backup og meta

ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 6 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ

    ရာသီသွေးဆင်းတာက အရွယ်ရောက်ပြီး အမျိုးသမီးတိုင်း ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုပေါ့။ ရာသီသွေးဆင်းတာက မဆင်းရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆင်းတာများတာ ရက်ရှည်တာကလည်း ကျန်းမာရေးအပေါ်မှာ သက်ရောက်တာမျိုးတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းတာက လစဉ်မှာ သင့်တင့်လျောက်ပတ်တဲ့ အနေအထား ရှိနေဖို့ လိုပါမယ်။ ရာသီသွေးဆင်းတာက လေဒီတို့အတွက် ကျန်းမာရေး အချက်ပြစနစ် တစ်ရပ်ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    ရာသီသွေးဆင်းရက် ရှည်တယ်ဆိုတာ

    ရာသီသွေးဆင်းတယ် ဆိုတာက သားအိမ်အတွင်းနံရံမှာတွယ်ကပ်နေတဲ့ တစ်ရှူးတွေ သားအိမ်ခေါင်းကနေတဆင့် ဆင်းလာတာပါ။ ရက်ကိုလိုက်ပြီးတော့ သွေးပမာဏ နဲ့ တစ်ရှူးပမာဏက ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ရာသီသွေးတွေက ရာသီသွေး စဆင်းပြီး ၂ ရက် ကနေ ၇ ရက်အတွင်းမှာ ပြီးဆုံးပါတယ်။

    တစ်ခါတစ်လေမှာတော့ ရာသီသွေးဆင်းရက်က ပုံမှန်ထက် ပိုကြာရှည်နေတာမျိုး ရှိတတ်ပါတယ်။ ဒီလိုမျိုး ရာသီသွေးဆင်းရက် ရှည်ရတာက သားဆက်ခြားနည်းတွေ သုံးရတာအပြင် ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ရာသီသွေးဆင်းတာက ပုံမှန်အားဖြင့် ၂ ရက် ကနေ ၇ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ရာသီသွေးဆင်းတာက ၇ ရက်ထက် ကျော်နေမယ်ဆိုရင်တော့ ဒါက ရာသီသွေးဆင်းရက် ရှည်နေတာပါ။

    ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ

    ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    • သားဥကြွေခြင်း

    သားဥကြွေချိန်မှာ သားဥအိမ်တွေက မမျိုးဥကို ထုတ်လွှတ်ပါတယ်။ တချို့အမျိုးသမီးတွေက သားဥကြွေချိန်မှာ သွေးအနည်းဆင်းတတ်ပါတယ်။ ဒါပုံမှန်ပါတယ်။ ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေမှာ ရာသီလာတဲ့ရက်နဲ့ သားဥကြွေတဲ့ရက်က ကပ်နေတတ်ပါတယ်။ ဆိုလိုတာက ရာသီရက်လည်းပြီး သားဥလည်းကြွေတာမျိုးပါ။

    ဒီလိုအမျိုးသမီးတွေမှာ ရာသီလာလို့ သွေးဆင်းတာရော၊ သားဥကြွေလို့ သွေးဆင်းတာရော တစ်ဆက်တည်း ဖြစ်သွားတတ်လို့ ရာသီရက်ရှည်သလို ထင်ရပါတယ်။

    • သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD) က သားအိမ်ထဲမှာ ထည့်ထားတဲ့ သန္ဓေတားပေးတဲ့ ပစ္စည်းလေးပါ။ IUD မှာလည်း ဟော်မုန်းပါတာနဲ့ ဟော်မုန်းမပါတာဆိုပြီး ၂ မျိုးရှိပါတယ်။ ဒီသားဆက်ခြားပစ္စည်း ၂ ခုစလုံးက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

    ဒီသားဆက်ခြားပစ္စည်းကို ပထမဆုံး အသုံးပြုတဲ့သူတွေမှာ ရာသီသွေးဆင်းများတာ၊ သွေးဆင်းရက် ရှည်တာ နဲ့ ရာသီသွေး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက IUD ထည့်ပြီး ၃ လ ကနေ ၆ လအတွင်းမှာ သက်သာသွားတတ်ပါတယ်။

    • ဟော်မုန်းပါတဲ့ တားဆေးသောက်ဆေး

    ဟော်မုန်းပါတဲ့ တားဆေးသောက်ဆေးတွေက ကိုယ်တွင်းက ဟော်မုန်းပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်း အသုံးပြုသူတွေမှာ ရာသီသွေးဆင်း မမှန်တာ၊ ရာသီသွေးဆင်းရက်တိုတာ၊ သွေးဆင်းများတာ၊ ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ဟော်မုန်းပါတဲ့ ဆေးစသောက်သောက်ချင်းမှာ ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းပြဿနာကို လအနည်းငယ်ကြာ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် လအတော်ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

    • သိုင်းရွိုက်ပြဿနာ
    သိုင်းရွိုက်ဂလင်းက ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းချုပ်တာပါ။ အမျိုးသမီးတွေမှာဆိုရင်တော့ ရာသီစက်ဝန်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းတွေကိုလည်း ထိန်းချုပ်ပေးပါတယ်။
    တကယ်လို့ သိုင်းရွိုက်ဟော်မုန်းက လုပ်ဆောင်မှု နှေးနေရင်ဖြစ်ဖြစ်၊ လုပ်ဆောင်မှု အရမ်းများနေရင်ဖြစ်ဖြစ် ရာသီသွေးဆင်းရက် ရှည်တာမျိုး ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာ ရှိနေမယ်ဆိုရင် ရာသီသွေးက နည်းနည်းချင်းနဲ့ ရက်အတော်ကြာ ဆင်းနေတာ၊ လအတော်ကြာ ရာသီသွေး မဆင်းတာ၊ စောစောစီးစီး သွေးဆုံးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
    • မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)

    မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစုဖြစ်ပွားတဲ့အခါ သားဥအိမ်လေးတွေမှာ ရေအိတ်လေးတွေ ဖြစ်နေတာပါ။ ဒီအခြေအနေက ဟော်မုန်းပမာဏကို ထိခိုက်စေသလို သန္ဓေအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

    PCOS ကို ခံစားရတဲ့အခါ

    • ရာသီသွေး မမှန်တာ
    • သွေးဆင်းရက် ရှည်တာ
    • အမွေးအမျှင်တွေ ထူလာတာ
    • ကိုယ်အလေးချိန် တက်လာတာ
    • ဆံပင်ကျဲပါးလာတာ
    • ဝက်ခြံ ထွက်တာ
    • အသားပိုထွက်တာ
    • ဂုတ်၊ ပေါင်ခြံ နဲ့ ရင်သားတဝိုက်က အရေပြားတွေ မည်းလာတာမျိုး ခံစားရနိုင်ပါတယ်။
    • သားအိမ်တွင်းတစ်ရှူးများ သားအိမ်ပြင်ပ ရောက်ရှိခြင်း (Endometriosis)
    ဒီအခြေအနေက သားအိမ်အတွင်းနံရံက တစ်ရှူးတွေ သားအိမ်ပြင်ပမှာ ဖြစ်တာမျိုးပါ။ ဒီတစ်ရှူးတွေက ရောင်ရမ်းပြီး ဟော်မုန်းတွေကို ထိတွေ့တုံ့ပြန်တဲ့အခါ သွေးဆင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ရှူးတွေက နာကျင်ကိုက်ခဲတာနဲ့ အခြားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
    သားအိမ်တွင်းတစ်ရှူးတွေ သားအိမ်ပြင်ပရောက်တဲ့အခါ လက္ခဏာတွေ အနေနဲ့
  • ရာသီလာချိန် နာကျင်ကိုက်ခဲတာ
  • ခါးနဲ့ တင်ပဆုံပိုင်းက နာကျင်တာ
  • အတူနေစဉ် နာကျင်တာ
  • ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာ
  • ဝမ်းသွားတဲ့အခါ နာကျင်တာ
  • အစာခြေစနစ်ပြဿနာ ဥပမာ – မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ လေပွတာမျိုးပါ
  • ကလေးရဖို့ ခက်တာတွေ ကြုံရနိုင်ပါတယ်။
    • သားအိမ်ထဲမှာ အလုံးတည်တာ

    သားအိမ်နံရံမှာ အဖုအကျိတ်တွေဖြစ်တာ၊ သားအိမ်ထဲမှာ အလုံးတည်တာတွေက ရာသီသွေးဆင်း များတာ၊ ရာသီသွေးဆင်းရက် ရှည်တာတွေကို ဖြစ်စေနိုင်ပါတယ်။

    • ကိုယ်ဝန်ပျက်ကျတာ

    ကိုယ်ဝန်ပျက်ကျတဲ့အခါ သွေးဆင်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးဆင်းတာက နည်းနည်းကနေ များများအထိ ဆင်းနိုင်သလို နာရီပိုင်းကနေ ရက်သတ္တပတ် အတော်ကြာတဲ့အထိ ဆင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ ကိုယ်ဝန်ပျက်ကျသွားတဲ့အခါမျိုးမှာ ရာသီသွေးဆင်းရက်ကြာတယ်လို့ ထင်တတ်ကြပါတယ်။

    • သွေးရောဂါ

    သွေးရောဂါ ရှိနေသူတွေမှာလည်း ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ သွေးရောဂါတွေက သွေးဆင်းများစေနိုင်သလို သွေးဆင်းရက် ရှည်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

  • သွေးဆုံးအကြို လက္ခဏာ
  • အသက် ၅၀ နီးလာတဲ့ အမျိုးသမီးတွေမှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပြီ ဖြစ်တာကြောင့် သွေးဆုံးအကြို လက္ခဏာ အနေနဲ့ သွေးဆင်းနည်းတာ၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခု ခပ်စိတ်စိတ် ဖြစ်လာတာ၊ သွေးဆင်းရက် ရှည်တာ၊ ပုံမှန်ထက် ရာသီသွေးဆင်းရက် တိုတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    • သားအိမ်ခေါင်းကင်ဆာ

    သားအိမ်ခေါင်းကင်ဆာ ခံစားနေရတာက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာ၊ သွေးဆင်းများတာ၊ ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အတူနေပြီးချိန်မှာ သွေးဆင်းတာမျိုးလည်း ရှိနိုင်ပါတယ်။

    ဘယ်လိုအခြေအနေဆို ဆရာဝန်ပြရမလဲ

    တော်တော်များများ ယူဆထားတာက ရာသီသွေးဆင်းရက် ရှည်တာကို ကိုယ့်ဘာသာ ဖြေရှင်းလို့ ရတယ်လို့ပေါ့။ ဒါပေမယ့် ရာသီသွေးဆင်းရက် ရှည်တာနဲ့အတူ အခုလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။

    • သွေးဆင်းရက်က ၇ ရက်ထက် ပိုများနေတာ
    • အကြောင်းအရင်း မရှိဘဲ သွေးဆင်းတာ
    • ပုံမှန်မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းတာ
    • သွေးဆင်းများတာ
    • မအီမသာဖြစ်တာ၊ အော့အန်တာ
    • ရာသီလာချိန်မှာ ပြင်းပြင်းထန်ထန် နာကျင်တာ
    • အကြောင်းအရင်း မရှိဘဲ ဝိတ်ကျတာမျိုးတွေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 6 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement