တုန်တာပါ။ ဒါပေမယ့် နောက်ပိုင်းကျရင် တောင့်တင်းတာ၊ လှုပ်ရှားမှုနှေးကွေးတာ စတာတွေပါဖြစ်လာနိုင်ပါတယ်။ ရောဂါအစပိုင်းမှာတော့ မျက်နှာက ခံစားမှုမရှိသလိုမျိုး ဖြစ်နေပါမယ်။ လမ်းလျှောက်ရင်လည်း လက်လွှဲလို့မရပါဘူး။ စကားတွေလည်း ဝဲလာပါတယ်။ အချိန်ကြာလာလေလေ လက္ခဏာတွေက ပိုဆိုးလာလေပါပဲ။ ပါကင်ဆန်ရောဂါ က အပြီးပျောက်အောင် ကုသလို့မရပါဘူး။ ဒါဟာနာတာရှည်ရောဂါပါ။ လက္ခဏာသက်သာအောင်တော့ ဆေးတွေပေးလို့ရပါတယ်။

    ပါကင်ဆန်ရောဂါ ဘာကြောင့်ဖြစ်တာ

    ပါကင်ဆန်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ မျိုးရိုးဗီဇရော၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လို့ ယူဆကြပါတယ်။ တချို့ကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ ပြောနေကြပါတယ်။

    ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကောင်းကောင်းလှုပ်ရှားဖို့အတွက် ဦးနှောက်ထဲက ဒိုပါမင်း (Dopamine)လိုအပ်ပါတယ်။ ဒါက ဦးနှောက်ထဲက substantia nigraလို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ ပါကင်ဆန်ရောဂါမှာ အဲ့ဒီနေရာမှာရှိတဲ့ ဆဲလ်တွေသေဆုံးသွားတဲ့အတွက် ဒိုပါမင်းတွေ နည်းသွားပါတယ်။ ဒိုပါမင်းက ၆၀ကနေ ၈၀ရာခိုင်နှုန်းထိ ကျသွားတဲ့အခါ ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတွေ စပြလာပါတယ်။

    ဘယ်သူတွေပိုဖြစ်နိုင်လဲ။

    • အမျိုးသားတွေက အမျိုးသမီးတွေထက် တစ်ဆခွဲပိုဖြစ်နိုင်ပါတယ်။
    • အနောက်ပိုင်းသားတွေက အရှေ့တိုင်းသားတွေထက် ပိုဖြစ်ပါတယ်။
    • အသက် ၅၀နဲ့ ၆၀ကြားမှာ ပိုဖြစ်တတ်ပါတယ်။ အသက်၄၀မတိုင်ခင်ဖြစ်တာက ၅ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းထိရှိပါတယ်။
    • မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူတွေရှိရင် ပိုဖြစ်နိုင်ပါတယ်။
    • တချို့သော ဓာတ်ပ္စည်းတွေနဲ့ ထိတွေ့မှုများရင်လည်း ဖြစ်နိုင်ပါတယ်။
    • ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတဲ့သူတွေကလည်း ပါကင်ဆန်ရောဂါပိုဖြစ်နိုင်ပါတယ်။

    ပါကင်ဆန်ရောဂါ ရဲ့လက္ခဏာတွေကဘာလဲ။

    ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်တူချင်မှတူမှာပါ။ ရောဂါနုသေးရင် ဘာလက္ခဏာမှမပြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ စစချင်းတစ်ဖက်တည်းမှာ စဖြစ်ပြီးတော့ တဖြည်းဖြည်းပိုဆိုးလာပါတယ်။ နောက်ပိုင်းကျရင်တော့ နှစ်ဖက်လုံးဖြစ်လာမှာပါ။ အတွေ့များတဲ့ လက္ခဏာတွေကတော့

    • တုန်ခြင်း- တုန်တာက လက် ဒါမှမဟုတ် လက်ချောင်းတွေမှာ စဖြစ်ပါတယ်။ တစ်ဖက်တည်းမှာ စဖြစ်ပါတယ်။ လက်မနဲ့ လက်ညိုးက ရှေ့တိုးနောက်ဆုတ်ပွတ်နေပြီး အလွယ်ပြောရရင် ပုတီးစိပ်တာနဲ့ တူပါတယ်။ ဘာမှမလုပ်လည်းအချိန်မှာလည်း တုန်နေပါတယ်။
    • လှုပ်ရှားမှုနှေးကွေးခြင်း- အချိန်ကြာလာပြီဆိုရင်တော့ လှုပ်ရှားမှုတွေပါနှေးကွေးလာပြီး သာမန်အလုပ်လေးလုပ်တာတောင် အချိန်ကြာတတ်ပါတယ်။ လမ်းလျှောက်ရင်လည်း ခြေလှမ်းစိပ်ပြီး ရှပ်တိုက်လျှောက်ပါတယ်။ အထိုင်အထခက်ပါတယ်။
    • ကြွက်သားတွေတောင့်တင့်ခြင်း- ကြွက်သားတောင့်တင်းတာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ ကြွက်သားတောင့်တင်းတာကြောင့် နာကျင်ပြီး လှုပ်ရှားရမကောင်းပါဘူး။
    • ခန္ဓာကိုယ်ကို မျှခြေမထိန်းနိုင်ခြင်း- ပုံစံက ခပ်ကုန်းကုန်းဖြစ်နေပြီး ခန္ဓာကိုယ်မျှခြေကို မထိန်းနိုင်တာကလည်း သူ့ရဲ့လက္ခဏာတစ်ခုပါပဲ။
    • ပုံမှန်အလုပ်တွေမလုပ်နိုင်ခြင်း- စိတ်နဲ့ ထိန်းပြီးလုပ်စရာမလိုတဲ့ မျက်တောင်ခတ်တာ၊ ပြုံးတာ၊ လက်လွှဲလမ်းလျှောက်တာ စတာတွေကို မလုပ်နိုင်ပါဘူး။
    • စကားပြောထိခိုက်ခြင်း- စကားမပြောခင် အားယူရတာ၊ စကားဝါးတာ၊ အသံအနိမ့်အမြင့်မရှိဘဲ တစ်လေသံတည်း စကားပြောတာတွေ ဖြစ်တတ်ပါတယ်။
    • စာအရေးအသားထိခိုက်ခြင်း- စာရေးရခက်ပြီး လက်ရေးကလည်း သေးလာပါတယ်။

    နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

    ပါကင်ဆန်ရောဂါရှင်တွေမှာ တခြာပြသနာတွေလည်းရှိပါတယ်။ ကံကောင်းတာက ဒါတွေက ကုသလို့ရတာပါပဲ။

    • မှတ်ဥာဏ်ထိခိုက်တာ- ပါကင်ဆန်ရောဂါရင့်လာတာနဲ့အမျှ လူနာက သတိမကောင်းတာ၊ တွေးခေါ်နိုင်စွမ်းမရှိတာတွေဖြစ်လာပါတယ်။
    • စိတ်ကျတာ၊ တခြားစိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ- တစ်ခါတစ်လေ ရောဂါအစပိုင်းလောက်မှာတင် စိတ်ကျလက္ခဏာတွေ ပြတတ်ပါတယ်။ ဒါပြင့် ကြောက်လန့်တာ၊ စိတ်ရှုပ်ထွေးတာလည်း ဖြစ်တတ်ပါတယ်။
    • အစာမျိုရခက်တာ- ရောဂါရင့်လာလေလေ အစာမျိုရခက်တဲ့ပြဿနာတွေပါ ဖြစ်လာပါတယ်။ ဒါ့ပြင် တံတွေးမျိုရပါ ခက်လာတဲ့အတွက် သားရည်ကျတာပါ ဖြစ်လာပါတယ်။
    • အစာဝါးရခက်တာ- ရောဂါရင့်လာတာနဲ့အမျှ ပါးစပ်ထဲက ကြွက်သားတွေပါ ထိခိုက်လာတဲ့အတွက် အစာဝါးရခက်လာပါတယ်။ ဒါကြောင့် အစာသီးတာ၊ အာဟာရပြတ်တာတွေ ဖြစ်လာပါတယ်။
    • အိပ်ရခက်တာ- ပါကင်ဆန်ရောဂါရှိတဲ့သူတွေက ညဘက်တွေခဏခဏနိုးတာ၊ မနက်အစောကြီးနိုးနေတာ ဒါမှမဟုတ် မနက်ပိုင်းတွေမှာ အိပ်ပျော်နေတာ စတဲ့ ပြဿနာတွေ ရှိပါတယ်။
    • ဆီးပြဿနာရှိတာ- ပါကင်ဆန်ဝေဒနာရှင်တွေမှာ ဆီးမထိန်းနိုင်တာ၊ ဆီးသွားရခက်တာ စတဲ့ ပြဿနာတွေရှိပါတယ်။
    • ဝမ်းချုပ်တာ- အူလမ်းကြောင်းအလုပ်လုပ်တာနှေးတဲ့အတွက် ဝမ်းချုပ်တာလည်း ဖြစ်တတ်ပါတယ်။

    ဒါ့ပြင်

    • သွေးပေါင်အပြောင်းအလဲဖြစ်တာ- မတ်တပ်ရပ်လိုက်ရင် သွေးပေါင်ရုတ်တရက်ကျသွားတဲ့အတွက် မိုက်ခနဲဖြစ်တာ၊ ခေါင်းမူးတာ ဖြစ်တတ်ပါတယ်။
    • အနံ့မရတာ- အနံ့မရတာ၊ ဘာနံ့လဲဆိုတာ မခွဲနိုင်တာတွေဖြစ်လာပါတယ်။
    • နုံးတာ- ဘာကြောင့်လည်းမသိပေမယ့် ပါကင်ဆန်ရောဂါရှိတဲ့သူတွေက အားမရှိသလို၊ နုံးသလိုဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ ညနေပိုင်းတွေမှာပါ။
    • နာကျင်တာ- တစ်နေရာထဲကွက်ပြီးတော့ဖြစ်ဖြစ်၊ တစ်ကိုယ်လုံးဖြစ်ဖြစ်နာတတ်ပါတယ်။
    • လိင်စိတ်မရှိခြင်း- လိင်စိတ်ကျတာ၊ မစွမ်းဆောင်နိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။

    ပါကင်ဆန်ရောဂါသက်သက်ကတော့ မသေနိုင်ပါဘူး။ သူ့ရဲ့ နောက်ဆက်တွဲရောဂါတွေကြောင့်တာ အသက်တိုရတာပါ။ ဥပမာပြောရရင် ချော်လဲတာ၊ အစာသီးပြီး အဆုတ်ပြည်တည်တာ စတာတွေဖြစ်ပြီး သေတတ်ပါတယ်။ ဒါကြောင့် ပါကင်ဆန်ရောဂါက ကုလို့မပျောက်တာမှန်ပေမယ့် နောက်ဆက်တွဲတွေမဖြစ်အောင် တတ်နိုင်သမျှကာကွယ်ရမှာပါ။ ဖြစ်လာရင်လည်း ကုသရမှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement