backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 17/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်း သိကောင်းစရာ

    သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်စီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ သွေးနီဥတွေ နည်းသွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနိုင်ခြေပိုများပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဘာလို့ရတာလဲ

    အောက်စီဂျင်ကို သယ်ဆောင်ဖို့ သွေးနီဥတွေမှာ ဟေမိုဂလိုဘင် လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးလိုအပ်ပြီး ဒီပရိုတင်းထုတ်လုပ်ဖို့ သံဓာတ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကလေးအတွက်ပါ သွေးထုတ်လုပ်ပေးနေရတဲ့အတွက် မူလလိုအပ်သော သံဓာတ်ထက် ပမာဏပိုလိုအပ်တယ်။ သံဓာတ်အလုံအလောက်မရှိပါက သင့်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။

    ကလေးကို ထိခိုက်နိုင်လား

    ပြင်းထန်တဲ့ သွေးအားနည်းရောဂါကြောင့် နေ့မစေ့လမစေ့ မီးဖွားခြင်း၊ ပေါင်မပြည့်ခြင်းနဲ့ မီးဖွားပြီး စိတ်ကျဝေဒနာခံစားရခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တချို့သော လေ့လာမှုတွေမှာ သန္ဓေသားသေဆုံးနိုင်ခြေနဲ့ပါ ဆက်စပ်နေတတ်တယ်လို့ ဖော်ပြကြတယ် (မမွေးခင် သို့မဟုတ် မွေးပြီးပြီးချင်း သေဆုံးခြင်း)။

    ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရနိုင်ခြေရှိမရှိဘယ်လိုသိမလဲ

    တကယ်လို့

    • ကိုယ်ဝန်ဆောင်ခြင်း တစ်ကြိမ်နဲ့ တစ်ကြိမ် အချိန်နီးကပ်နေမယ်ဆိုရင်
    • ကိုယ်ဝန်ဆောင်မှု များတယ်ဆိုရင်
    • အမြွာကိုယ်ဝန်ဆောင်ရင်
    • ပြင်းထန်တဲ့ ပျို့အန်မှုရှိတယ်ဆိုရင်
    • ကိုယ်ဝန်မဆောင်ခင်က ဓမ္မတာသွေးဆင်းများတတ်တယ်ဆိုရင်
    • သွေးအားနည်းရောဂါရှိဖူးတယ်ဆိုရင်

    ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေများပါတယ်။

    ရောဂါရှိမရှိ ဘယ်လိုသိနိုင်မလဲ

    တွေ့ရများသော လက္ခဏာတွေကတော့ :

  • မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
  • အသားအရေ ဖြူဖျော့ခြင်း
  • နှလုံးခုန်နှုန်း ပြောင်းလဲခြင်း
  • အသက်ရှူမဝခြင်း
  • မူးခြင်း
  • ရင်ဘတ်အောင့်တတ်ခြင်း
  • ခြေဖျားလက်ဖျားအေးစက်ခြင်း
  • ခေါင်းကိုက်ခြင်းတို့ ဖြစ်ပါတယ်။
  • ဒီလက္ခဏာတွေက ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေနဲ့ ဆင်တူတာကြောင့် သွေးအားနည်းခြင်း ဟုတ်မဟုတ် သင့်ဘာသာ ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

    ဒါပေမယ့် ကိုယ်ဝန်အပ်လို့ စစ်ဆေးမှုတွေလုပ်ရတဲ့အခါ သွေးအားနည်းရောဂါအပြင် တခြားအခြေအနေတွေသိဖို့ သွေးစစ်ဆေးတာတွေရှိမှာ ဖြစ်တဲ့အတွက် မသိမှာ စိုးရိမ်စရာတော့မရှိပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရှိရင် ဘာဆက်လုပ်ရမလဲ

    လိုအပ်တဲ့ ကိုယ်ဝန်ဆောင် ဗီတာမင်များ၊ အားဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးပေးခြင်းက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ တစ်ရက်ကို သံဓာတ်၂၇မီလီဂရမ် လိုအပ်တာကြောင့် ဆရာဝန်က သံဓာတ်အားဆေးသီးသန့်ညွှန်းပါလိမ့်မယ်။

    ညီညွှတ်မျှတတဲ့ စားသောက်မှုပုံစံကလည်း အကျိုးရှိစေပါလိမ့်မယ်။ အနီရောင်အသား၊ ငါး၊ ဥ၊ ကြက်၊ ပဲအမျိုးမျိုးတွေက သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။ သင့်ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှု အားကောင်းရန်အတွက် ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီ စတဲ့ဖျော်ရည်တွေကို သောက်သုံးပေးပါ။

    သံဓာတ်နဲ့ ဗီတာမင်စီ တွဲပြီး မှီဝဲလို့ရပေမယ့် သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်ကိုတော့ အတူတကွမသောက်မိစေရန် သတိပြုသင့်ပါတယ်။ ကယ်လ်စီယမ်က ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးများစွာရှိပေမယ့် သံဓာတ်စုပ်ယူမှုကိုတော့ အားလျော့စေပါတယ်။ ဒါကြောင့် ဆေးနှစ်ခုကို ၂ နာရီလောက်ခြားပြီး သောက်ပါ။

    သင့်သွေးအားနည်းခြင်းက တခြားရောဂါတစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့ သင့်ဆရာဝန်က သင့်တော်တဲ့ သွေးရောဂါကျွမ်းကျင်ဆရာဝန်ထံ ညွှန်းပါလိမ့်မယ်။ ပါးစပ်မှ သောက်သုံးသော သံဓာတ်ကိုမစုပ်ယူနိုင်သော အခြေအနေဖြစ်နေပါက သွေးကြောကနေတဆင့် ထောက်ပံ့ဖို့ လိုအပ်ပါလိမ့်မယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းရောဂါက အဖြစ်များပေမယ့် သေချာကုသမှုခံယူပြီး ဆရာဝန်နဲ့ ညွှန်ကြားချက်တွေ လိုက်နာမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    ရေးသားသူ- Dr Aye Myat Myat Noe

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 17/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement