backup og meta

သည်းခြေအိတ် အကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သည်းခြေအိတ် အကြောင်း သိကောင်းစရာ

    သည်းခြေအိတ် ဟာ အစာခြေစနစ်အတွက် လိုအပ်တဲ့ သည်းခြေရည်များကို သိုလှောင်ထားပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်ပိုင်း အသည်းရဲ့အောက်မှာ ကပ်လျက် တည်ရှိပါတယ်။ စားသောက်လိုက်ချိန်မှာ သည်းခြေအိတ်ဟာ လှုပ်ရှားလာပြီး သည်းခြေရည်တွေကို အူလမ်းကြောင်းထဲ ညှစ်ထုတ်ပေးပါတယ်။

    သည်းခြေအိတ် ရဲ့လုပ်ငန်းတာဝန်တွေက ဘာတွေလဲ

    သည်းခြေအိတ် ဟာ သည်းခြေစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သည်းခြေစနစ်မှာ အသည်း၊ သည်းခြေအိတ်၊ သည်းခြေပြွန်များနဲ့ သည်းခြေအရည်ပါဝင်ပါတယ်။ အဆိုပါစနစ်ဟာ သည်းခြေရည်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းအတွက် ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။

    သည်းခြေရည်များဟာ အစိမ်းရင့်ရောင်၊ စိမ်းဝါရောင် စသဖြင့် ခပ်ပျစ်ပျစ်ရှိပြီး အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသည်းကနေ ထုတ်လုပ်ပေးပါတယ်။ အသည်းဟာ တစ်ရက်ကို ခန့်မှန်းခြေ ၂၇ မှ ၃၄ အောင်စအထိ ထုတ်လုပ်ပေးပါတယ်။

    စားသောက်လိုက်ချိန်မှာ သည်းခြေရည်များဟာ အသည်းကနေ အူသိမ်ထဲကို တိုက်ရိုက်ထုတ်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အစာမစားတဲ့အချိန်မှာဆိုရင် သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပါတယ်။ အဆီဓာတ်များတဲ့ အစားအစာများကို စားသုံးလိုက်ရင် သည်းခြေအိတ်ဟာ သည်းခြေရည်များကို အူသိမ်ထဲကို ညှစ်ထုတ်ပေးလိုက်ပါတယ်။

    သည်းခြေအိတ် မှာ ဖြစ်တတ်တဲ့ ပြဿနာတွေက ဘာတွေလဲ

    အဖြစ်များတဲ့ သည်းခြေအိတ်ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • သည်းခြေကျောက်တည်ခြင်း

    သည်းခြေအိတ် ထဲမှာ ကိုလက်စထရော ဒါမှမဟုတ် ဘီလီရူဘင်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး စုဝေးလာတဲ့အခါ သည်းခြေကျောက်တည်ခြင်း ဖြစ်နိုင်ပါတယ်။ သည်းခြေကျောက်ဟာ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်များသူတွေ၊ အဆီနဲ့ ကိုလက်စထရော အစားများသူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ သည်းခြေကျောက်တည်သူ အများစုမှာ လက္ခဏာမပြဘဲ နေတတ်ပါတယ်။ ဒါပေမယ့် သည်းခြေပြွန်ကို ပိတ်မိရင်တော့ အောင့်နိုင်ပါတယ်။ သည်းခြေကျောက်တွေကို မကုဘဲထားလိုက်ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    သည်းခြေအိတ် အကြောင်း သိကောင်းစရာ

    • သည်းခြေအိတ်ရောင်ခြင်း

    သည်းခြေကျောက်ကြောင့် သည်းခြေရည်ထွက်ရာ လမ်းကြောင်းပိတ်ဆို့ရင် ဖြစ်နိုင်ပါတယ်။ အကျိတ်၊ ရောဂါပိုးဝင်ခြင်း စတဲ့ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ရောင်တဲ့အခါ တွေ့နိုင်တဲ့ လက္ခဏာတွေကတော့

    – ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း (သို့မဟုတ်) အလယ်ပိုင်းအောင့်ခြင်း

    – ညာပခုံး (သို့မဟုတ်) ကျောဘက်ပါ အောင့်ခြင်း

    – ဗိုက်အောင့်ခြင်း၊ အထူးသဖြင့် ထိလျှင်မခံနိုင်အောင်နာခြင်း

    – ဖျားခြင်း

    – ပျို့အန်ခြင်း

    စတာတွေ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ ထိရောက်စွာမကုသဘဲနေရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သည်းခြေအိတ်ပေါက်ပြဲခြင်း၊ ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    • သည်းခြေပြွန်အတွင်း ကျောက်တည်ခြင်း

    အသည်းကနေ အူသိမ်ထဲကိုသွားတဲ့ သည်းခြေပြွန်ထဲမှာ ကျောက်တည်ခြင်းဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ သည်းခြေရည်များဟာ လိမ်းကြောင်းပိတ်ပြီး အသည်းဆီ ပြန်ရောက်သွားနိုင်ပါတယ်။ တွေ့နိုင်တဲ့လက္ခဏာတွေကတော့

    ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းအောင့်ခြင်း

    – ဆီးအလွန်မည်းခြင်း

    – အသားဝါခြင်း၊ မျက်စိဝါခြင်း

    – ရွှံ့စေးရောင်ဝမ်းများသွားခြင်း

    – ပျို့အန်ခြင်း

    စတာတွေ ဖြစ်ပါတယ်။ အဆိုပါအခြေအနေမှာ ပြွန်ထဲပိတ်ဆို့နေတဲ့ ကျောက်များကို မှန်ပြောင်းအသုံးပြုပြီး ဖယ်ရှားဖို့ လိုပါတယ်။

    သည်းခြေအိတ် အကြောင်း သိကောင်းစရာ

    သည်းခြေအိတ် အတွင်းပိုင်းမှာ အသားပိုအဖြစ် ထွက်လာခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာမဟုတ်တဲ့ ရိုးရိုးအဖုအကျိတ်တွေ ဖြစ်တတ်ပါတယ်။ လက္ခဏာလည်း သိပ်မပြဘဲ တခြားကိစ္စရပ်တွေအတွက် အာထရာဆောင်းရိုက်မှ တွေ့ရတတ်တာမျိုး ရှိပါတယ်။

  • အခြားဖြစ်နိုင်သော ပြဿနာများ
  • သည်းခြေအိတ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ တခြားပြဿနာတွေကတော့ သည်းခြေအိတ်ကင်ဆာဖြစ်ခြင်း၊ သည်းခြေအိတ်အတွင်း ပြည်တည်နာဖြစ်ခြင်း၊ သည်းခြေအိတ်ရောင်ရမ်းပေါက်ပြဲခြင်း စတာတွေ ဖြစ်ပါတယ်။

    သည်းခြေအိတ်ပြဿနာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    သည်းခြေအိတ် ကျန်းမာရေးကောင်းအောင် အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားသုံးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီများကို စားသုံးရပါမယ်။ သကြားနဲ့ အဆီဓာတ်ကို လျှော့စားပြီး ကိုယ်အလေးချိန် ထိန်းရပါမယ်။ အစာကို ပုံမှန်အချိန်အတိုင်း စားသုံးသင့်ပါတယ်။

    သည်းခြေအိတ် မရှိဘဲ အသက်ရှင်နိုင်သလား

    သည်းခြေအိတ်မရှိရင်လည်း ပုံမှန်အတိုင်း နေနိုင်ပါတယ်။ အသည်းကနေ ထုတ်ပေးတဲ့ သည်းခြေရည်တွေဟာ အူသိမ်ထဲကို တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သည်းခြေအိတ်နဲ့ ပတ်သက်တဲ့ရောဂါတွေမှာ လိုအပ်ရင် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ထုတ်ပြီး ကုသကြပါတယ်။

    သည်းခြေအိတ်မရှိတော့ရင်တော့ စားသောက်ပုံကို ပြောင်းလဲရပါမယ်။ အမျှင်ဓာတ်ကို တဖြည်းဖြည်းချင်း မြှင့်တင်ပြီး စားသုံးရပါမယ်။ အဆီများတဲ့ အစားစာတွေ လျှော့စားရပါမယ်။ ကော်ဖီလျှော့သောက်ရပါမယ်။

    Takeaways

    သည်းခြေအိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတစ်စုံတစ်ရာရှိတယ်လို့ ထင်မြင်ယူဆရင် ဆရာဝန်ပြသသင့်ပါတယ်။ အထူးသဖြင့် စားသုံးပြီးချိန်မှာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းက ထိုးအောင့်လာရင် သတိထားရပါမယ်။ ဖျားနာခြင်း၊ ပျို့အန်ခြင်း၊ အသားဝါခြင်း၊ ဆီးမည်းခြင်း စတဲ့လက္ခဏာတွေပါ တွေ့ရှိရရင် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement