home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လူတိုင်း Mask တပ်မယ်ဆိုရင် အသက်ဘယ်နှစ်ချောင်းကို ကယ်တင်နိုင်မလဲ

လူတိုင်း Mask တပ်မယ်ဆိုရင် အသက်ဘယ်နှစ်ချောင်းကို ကယ်တင်နိုင်မလဲ

COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေချိန်မှာ Mask တပ်ခြင်းဟာ ရောဂါကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဆီကို ရောဂါပိုးကူးစက်မလာအောင် တားဆီးနိုင်သလို သူများဆီကို မကူးစက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် လူတိုင်းက စည်းစနစ်တကျ Mask တွေတပ်ပြီး နေထိုင်သွားလာလှုပ်ရှားနေကြသလားလို့ မေးလာရင်တော့ ‘ဟင့်အင်း’ လို့ ငြင်းဆိုရပါလိမ့်မယ်။ COVID-19 ကပ်ဘေးအချိန်ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့ စည်းကမ်းလိုက်နာမှုအပိုင်းက တဖြေးဖြေးလျော့လျဲလာနေပါတယ်။

Mask ကို လုံးလုံးလျားလျားမတတ်တော့သူတွေ၊ မေးစေ့မှာချိတ်သူတွေ၊ နှာခေါင်းဖော်ပြီး တပ်ဆင်သူတွေ၊ တပ်လိုက်ချွတ်လိုက် အကြိမ်ကြိမ်ပြုလုပ်သူတွေ ပိုပိုပြီးများပြားလာနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ဒီလိုပြုမူလုပ်ဆောင်တာဟာ Mask ကို လုံးလုံးလျားလျားမတတ်ဆင်တာနဲ့ အတူတူပဲလို့ ဆိုထားပါတယ်။

တကယ်တော့ Mask တပ်တာက လက်ကို စင်ကြယ်စွာဆေးတာနဲ့ Social Distancing လုပ်တာတွေလိုမျိုး COVID-19 ရောဂါကာကွယ်ရေးမှာ အထူးအရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စနစ်တကျနဲ့ နည်းမှန်လမ်းမှန် Mask ကို တပ်ဆင်သုံးစွဲမယ်ဆိုရင် COVID-19 ကာကွယ်ရေးမှာ တစ်တပ်တစ်အားဖြစ်စေမှာဖြစ်ပါတယ်။

Mask က လူ့အသက်တွေကို ကယ်နိုင်သလား

ပြောရမယ်ဆိုရင် လူတိုင်းသာ နောက်ထပ် ၃ လ လောက် Mask ကို စနစ်တကျ တပ်ဆင်ကြမယ်ဆိုရင် လူ့အသက်ပေါင်း သိန်းချီကို ကယ်တင်နိုင်မှာဖြစ်ပါတယ်တဲ့။ ဘာကြောင့် Mask တပ်တာက အရေးကြီးလဲဆိုတာကို အမေရိကန်ပြည်ထောင်စုအခြေစိုက် ကျန်းမာရေးပညာရှင်တွေက ထောက်ပြထားပါတယ်။

သူတို့ရဲ့အဆိုအရတော့ ရှေ့လာမယ့် ၃ လ အထိ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းက လူဦးရေ ၉၅%လောက် Mask တွေကို စနစ်တကျ တပ်ဆင်အသုံးပြုပေးမယ်ဆိုရင် အဆိုပါကာလအတွင်း COVID-19 ကူးစက်ခံရကာ အသက်ဆုံးရှုံးမယ့် လူပေါင်း ၁၃၀၀၀၀ ကျော်ကို သေဘေးကနေ တားဆီးပေးနိုင်လိမ့်မယ်လို့ ဆိုထားတာပါ။ ဒါက အမေရိကန်ပြည်ထောင်စုတစ်ခုတည်းကို တွက်ချက်ပြထားသေးတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင် ကယ်ဆယ်နိုင်မယ့် ပမာဏက ပိုမိုမြင့်တက်သွားမှာဖြစ်ပါတယ်။

လူ ၈၆% က Mask တပ်မယ်ဆိုရင်တောင်မှ လူပေါင်း ၈၆၀၀၀ ကို သေဘေးကနေ ကယ်တင်နိုင်မှာဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ လူတွေစနစ်တကျ Mask တပ်ဆင်အသုံးပြုကြမယ်ဆိုရင် ရောဂါကူးစက်နှုန်းကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပြီး သေဆုံးနှုန်းကိုလည်း ခုလို လျှော့ချပစ်နိုင်မယ်ဆိုတဲ့ သဘောပါပဲ။ ပြီးခဲ့တဲ့ ၁၀ လတာ ကာလအတွင်းမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁.၄ သန်းအထိရှိခဲ့တာနဲ့ နှိုင်းယှဉ်ချိန်ထိုး တွေးဆနိုင်ပါတယ်။

CDC ရဲ့ လေ့လာချက်တစ်ခုမှာလည်း လူတွေအနေနဲ့ Mask တွေကို စနစ်တကျ တပ်ဆင်တာဟာ ကျန်းမာရေးအတွက်သာမက စီးပွားရေးအတွက်ပါ အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဆိုထားပါတယ်။ လူတစ်ချင်းစီက Mask တပ်ဆင်ချိန်ကို ပုံမှန်ထက် ၁၅% တိုးမြှင့်လိုက်မယ်ဆိုရင် တစ်ကမ္ဘာလုံးက စီးပွားရေး ဆုံးရှုံးမှုပမာဏထဲက ၁ ထရီလီယံကို တားဆီးနိုင်လိမ့်မယ်လို့ဆိုထားပါတယ်။

ခုလို ၁၅% ပိုမို Mask တပ်ဆင်လိုက်တာကြောင့် ရောဂါကူးနှုန်းကျဆင်းပြီး လူတွေပိုကျန်းမာလာမှာမို့ စီးပွားရေးကျဆင်းနှုန်းကို တားဆီးနိုင်မှာဖြစ်ပါတယ်။

Mask တပ်ကြတော့မယ်ဆိုရင်

Mask တွေကို စနစ်တကျတပ်ဆင်အသုံးပြုဖို့ အထက်မှာတိုက်တွန်းခဲ့ပါတယ်။ ဘာလို့လဲဆိုရင် စနစ်တကျအသုံးစွဲရင်လည်း အကျိုးမရှိနိုင်တာမို့ပါ။ ကိုယ်တင်မက ကိုယ့်ပတ်ဝန်းကျင်နဲ့ တစ်ကမ္ဘာလုံးကို ကာကွယ်စောင့်ရှောက်ပေးချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေအတိုင်း စနစ်တကျ Mask တပ်ဆင်ဖို့လိုအပ်မှာပါ။

Mask တွေ တပ်တဲ့အခါမှာ

  • အိမ်ပြင်ထွက်တော့မယ်ဆိုတာနဲ့ Mask ကိုတပ်ပါ။
  • Mask မတပ်ခင်မှာ လက်ကို ဆပ်ပြာ၊ ရေနဲ့ စက္ကန့် ၂၀ ခန့် သေချာဆေးကြောပေးဖို့ အရေးကြီးပါတယ်။
  • Mask ကို အတွင်းအပြင် မှန်ကန်စွာ တပ်ဆင်သုံးစွဲပါ။
  • Mask တပ်ပြီးတဲ့အခါ မေးစေ့၊ နှာခေါင်းကို သေချာဖုံးအုပ်ထားခြင်း ရှိ၊ မရှိ စစ်ပါ။
  • အပြင်ထွက်ပြီဆိုတာနဲ့ အကြောင်းမရှိဘဲ Mask ကို မဖြုတ်ပါနဲ့။
  • နှာခေါင်းဖော်ပြီး Mask တပ်တာမျိုး၊ Mask ကို မေးစေ့ထိ အောက်ဆွဲပြီး လျှောက်သွားတာမျိုးဟာ Mask မတပ်တာနဲ့ ဘာမှမထူးပါဘူး။
  • Mask ကို အသာလေးဟပြီး တံတွေးထွေးတာမျိုးလည်း မလုပ်ပါနဲ့။
  • Mask က ချွေးတွေနဲ့ စိုရွှဲနေပြီဆိုရင် လက်ကိုစနစ်တကျ သန့်စင်ပြီး ကိုင်တွယ် ချွတ်/တပ်လုပ်ပါ။
  • အမြဲတမ်း Mask အပို ဆောင်ထားပါ။
  • Mask ရဲ့ အပြင်ဘက်ခြမ်းဟာ ရောဂါပိုးပေါင်းစုံ၊ ဖုန်၊ သဲတွေ ကပ်နေတဲ့အတွက် လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး လုံးဝမလုပ်ပါနဲ့။
  • ကြိုးကွင်း ကနေပဲ ကိုင်တွယ် ၊ တပ်၊ ချွတ်ပါ။
  • သုံးပြီးတဲ့အခါ အမှိုက်ပုံး ထဲကို စနစ်တကျ စွန့်ပစ်ပါ။

ဒီအချက်တွေကို လိုက်နာပြီး စနစ်တကျ Mask ကိုတပ်ဆင်အသုံးပြုမယ်ဆိုရင် သင်ဟာ ကမ္ဘာ့လူသားသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်မယ့် သူရဲကောင်းတွေထဲက တစ်ဦးဖြစ်လာမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 24/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။