home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို ဘယ်လိုခြေဖျက်ပေးနေသလဲ။

အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို ဘယ်လိုခြေဖျက်ပေးနေသလဲ။

တစ်နေ့ တစ်နေ့ လှုပ်ရှားလုပ်ကိုင်နိုင်ဖို့ဆိုတာ အင်အားတွေ ပြည့်နေရမှာပါ။ ဒီလိုအပ်တဲ့ အင်အားတွေကို စားသောက်နေတဲ့ အစားအစာတွေက ရတာပေါ့။ ဒီအစားအစာတွေကို ခြေဖျက်ပေးမယ့် အစာအိမ်နဲ့ အူလမ်းကြောင်း ကောင်းကောင်း အလုပ်လုပ်နေမှ အစားအစာတွေကနေ လိုအပ်တဲ့ အာဟာရတွေ ရပြီး မလိုတာတွေကို ခန္ဓာကိုယ်ကို အဆိပ်အတောက် မဖြစ်အောင် စွန့်ထုတ်နိုင်မှာပါ။

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘာတွေပါ

အစာအိမ်နဲ့ အူလမ်းကြောင်းက ခံတွင်းကစပြီး စအိုမှာ ဆုံးပါတယ်။ စားလိုက်တဲ့ အစားအစာတစ်ခုကို ပါးစပ်ကစပြီး စအိုထိ အစာခြေစနစ်တစ်လျှောက် လိုသလို ပြုပြင်သွားပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ လိုအပ်တဲ့ အင်အားတွေ၊ အာဟာရတွေကို ခန္ဓာကိုယ်မှာ သိမ်းဆည်းပြီး မလိုတာတွေကို မစင်အဖြစ် အပြင်ကို စွန့်ထုတ်နိုင်တာပါ။

အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ တာဝန်များ

ပါးစပ်ကစလို့ စအိုအထိ အသုံးမလိုတဲ့ နေရာ၊ အလုပ်မလုပ်ရတဲ့ နေရာဆိုတာ မရှိဘဲ သက်ဆိုင်ရာ အလုပ်တွေကို လုပ်ကြတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဟာ အင်မတန် အလုပ်များတဲ့ နေရာပါပဲ။ သူတို့ရဲ့ တာဝန်တွေကတော့

  • ပါးစပ်

ပါးစပ်ဆိုတာ အစာခြေစနစ်ရဲ့ တံခါးပေါက်ပါပဲ။ ခံတွင်းထဲမှာ သွားတွေ၊ ကြွက်သားတွေ၊ လျှာနဲ့ တံတွေးဂလင်းတွေ ရှိပါတယ်။ ပါးစပ်ထဲရောက်လာတဲ့ ထမင်းလုတ်ကို သွားက ကျိတ်တယ်။ လျှာက နှံ့အောင် လုပ်ပေးတယ်။ ကြွက်သားတွေက ဝါးပေးတယ်။ တံတွေးဂလင်းတွေက အင်ဇိုင်းတွေ ထုတ်ပြီး ချေဖျက်ပေးတယ်။ ဒါကြောင့် အစာခြေတဲ့လုပ်ငန်းက ပါးစပ်ကစတယ်ဆိုရင် မမှားပါဘူး။ ဒါ့ပြင် ပါးစပ်ထဲမှာရှိတဲ့ အာသီးလိုမျိုး ခုခံအားအင်္ဂါတွေက အစာနဲ့အတူပါလာတဲ့ ပိုးတွေကို သေအောင် လုပ်ပေးပါသေးတယ်။

ပါးစပ်ထဲမှာ သေချာအချိန်ပေးပြီး ကြေညက်အောင် ဝါးမှ မျိုချတဲ့အခါ နင်တာ၊ အစာအိမ်ထဲရောက်တဲ့အခါ အချိန်အကြာကြီး အစာခြေနေရတာမျိုး မဖြစ်မှာပါ။ ဒါကြောင့် ပါးစပ်ထဲမှာတည်းက အစာကို သေချာ ကြေညက်အောင် ဝါးသင့်ပါတယ်။ ကြေညက်သွားတဲ့ အစာတွေကို လျှာက နောက်ပို့ပြီး မျိုချလိုက်တဲ့အခါ အစာရေမျိုပြွန်ထဲကို ရောက်သွားပါတယ်။

အစာရေမျိုပြွန်ဆိုတာ ၁၀လက်မလောက် ရှည်တဲ့ ကြွက်သားပိုက်ချောင်းကြီးပါပဲ။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ တိုးလျိုပေါက် ပိုက်ကြီးပေါ့။ သူရဲ့ ကပ်လျင်မှာတော့ လေပြွန်ရှိပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ၊ အရည်သောက်တဲ့အခါ ဒီပိုက်နှစ်ချောင်းထဲကို မှားဝင်တတ်ပါတယ်။ လေပြွန်ရဲ့ သဘာဝက လေကလွဲပြီး တြခြားဟာ ဝင်လို့ မရပါဘူး။

ဒါကြောင့် လေပြွန်ရဲ့ ထိပ်ဝမှာ epiglottisလို့ ခေါ်တဲ့ တံခါးပေါက်လေးနဲ့ ကာထားပါတယ်။ အပေါ်ကနေ တစ်ခုခုမျိုချလိုက်ပြီဆိုရင် ဒီတံခါးပေါက်လေးက ပိတ်သွားပြီး လေပြွန်ထဲကို မဝင်အောင် အလိုအလျောက် တားပြီးသား ဖြစ်သွားပါတယ်။

တစ်ခါတလေ ရေတွေဘာတွေ သောက်ရင်း သီးသွားတယ်၊ ချောင်းတွေ ဆက်တိုက်ဆိုးသွားတယ်ဆိုတာ ဒီအပေါက်လေး ပိတ်ချိန်မမီဘဲ လေပြွန်ထဲကို ရေတွေ ဝင်သွားလို့ပါ။ ဒါကြောင့် ချောင်းဆိုးပြီး ဝင်သွားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်တာပါ။

မျိုချလိုက်တဲ့အစားအစာတွေ အစာအိမ်ထဲကို ရောက်တယ်ဆိုပေမယ့် တန်းရောက်တာတော့ မဟုတ်ပါဘူး။ အစာရေမျိုပြွန်နဲ့ အစာအိမ်နဲ့ ဆက်တဲ့ နေရာမှာ ကျုံ့ဆန့်လို့ ရတဲ့ အဆို့ရှင် ကြွက်သားလေး ရှိပါတယ်။ ဒီကြွက်သားလေးက လှိုင်းလိုမျိုး တွန့်ပြီး အစာတွေကို အစာအိမ်ထဲ ညှစ်ချပေးတာပါ။ မဟုတ်ရင် ရေကန်ထဲ ခဲပြုတ်ကျသလို အက်စစ်တွေ တပွက်ပွက်ဖြစ်နေမှာပေါ့။

ဒါကြောင့် ဒီအဆို့ရှင်လေး မလုံတဲ့အခါ အစာအိမ်ထဲက အက်စစ်တွေ အပေါ်ကို ဆန်တက်ပြီး ရင်ပူရင်ဆာ ဖြစ်ပါတယ်။ ဒါကို စားချဉ့်ပြန်ရောဂါလို့ခေါ်ကြပါတယ်။

အစာအိမ်ကတော့ တကယ်ကို အစာတွေ သိုလှောင်တဲ့ အိမ်ကြီးပါပဲ။ ‘J ‘လိုမျိုး ခပ်ကောက်ကောက် ပုံသဏ္ဍန် ရှိပါတယ်။ သူ့မှာ အရေးကြီးတဲ့ အလုပ် ၃ခုရှိပါတယ်။

-စားသမျှ အစာတွေကို သိုလှောင်ပေးတယ်။

-အစာအခဲတွေကို ခပ်ပျော့ပျော့ ဖြစ်အောင် ခြေဖျက်ပေးတယ်။

-ဒီခပ်ပျော့ပျော့အစာတွေကို အူသိမ်ထဲကို ပို့ပေးတယ်။

အစာအိမ်က အပြင်မှာ သုံးနေတဲ့ ကြိတ်ခြေစက် (blender)နဲ့ အလုပ်လုပ်ပုံခြင်း တူပါတယ်။ ဝင်လာသမျှ အစာတွေကို အက်စစ်တွေ၊ အင်ဇိုင်းတွေ၊ အစာအိမ်နံရံကြွက်သားတွေ သုံးပြီး ခြေဖျက်ပေးပါတယ်။ ဒါ့ပြင် ပါးစပ်ထဲမှာ သတ်လို့ မနိုင်တဲ့ အစာနဲ့ အတူပါလာတဲ့ ပိုးတွေကိုလည်း အစာခြေရည်တွေ သုံးပြီး နှိမ်မင်းပစ်ပါတယ်။

အူသိမ်က ၁လက်မခွဲ ၂လက်မလောက် ကျယ်ပြီး ၂၂ပေ ရှည်ပါတယ်။ ဒီအရှည်ကြီးကို ဗိုက်ထဲ ခွေခေါက်ပြီး ထည့်ထားတာပါ။ အစာအိမ်က ခြေဖျက်ပြီး ရောက်လာတဲ့ အစာတွေကို ခန္ဓာကိုယ်က အရန်သင့် စုပ်ယူသုံးစွဲနိုင်တဲ့ အာဟာရတွေ ဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီတွေဖြစ်အောင် ဆက်ပြီး ပြောင်းလဲပေးပါတယ်။

သူဒီလိုလုပ်နိုင်ဖို့ သူ့နားက အသည်း၊ သည်းခြေအိတ်နဲ့ ပန်ကရိယတို့ရဲ့ အကူအညီတွေ အများကြီး လိုပါတယ်။ ဒီအကြောင်းကို နောက်မှ ထပ်ပြောပါမယ်။ သူတို့က ထုတ်ပေးလိုက်တဲ့ အစာခြေရည်တွေ၊ အင်ဇိုင်းတွေကြောင့်သာ အစာတွေ ပိုကြေညက်ပြီး လိုအပ်တဲ့ အာဟာရတွေ ရလာတာပါ။

အစာတွေက အူသိမ်အစအဆုံး ဖြတ်သန်းဖို့ဆို ၄နာရီလောက် အချိန်ယူရပါတယ်။ အူသိမ်ရဲ့ အဆုံးကို ရောက်လာပြီးတဲ့အခါမှာတော့ အစာတွေက အရည်တွေ ဖြစ်နေပါပြီ။ အာဟာရတွေကိုလည်း အူနံရံတွေက စုပ်ယူပြီး သွေးထဲကို ရောက်နေပါပြီ။

အူသိမ်ရဲ့ အစာခြေတ့ လုပ်ငန်းမှာ ဝိုင်းပြီး ကူညီပေးကြတဲ့ သူငယ်ချင်းကောင်းလေးတွေပါ။ အူသိမ်ဦးပိုင်းကို သူတို့ရဲ့ သက်ဆိုင်ရာ အစာခြေရည်တွေ ထည့်ပြီး အစာခြေပေးပါတယ်။ ခြေပေးတဲ့အပြင် အူသိမ်က လွယ်လွယ်ကူကူစုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။

ပန်ကရိယထွက်တဲ့ အစာခြေရည်တွေက ပရိုတိန်းနဲ့ အဆီတွေ ခြေဖျက်ဖို့ ကူညီပေးပါတယ်။ အသည်းက ထွက်လာတဲ့ သည်းခြေရည်ကတော့ အဆီတွေကို သွေးထဲရောက်အောင် ကူညီပေးပါတယ်။ သည်းခြေအိတ်ကတော့ သည်းခြေရည်တွေကို သိမ်းဆည်းပေးထားပြီး လိုမှပဲ ထုတ်ပေးပါတယ်။

အာဟာရဓာတ်တွေ သယ်ထားတဲ့ သွေးက အသည်းကို လာပြီး သန့်ရှင်းရေး လာလုပ်ပါတယ်။ အသည်းက ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး တချို့တွေကိုတော့ သည်းခြေရည်အဖြစ် ပြောင်းလဲပစ်ပါတယ်။ ဒါ့ပြင် အာဟာရဓာတ်တွေရဲ့ ဘယ်လောက်ကတော့ သွေးထဲကိုသွား၊ ဘယ်လောက်ကတော့ သုံးဖို့ မလိုသေးတော့ အသည်းမှာပဲ သိမ်းထားဦးမယ် စသဖြင့် ဆုံးဖြတ်ပေးပါတယ်။

ဒါကြောင့် သကြားဓာတ်တို့၊ ဆီမှာပျော်တဲ့ ဗီတာမင်တို့ အသုံးမလိုသေးဘူးဆိုရင် အသည်းမှာလာပြီး သိမ်းဆည်းထားရပါတယ်။

အစာခြေစနစ်ရဲ့ နောက်ဆုံးနေရာဖြစ်တဲ့ အူမကြီးဟာ အချင်းအားဖြင့် ၃-၄လက်မလောက် ကျယ်ပြီး ၅ပေလောက် ရှည်ပါတယ်။ အူမကြီးရဲ့ အဆုံးသတ်တစ်နေရာ (ဝမ်းဗိုက်ညာဘက်အောက်ပိုင်း)မှာ အူအတက်ဆိုတာ ရှိပါတယ်။ အလုပ်အားဖြင့်တော့ ကြီးကြီးကျယ်ကျယ် တာဝန်မရှိပေမယ့် သူ့ကို ပိုးဝင်ရင် ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပိတ်သွားရင် အူအတက်ရောင်ပြီး ဒုက္ခဖြစ်တတ်ပါတယ်။

အူသိမ်ကနေ အာဟာရတော်တော်များများကို စုပ်ယူလိုက်ပြီဆိုတော့ ကျန်တာက ခန္ဓာကိုယ်အတွက် သုံးလို့ မရတော့တဲ့ စွန့်ပစ်ရမယ့် ပစ္စည်းတွေပဲ ကျန်တော့မှာပါ။ ဒါကြောင့် နောက်ဆုံးအနေနဲ့ အူမကြီးကနေ ရေနဲ့ သတ္တုဓာတ်တွေကိုပဲ စုပ်ယူလိုက်ပါတယ်။ ဒါကြောင့် ဝမ်းက မာနေတာပါ။

ဝမ်းတွေကိုတော့ မစင်အိမ်ထဲမှာ သိမ်းထားပါတယ်။ မစင်အိမ်ပြည့်လာတဲ့အခါ ဝမ်းသွားချင်စိတ်ပေါ်လာပြီး စအိုကနေ ဝမ်းတွေကို စွန့်ထုတ်လိုက်ပါတယ်။

Takeaways

အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ အလုပ်အများဆုံး ကိုယ်တွင်းအင်္ဂါလို့ ပြောလို့ရပါတယ်။ စားလိုက်သမျှ အစားအသောက်တွေကို အာဟာရဖြစ်အောင်၊ မလိုတာတွေ ခန္ဓာကိုယ်ထဲမှာ မကျန်ခဲ့ဘဲ အပြင်ကို ရောက်သွားအောင် အစိတ်အပိုင်း တစ်ခုစီက သက်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ပြီး အလုပ်လုပ်ကြတဲ့ ဒီကိုယ်တွင်းအင်္ဂါလေးကို ဂရုစိုက်ကြဖို့ မမေ့ကြပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 28/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။