ညဘက် အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွား ရတာ အတော် စိတ်ညစ်ရတဲ့ ပြဿနာ ပါ။ အိပ်ပျော်နေတဲ့ အချိန် ၆ နာရီ – ၈ နာရီခြား တစ်ကြိမ် ဆီး ထသွားနေရတာ ဘယ်လို အိပ်ရေးဝ နိုင်ပါတော့မလဲ။ ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရတယ်ဆိုရင် ဆီးချို များဖြစ်နေပြီလား စိတ္တဇ ဖြစ်ရပါသေးတယ်။ အမှန်က ဖြစ်နိုင်ခြေ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။
ဆီးသွား ဖို့ ခဏခဏ တရေးနိုး နေရသလား
ကိုယ်က ရေသောက် များနေတာလား၊ ရောဂါအခံ တစ်ခုခု ကြောင့်လား စသည်ဖြင့်ပေါ့။ အဲဒီမေးခွန်းလေးတွေ ကို ဆက်ပြီး အဖြေထုတ်ကြည့် ရအောင်။
ကိုယ် သောက်ထားတဲ့ တစ်ခုခုကြောင့်လား
ရေသောက်များတာ၊ အထူးသဖြင့် အိပ်ခါနီး ရေများများ သောက်မိတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ၃ နာရီ အတွင်း ရေသိပ်မသောက်ပါနဲ့။ ဆီးများတဲ့ပြဿနာ ကြုံနေရတယ် ဆိုရင် ညနေပိုင်း အယ်လ်ကိုဟောတွေ သောက်တာ၊ ကဖင်းတွေ သောက်တာ ရှောင်ပါ။
ပိုးဝင်တာ တစ်ခုခု ကြောင့်လား
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နေ့ရော၊ ညဘက်ပါ ဆီး ခဏခဏ သွားရတတ်ပါတယ်။ ဒီအကြောင်းရင်း ကြောင့်သာ ဆိုရင် ဆီးသွားတဲ့ အခါ နာကျင်တာ ရှိနိုင်တယ်။ ကိုယ်ပူဖျားတာလည်း ရှိနိုင်ပါတယ်။
အသက်အရွယ် ကြောင့်လား
အသက်ကြီးလာလေ ညဘက် ဆီးသွားတဲ့ အကြိမ်ရေ များလာလေပါပဲ။ အသက်ကြီးလာတဲ့အခါ မနက်ထိ ဆီးကို ထိန်းထားနိုင်အောင် ထိန်းကူပေးတဲ့ ဟော်မုန်း တစ်မျိုးကို ခန္ဓာကိုယ်က ထုတ်ပေးတာ လျော့လာပါတယ်။
ဒါ့ကြောင့် အသက်ကြီးတဲ့ သူတွေဟာ ညဘက် အိမ်သာ ထသွားရတာ အကြိမ်ရေ ပိုများလေ့ ရှိပါတယ်။ ယောကျာ်းလေး၊ မိန်းကလေး ကွာခြားချက် ကလည်း အရေးပါပါသေးတယ် –
- ယောကျာ်းလေးတွေက အသက်ကြီးလာရင် ဆီးကျိတ်ကြီးတာ အဖြစ်များကြပါတယ်။ သိပ်ပြင်းထန်လေ့ မရှိပေမယ့် ဆီးပြဿနာ ခံစားရမှာ မလွဲပါဘူး။
- မိန်းကလေးတွေ ကျတော့ သွေးဆုံးပြီးတဲ့အခါ အက်စထရိုဂျင် ဟော်မုန်း ထုတ်လုပ်မှု နည်းလာပါတယ်။ ဒီအချက်က ဆီးလမ်းကြောင်း နဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေပြီး မကြာခဏ ဆီးသွားစေပါတယ်။ ကလေး မွေးဖွားဖူးတဲ့သူဖြစ်ရင် အဲဒီအပိုင်းက ကြွက်သားတွေ ပိုပြီး အားနည်းနေနိုင်ပါတယ်။
သောက်နေရတဲ့ ဆေးတွေကြောင့်လား
ကိုယ့်ကျန်းမာရေးကြောင့် ဆရာဝန်ညွှန်ကြားချက်အရ သောက်သုံးနေရတဲ့ ဆေးဝါးတွေထဲမှာ ဆီးသွားများစေမယ့် ဆေးတချို့ ပါဝင်နေနိုင်ပါတယ်။
အိပ်မပျော် လို့လား
တစ်ခါတလေ ဆီးသွားချင်လို့ အိပ်ရာက နိုးလာတာ ရှိသလို အိပ်မပျော်လို့ အိမ်သာပဲ သွားနေရတာလည်း ရှိနိင်ပါတယ်။ တစ်နေ့တာရဲ့ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေကြောင့် ညဘက် အိပ်မပျော်၊ အိပ်မပျော်တော့ ဆီထသွား၊ ဆီး ထသွား ရတော့ ပြန်အိပ်မရ။ ဒါနဲ့ပဲ သံသရာလည် နေတော့တာမျိုး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုးကနေ မျက်စိကြောင်သွားနိုင်ပါတယ်။
နှလုံးလုပ်ဆောင်ချက် မကောင်းတဲ့ ရောဂါရှိသူတွေဟာ နေ့ဘက်တော့ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်မှာ အရည်တွေ စုပြီး နှလုံးက ပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။ ညအိပ်တော့ လှဲလိုက်တဲ့အခါမှ ကမ္ဘာ့ဆွဲအား မရှိတော့တဲ့အတွက် အဲဒီအရည်တွေက သွေးလည်ပတ်မှုထဲ ပြန်ရောက်လာပြီး ဆီးလည်း ပိုသွားရစေပါတယ်။
ဆီးချိုကြောင့်လား
ကိုယ့်မှာ ဆီးချိုသွေးချို ရှိနေရင်လည်း ဆီးသွားတဲ့ ပမာဏနဲ့ အကြိမ်ရေ ပိုများတတ်ပါတယ်။ မသေချာရင် သွေးစစ်ပြီး အဖြေထုတ်သင့်ပါတယ်။
အပေါ်က ဖြစ်နိုင်ခြေတွေအပြင် ညဘက် ဆီး ခဏခဏ သွားရတဲ့ တခြားအကြောင်းရင်း တွေလည်း ရှိပါသေးတယ် –
နေ့စဉ် ရက်ဆက် ညတိုင်းကို ဒီပြဿနာကြောင့် ဒုက္ခရောက်နေရတယ်၊ နောက်ဆက်တွဲ တခြားလက္ခဏာတွေပါ ဖြစ်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာသင့်ပါတယ်နော်။