home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သံဓါတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓါတ်များရင်ရော ကောင်းလား။ ။

သံဓါတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓါတ်များရင်ရော ကောင်းလား။ ။

သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ အကြောင်းတွေ ကြားဖူးကြမှာပါ။ ဒီလို သံဓါတ်အားနည်းတာ မကောင်းဘူးဆိုတဲ့ အကြောင်းလည်း အားလုံး သိပြီးဖြစ်မှာပါ။ နည်းတာ မကောင်းဘူးဆိုတော့ များနေရင် ကောင်းတာပေါ့ ဆိုတဲ့ အဓိပ္ပါယ်လား။ ဒီလိုလည်း မဟုတ်ပါဘူး။ သွေးတွင်းမှာ သံဓါတ်အားနည်းလည်း မကောင်းသလို သံဓါတ်အားများသွားရင် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ သံဓါတ်အားနည်းတဲ့ အကြောင်းတွေ တော်တော်များများသိ ပြီးကြပြီဆိုတော့ ဒီဆောင်းပါးထဲမှာ သံဓါတ်များတဲ့ ရောဂါအကြောင်း ပြောပြပေးမှာပါ။

သံဓါတ်ဆိုတာဘာလဲ။ ။

သံဓါတ်ဆိုတာ ေသွးနီဥ haemoglobin ထဲမှာရှိတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ဆောင်တဲ့နေရာမှာ တာဝန်ယူရတဲ့ ဓါတ်တစ်မျိုးပါ။ သံဓါတ်ကို များသောအားဖြင့် စားတဲ့အစားသောက်တွေရနေရရှိပါတယ်။ သံဓါတ်မှာ

  • Heme Iron – အသားတွေကနေရတဲ့ သံဓါတ်အမျိုးအစားနဲ့
  • Non-heme Iron- အပင် နဲ့ အသားတွေကနေရတဲ့ သံဓါတ်အမျိုးအစားဆိုပြီး ၂ မျိုးရှိပါတယ်။

Heme Iron ကိုတော့ ကိုယ်ခန္ဓါက စုပ်ယူလို့ လွယ်ကူပြီး Non-heme Ironကိုတော့ ဗီတာမင် C တို့နဲ့တွဲသောက်မှသာ ကိုယ်ခန္ဓါက စုပ်ယူအားကောင်းပါလိမ့်မယ်။

သံဓါတ်အကြောင်းရှင်းပြပြီးပြီဆိုတော့ သံဓါတ်များတဲ့အကြောင်းလေး စလိုက်ရအောင် ။ ။

သံဓါတ်များခြင်း ( Haemochromorosis)

Haemochromorosis ဆိုတာ သွေးတွင်းမှာသံဓါတ် များနေတဲ့ ရောဂါကို ဆေးပညာအရခေါ်တဲ့ နာမည်တစ်ခုပါ။ ဒီလို သွေးတွင်းသံဓါတ်များခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများစွာရှိပြီး သူ့ကြော့င့်ဖြစ်ရတဲ့ ပြဿနာတွေလည်းရှိပါတယ်။ ဒီထဲမှာ ဘယ်သူတွေက ဒီလို သံဓါတ်များတဲ့ ပြဿနာ အများဆုံးဖြစ်သလဲဆိုတာကို စကြည့်လိုက်ရအောင်။ ။

  • မျိုးရိုးဗီဇ – သံဓါတ်များတဲ့ ပြဿနာဟာ မျိုးရိုးဗီဇတစ်မျိုးဖြစ်တဲ့ HFE gene ယိုယွင်းသွားတာကြောင့် ဖြစ်တတ်ပြီး ဒီလို မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့သံဓါတ်များတဲ့ ပြဿနာဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မိသားစုမျိုးရိုးထဲ တစ်ယောက်လောက်ရှိတယ်ဆိုတာနဲ့တင် သူနဲ့ ဆက်နွယ်နေတဲ့ သူတွေဆီကို လက်ဆင့်ကမ်း အမွေပေးလို့ရတဲ့ ပြဿနာတစ်ခုပါ။
  • လူမျိုး – အာရှသားတွေထက်စာရင် အနောက်ဥရောပ နိုင်ငံသားတွေက ပိုဖြစ်လေ့ရှိပါတယိ။
  • ကျား/မ – အမျိုးသားတွေက အမျိုးသမီးတွေထက် သံဓါတ်များတဲ့ ပြဿာနာပိုဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက တစ်လတစ်ခါ ရာသီသွေးပေါ်တာကြောင့် ရာသီသွေးနဲ့အတူ သံဓါတ်တွေလည်း ပါသွားတဲ့အတွက် သူတို့မှာ သံဓါတ်အားနည်းတဲ့ ရောဂါ ပိုအဖြစ်များပါတယ်။
  • အသက်အရွယ် – အသက် ၄၀ ကနေ ၆၀ အမျိုးသားတွေ မှာ ဒီ ပြဿနာကို တွေ့ရတတ်ပြီး အမျိုးသမီးတွေမှာတော့ သွေးဆုံးပြီးနောက်ပိုင်းမှသာ တွေ့ရတတ်ပါတယ်။
  • သိုင်းရွိုက်ဂလင်း ရောင်ခြင်း – တစ်ချို့လေ့လာချက်တွေအရတော့ ဒီလို သွေးတွင်းသံဓါတ်များတဲ့ ပြဿနာ ခုခံအားနဲ့ ဆက်စပ်တဲ့ သိုင်းရွိုက်ဂလင်းရောင်တဲ့ ရောဂါနဲ့ ဆက်စပ်နေတတ်ပါတယ်။

ဘယ်လို အကြောင်းအရာတွေကြောင့် သံဓါတ်များတဲ့ ပြဿာနာဖြစ်ရတာလဲ ။ ။

သံဓါတ်များတာကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကို

Primary hemochromatosis – မျိုရိုးဗီဇ ချို့ယွင်းမှုကြောင့် သံဓါတ်များရခြင်း နဲ့

Secondary hemochromatosis – ကျန်းမာရေး ပြဿနာ အခြေအနေတစ်ခုခုကြောင့် သံဓါတ်များရခြင်းဆိုပြီး ၂ ပိုင်းခွဲလိုက်ပါမယ်။ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့

  • Thalassemia လို့ခေါ်တဲ့ သွေးရောဂါ
  • အသည်းရောဂါ – အသည်းရောင်အသားဝါ စီပိုးကြောင့် အသည်းရောင်တာ၊ အရက်ကြောင့်အသည်းရောင်တာနဲ့ အသည်းအဆီဖုံးတာ
  • သွေးအားနည်းလို့ ေသွးခဏခဏသွင်းရတဲ့အခါ
  • သံဓါတ်အားဖြည့်ဆေးတွေနဲ့ သံဓါတ်များတဲ့ အစားအစာတွေ အများကြီးနေ့တိုင်းစားမိနေတဲ့အခါ နဲ့
  • ကျောက်ကပ်ရောဂါတို့ဟာ သွေးတွင်းသံဓါတ်များစေတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်ပါတယ်။

သံဓါတ်များခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

သွေးတွင်းသံဓါတ်များခြင်းရဲ့လက္ခဏာတွေက အစပိုင်းမှာတော့ မသိသာတတ်ပါဘူး။ နောက်ပိုင်း ပိုပိုဆိုးလာတဲ့အခါမှသာ ခုပြောပြမယ့် လက္ခဏာတွေခံစားရမှာပါ။ သူတို့တွေကတော့

  • ဗိုက်အောင့်မယ်၊
  • သွေးတွင်းသကြားဓါတ်ပမာဏများလာ ပြီး သိုင်းရွိုက်ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်နေမယ်။
  • အသားအရောင်ကလည်း သံရောင်လိုလို ကြေးညိုရောင်ပြောင်းသွားတတ်ပြီး လူကလည်း ပင်ပန်းပြီး နုန်းနေမယ်၊
  • အားမရှိသလိုဖြစ်ပြီး ကိုယ်အလေးချိန်လည်း ကျလာပါလိမ့်မယ်။
  • လိင်ကိစ္စ စိတ်ဝင်စားမှု နည်းနေကာ အမျိုးသမီးတွေမှာဆို ရာသီသွေးထိန်သွားပြီး အမျိုးသားတွေမှာ ဝှေးစေ့တစ်လုံး သေးသွားတာမျိုးတွေ ရှိတတ်ပါတယ်။

သေချာမကုသမိလို့ ၊ မသိလိုက်မိလို့ သွေးတွင်း သံဓါတ်များနေပြီး နောက်ပိုင်း အချိန်ကြာလာတဲ့အခါမှာ

  • အဆစ်အမြစ်ရောင်တာ
  • အသည်းခြောက်တာ ၊ အသည်းကြီးလာတာ
  • ဆီးချို နှလုံးနဲ့ မုန့်ချိုအိတ်ရောင်တဲ့ နောက်ဆက်တွဲပြဿနာတွေပါ ဆက်ဖြစ်နိုင်ပါသေးတယ်။

သံဓါတ်များခြင်းပြဿနာကို ဘယ်လိုကုသပါသလဲ ။

သံဓါတ်နည်းနေရင် သံဓါတ်ဖြည့်အားဆေးတွေ သောက်ရတယ်ဆိုတော့ သံဓါတ်များတဲ့ အခါကျတော့ရော သံဓါတ်လျှော့ဆေးဆိုပြီး ရှိလား။

  • များနေတဲ့ သံဓါတ်ကို ကိုယ်ခန္ဓါထဲကထုတ်ဖို့အကောင်းဆုံး ကုသနည်းကတော့ သွေးဖောက်ထုတ်တာဖြစ်ပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်ချင်ရင်တော့ သွေးလှူေပါ့။ သွေးပမာဏ ဘယ်လောက်ကို ဖောက်ထုတ်ရမလဲဆိုတာကတော့ လူနာရဲ့အသက်၊ ကျန်းမာရေးအခြေအနေနဲ့ သွေးတွင်းသံဓါတ်ပမာဏ ဘယ်လောက်များတဲ့ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သွေးဖောက်ထုတ်ပြီးနောက်ပိုင်း သံဓါတ်ပြန်များလာခဲ့ရင် ဒီလို သွေးဖောက်တဲ့ကုသမှုကို ခဏခဏ ခံယူနေရမှာဖြစ်ပါတယ်။
  • နောက်တစ်ခုကကျတော့ ဆေးသောက်လို့ရပါတယ်။ သံဓါတ်လျှော့ဆေးလို့ဆိုရမှာပဲ။ ဘာလို့လဲဆိုတော့ ကိုယ်ခန္ဓါက အဲဒီသောက်လိုက်တဲ့ဆေးတွေကို ပြန်စွန့်ထုတ်တဲ့အချိန်မှာ ဆေးတွေက သံဓါတ်ကို တစ်ပါတည်းခေါ်သွားတာကြောင့် သူတို့ကို သံဓါတ်လျှော့ဆေးလို့ ခေါ်ကြတာပါ။
  • နောက်တစ်ချက်ကတော့ သံဓါတ်များတဲ့ အစားအစာတွေဖြစ်တဲ့ အနီရောင်ရှိတဲ့ အသားတွေ သံဓါတ်ဖြည့်အားဆေးတွေနဲ့ သံဓါတ်စုပ်ယူခြင်းကို အားပေးတဲ့ဗီတာမင် C ဆေးပြားတွေကို ရှောင်ဖို့ပဲဖြစ်ပါတယ်။ သကြားကလည်း သံဓါတ်စုပ်ယူခြင်းကို အားပေးတာကြောင့် သကြားလျှော့စားသင့်ပြီး အသည်းကိုထိခိုက်စေတဲ့ အရက်ကိုလည်း သံဓါတ်များနေတဲ့သူတွေ လျှော့သောက်သင့်ပါတယ်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

.”

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 28/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။