မိုးရာသီက အပူဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီ ရောက်လာတဲ့ အခါ ရောဂါ အမျိုးမျိုးကို ဖြစ်ပေါ် ခံစားကြရ ပါတယ်။ အအေးမိတာ၊ ချောင်းဆိုးတာတွေနဲ့ ရေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ၊ လေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ အဖြစ်များ ပါတယ်။ မိုးရာသီမှာ ဖြစ်ပေါ်နေတဲ့ စိုထိုင်းမှုက မှိုပိုးတွေကို ပေါက်ဖွား ရှင်သန်စေဖို့ အတော်လေးကို ပြည့်စုံလှပါတယ်။ လေထုက စိုထိုင်းနေတာကြောင့် ရောဂါ ပိုးမွှားတွေ ပေါက်ပွားလာ ကြပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့ အဖြူဆင်းခြင်း ပြဿနာကို ဘယ်လိုကာကွယ်မလဲ ဆိုတာကို ပြောပြပေးချင် ပါတယ်။
မိုးရာသီမှာ မှိုပိုး ကူးစက်တာကြောင့် အရေပြား ဓာတ်မတည့်တာ၊ ဖျားနာတာတွေ ဖြစ်ပေါ် ခံစားရ သလို အမျိုးသမီးတွေမှာဆိုရင် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းတာကို ခံစားရနိုင်ခြေ တော်တော်လေး များပါတယ်။
အမျိုးသမီးတွေရဲ့ မအင်္ဂါထဲမှာ အမြဲလိုလို မှိုပိုး အနည်းငယ် ရှိနေတတ်ပေမယ့် မှိုပိုး ပေါက်ပွားမှု ပမာဏ တအားများ လာတဲ့ အခါမှသာ ရောဂါလက္ခဏာတွေ ပေါ်လာတာ ဖြစ်ပါတယ်။
တွေ့ရများတဲ့ ရောဂါလက္ခဏာများ
တွေ့ရများတဲ့ မိန်းမကိုယ် မှိုပိုး ကူးစက်မှု ရောဂါ လက္ခဏာတွေက
- ယားယံတာ
- ပူစပ်ပူလောင် ဖြစ်တာ
- အမျိုးသမီး အင်္ဂါမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာ
- လိင်ဆက်ဆံစဉ် နာကျင်တာမျိုးတွေ ဖြစ်ပါတယ်။
- ဒီလိုလက္ခဏာတွေနဲ့အတူ အဖြူဆင်းနေမယ် ဆိုရင်တော့ မိန်းမကိုယ်မှာ မှိုပိုး ကူးစက်ခံထားရတာ ဖြစ်နိုင်ပါတယ်။
မှိုပိုး ကူးစက်ခံရတဲ့ အကြောင်းအရင်းများ
Candida မှိုပိုးဟာ အမျိုးသမီးအင်္ဂါ တစ်ဝိုက်မှာ တွေ့ရလေ့ ရှိတဲ့ အရာ တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ စနစ်က ဟန်ချက်ပျက်သွားတဲ့အခါ ထို ဘက်တီးရီးယားတွေက ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ဘဲ ဖြစ်သွား ပါတယ်။ ဒီအခြေအနေက အမျိုးသမီးအင်္ဂါ ပိုးဝင်မှုကို ဖြစ်ပေါ်စေ ပါတယ်။
- ပဋိဇီဝဆေးတွေ အသုံးပြုခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- ဆီးချိုကို ထိန်းသိမ်း စောင့်ရှောက်မှု မရှိခြင်း
- ကိုယ်ခံအား စနစ် အားနည်းခြင်း
- အချိုဓာတ် လွန်ကဲတဲ့ အစားအစာတွေကို စားသုံးခြင်း
- ရာသီစက်ဝန်း နီးလာတာကြောင့် ဟော်မုန်း မညီမျှခြင်း
- စိတ်ဖိစီးမှု
- အိပ်ရေးပျက်ခြင်း
မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့ အဖြူဆင်းခြင်း ပြဿနာကို ဘယ်လိုကာကွယ်မလဲ
အဖြူဆင်းတာကို ဖြစ်စေတဲ့ Candida မှိုပိုး ကူးစက်ခံရမှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတော့ သေသေချာချာ မရှိပေမယ့် ရောဂါ ကူးစက်ခံရနိုင်ခြေ ကိုတော့ လျှော့ပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက် ပါတယ်။
ဆောင်ရန်
- အာဟာရ မျှတအောင် စားသုံးပါ။
- ဒိန်ချဉ် စားပေးပါ။
- ချည်သား အတွင်းခံကိုသာ ဝတ်ဆင်ပါ။
- အတွင်းခံကို သေချာလျှော်ပြီး ခြောက်အောင် လှမ်းပါ။
- အမျိုးသမီး လစဉ်သုံး ဂွမ်းထုတ်ကို မကြာခဏ လဲလှယ်ပေးပါ။
ရှောင်ရန်
- ဘောင်းဘီ ကျပ်ကျပ်တွေ မဝတ်ပါနဲ့
- အမွှေးနံ့ပါတဲ့ အမျိုးသမီးအင်္ဂါ သန့်စင်ရည်တွေ၊ အမွှေးနံ့ပါတဲ့ ဂွမ်းတောင့်တွေ ၊ ဂွမ်းထုတ်တွေကို မသုံးပါနဲ့။
- စိုနေတဲ့ အဝတ်တွေ မဝတ်ထားပါနဲ့။
- ရေပူနဲ့ ရေချိုးတာ၊ ရေပူကန်ထဲ စိမ်တာမျိုး မလုပ်ပါနဲ့။
မှိုပိုး ကူးစက်တာကို မှိုသတ်ဆေးတွေ အသုံးပြုပြီး ကုသနိုင် ပါတယ်။ အဖြူဆင်းတာကိုတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့် တစ်ကိုယ်ရေ သန့်ရှင်းမှုတွေကတော့
- နေ့စဉ် ရေချိုးပါ။
- လက်ကို မကြာခဏ ဆေးကြောပေးပါ။
- ရေချိုးတဲ့အခါ အမျိုးသမီးအင်္ဂါကို ရေများများ သုံးပြီး ဆေးကြောပါ။
- အမွှေးနံ့ပါတဲ့ ဆပ်ပြာတွေကိုသုံးပြီး အမျိုးသမီးအင်္ဂါကို သန့်စင်တာမျိုး မလုပ်ပါနဲ့။
- အမျိုးသမီးအင်္ဂါကို ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းစေဖို့အတွက် ချည်သားအတွင်းခံကိုပဲ ရွေးချယ် ဝတ်ဆင်ပါ။
[embed-health-tool-ovulation]